နိုင်ငံတော်၏ အချုပ်အခြာအာဏာ(၃)ရပ်လုံးကို ထိန်းချုပ်ထားသော တပ်မတော်နှင့် စကားပြောဆိုရန် လိုအပ်ဟု ပဒိုရွှေမောင်းပြော
မျိုးကြီး (NSS) - အောက်တိုဘာ ၉
နိုင်ငံတော်၏ အချုပ်အခြာအာဏာ(၃)ရပ်လုံးကို ထိန်းချုပ်ထားသည့် တပ်မတော်နှင့် စကားပြောဆိုရန်လိုအပ်ကြောင်း KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌပဒိုရွှေမောင်းက NSS ကို ပြောသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး ဦးဆောင်အဖွဲ့သည် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
လက်ရှိတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို တပ်မတော်က ထိန်းချုပ်ထားသည့်သဘောဖြစ်ပြီး ပြည်သူလူထုနှင့် နိုင်ငံအတွက် ဆောင်ရွက်လိုပါက တပ်မတော်နှင့်မတွေ့ဆုံဘဲ မည်သို့မျှဆောင်ရွက်၍ မရနိုင်ကြောင်း ၎င်းက ပြောသည်။
“ဒီအာဏာသုံးရပ်စလုံးကို တပ်မတော်ကနေ ထိန်းချုပ်ထားတဲ့သဘောဖြစ်တယ်။ အဲဒီအပေါ်မှာ ကြည့်မယ်ဆိုရင် ဒီလူတွေနဲ့ ဒီနိုင်ငံအတွက် ဆောင် ရွက်လိုတဲ့လူတွေကတော့ ဒီတပ်မတော်နဲ့မတွေ့ဘဲနဲ့ ဘယ်လိုမှဆောင်ရွက်လို့ အခွင့်မသာနိုင်ပါဘူး။ ပိုမိုပြီးတော့ ဒီလိုမျိုးညှိနှိုင်းဆောင်ရွက်မှု မလုပ်ဘူးဆိုရင် ပိုပြီးတော့အလှမ်းဝေးသွားပြီး အကျိုးယုတ်သွားစေနိုင်တဲ့ အခြေ အနေမျိုးပဲဖြစ်သွားမယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တစ်ယောက်အနေနဲ့ မြင်တာကတော့ တွေ့သင့်တယ်”ဟု ပဒိုရွှေမောင်းက ပြော သည်။
လက်ရှိ တပ်မတော်သည် ယခင်ကတည်းက ရှိခဲ့သော တပ်မတော်တစ်ရပ်ဖြစ်ပြီး နိုင်ငံတော်အာဏာရယူလိုက်သည့်အတွက် တပ်မတော်အစစ်၊ နိုင်ငံ တော်တပ်မတော် မဟုတ်တော့ကြောင်း ပြောဆို၍လည်း မရကြောင်း ၎င်းက သုံးသပ်ထားသည်။
“ဒီတပ်မတော်က အရင် NLD အစိုးရလက်ထက်တုန်းကလည်း ဒီတပ်မ တော်ပဲ။ အခုလည်းပဲ အာဏာကို အခြေအနေတစ်ခုပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် ဒီနိုင်ငံရဲ့အာဏာကို ထိန်းချုပ်လိုက်ပေမယ့်လည်း ဒီတပ်မတော်က ဒီတပ်မတော်ပဲ။ ဒါကြောင့်မို့ တရားဝင်တာ၊ မဝင်တာ လူတွေရဲ့ သတ်မှတ်မှုအပေါ်မှာပဲ တည်တာကိုး။ ဒါကြောင့်မို့ ဘယ်လိုပဲဖြစ်နေဖြစ်နေ နိုင်ငံတော်ရဲ့ အချုပ်အခြာသုံးရပ်လုံးကို ထိန်းချုပ်ထားနိုင်တဲ့ အနေ အထားမျိုးမှာ ဒီတပ်မတော်နဲ့ပဲ စကားပြောဖို့လိုအပ်တယ်”ဟု ပဒိုရွှေမောင်းက ပြောသည်။
မြန်မာနိုင်ငံ၏ ကောင်းကျိုးအတွက် တပ်မတော်နှင့်ဆွေးနွေးတိုင်ပင်ကာ ရှေ့ဆက်ဆောင်ရွက်သွားမည့်အဖြေကို ရှာသင့်ကြောင်း ၎င်းက ထပ်မံအကြံပြုထားသည်။
နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး ဦးဆောင်သောအဖွဲ့တို့တွေ့ဆုံစဉ် KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌပဒိုရွှေမောင်းသည်လည်း ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ ဝေဖန်ခံရမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ခြင်းသာဖြစ်ကြောင်း ပဒိုရွှေမောင်းက ပြန်လည်တုံ့ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့တွင် ကျပ်သိန်း(၁၀၀၀)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ