ယခုနှစ်အတွင်း ပြည်ပရောက် မြန်မာများထံမှ လွှဲပို့ငွေ အမေရိကန်ဒေါ်လာ (၁ ဒသမ ၅)ဘီလျံကျော် နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ထား
မျိုးကြီး (NSS) - အောက်တိုဘာ ၁၈
လက်ရှိ ၂၀၂၃ ခုနှစ် (၈)လတာကာလအတွင်း ပြည်ပရောက်မြန်မာများထံမှ လွှဲပို့ငွေ အမေရိကန်ဒေါ်လာ (၁ ဒသမ ၅)ဘီလျံကျော် နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ထားကြောင်း သတင်းရရှိသည်။
ပြည်ပရောက်မြန်မာနိုင်ငံသား အလုပ်သမားများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစ၍ သြဂုတ်လအထိ (၈)လတာကာလအတွင်း၌ အမေရိကန်ဒေါ်လာ ၁၅၇၁ သန်းကျော် ပြန်လည်လွှဲပြောင်းပေးပို့မှုရှိခဲ့ကြောင်း သိရသည်။
“ပြည်ပရောက်မြန်မာတွေရဲ့ လစာဝင်ငွေ နိုင်ငံအတွင်းဝင်ရောက်မှုမှာတော့ ၂၀၂၁ ခုနှစ်မှာ နည်းတယ်။ ၂၀၂၂ ခုနှစ်မှာလည်း နည်းတယ်လို့ပြောလို့ရတယ်။ ဒါပေမယ့် အခုနှစ်(၈)လလောက်မှာတော့ များလာတယ်။ အခုဆိုရင် အမေရိကန် ဒေါ်လာ ၁၅၇၁ သန်းကျော်လောက်ရှိပါတယ်”ဟု နစကအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ထို့ပြင် ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ်၌ ပြည်ပရောက်မြန်မာနိုင်ငံသားများထံမှ နိုင်ငံအတွင်းသို့ နိုင်ငံခြားငွေဝင်ရောက်လာမှုသည် အမေရိကန်ဒေါ်လာ ၁၇၁၃ သန်းကျော်ရှိခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ယခုနှစ်တွင် ပြည်ပရောက်မြန်မာများထံမှ နိုင်ငံခြားငွေဝင်ရောက်မှုသည် ၂၀၂၀ ပြည့်နှစ်၌ ဝင်ရောက်ခဲ့သည့် နှုန်းထက် ပြည့်မီကျော်လွန်နိုင်ကြောင်းလည်း ၎င်းက သုံးသပ်ထားသည်။
(၈)လတာကာလအတွင်း ပြည်ပရောက်မြန်မာများထံမှ နိုင်ငံခြားငွေဝင်ရောက်မှုများထဲတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများထံမှအများဆုံးရရှိခဲ့ပြီး မလေးရှား၊ ဂျပန်၊ စင်္ကာပူ နှင့် အရှေ့အလယ်ပိုင်းနိုင်ငံရောက် မြန်မာများထံမှလည်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ယခုနှစ်(၈)လတာကာလအတွင်း၌ ထိုင်းနိုင်ငံရောက် မြန်မာများထံမှ အမေရိကန်ဒေါ်လာသန်း (၅၄၀) ကျော် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ထားမှုရှိခဲ့ကြောင်း သိရသည်။
ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံခြားငွေဖြင့်ရရှိသည့်လစာဝင်ငွေများကို နိုင်ငံအတွင်းရှိ AD လိုင်စင်ရဘဏ်များသို့ လွှဲပြောင်းရောင်းချပါက အပိုဆောင်းငွေများထည့်သွင်းပေးသောအစီအစဉ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုဘဏ်က စတင်ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့ရရှိသည့် လစာဝင်ငွေကို ဘဏ်လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ တရားဝင်ပြန်လည်လွှဲပြောင်းပေးပို့ပါက လျှပ်စစ်ကား(EV) တင်သွင်းခွင့်ပါမစ်ထုတ်ပေးမည်ဟု နစကဘက်က အသိပေးထားသည်။
အခြားတစ်ဖက်တွင်လည်း ယခင်က ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုခဲ့ကို ရပ်ဆိုင်းကာ အခွန်ပြန်လည်ကောက်ခံမည့်အစီအစဉ်ကို လက်ရှိနစကအစိုးရက ပြန်လည်စတင်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ ၁၈ ရက်အတွင်းဖြစ်ပွားခဲ့သည့် သတင်းများ စုစည်းတင်ဆက်ခြင်း
RELATED POSTS
08 Nov 2024 | အထွေထွေ,ပြည်တွင်း
08 Nov 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ