နိုင်ဂျာနိုင်ငံမှာ ဖြန့်ကြတ်ချထားတဲ့တပ်ဖွဲ့ဝင်များ နဲ့ သံတမန်များကို ပြန်လည်ရုတ်သိမ်းသွားမှာဖြစ်ကြောင်း ပြင်သစ်သမ္မတ ကြေညာ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၅
ပြင်သစ်အစိုးရဟာ လာမယ့်လပိုင်းအတွင်း နိုင်ဂျာနိုင်ငံအတွင်းရှိသံတမန်တွေ နဲ့ တပ်ဖွဲ့ဝင်များကို ပြန်လည်ရုတ်သိမ်းသွားမှာဖြစ်ကြောင်း ပြင်သစ်သမ္မတမက်ခရွန်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
နိုင်ဂျာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ပြင်သစ်တပ်ဖွဲ့ဝင်တွေ ပြန်လည်ရုတ်သိမ်းဖို့ တောင်းဆိုဆန္ဒပြမှုတွေ မြင့်တက်လာခဲ့ရာ ဒီနှစ်အကုန်မှာ နိုင်ဂျာနိုင်ငံအတွင်းရှိ ပြင်သစ်တပ်ဖွဲ့ဝင် ၁၅ဝဝ ကျော် ပြန်လည်ရုတ်သိမ်းသွားတော့မှာဖြစ်ကြောင်း သိရပါတယ်။
ပြင်သစ်သမ္မတမက်ခရွန်က "ပြင်သစ်အစိုးရဟာ နိုင်ဂျာနိုင်ငံအတွင်းရှိ ပြင်သစ်တပ်ဖွဲ့ဝင် ၁၅ဝဝ ကျော် ပြန်လည် ရုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လာမယ့်ရက်ပိုင်းမှာလည်း နိုင်ဂျာနိုင်ငံအတွင်းရှိ ပြင်သစ်သံအမတ်ကြီးနဲ့ သံတမန်တွေ မိခင်နိုင်ငံကို ပြန်လာတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နိုင်ဂျာအာဏာပိုင်တွေနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အဆုံးသတ်တော့မှာပါ၊ လာမယ့်လပိုင်းအတွင်းမှာ ပြင်သစ်တပ်ဖွဲ့ဝင်တွေကို နိုင်ဂျာ နိုင်ငံကနေ ပြန်လည်ခေါ်ယူသွားမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။
နိုင်ဂျာနိုင်ငံမှာ ပြင်သစ်လိုလားတဲ့ သမ္မတ မိုဟာမက်ဘာဇွန်ဟာ ဇူလိုင်လမှာ အာဏာသိမ်းခံရပြီးနောက် နိုင်ဂျာစစ်အစိုးရဟာ နိုင်ငံအတွင်းရှိ ပြင်သစ်တပ်ဖွဲ့တွေကို ပြန်ရုတ်သိမ်းဖို့ တောင်းဆိုတိုက်တွန်းခဲ့ကြောင်း သိရပါတယ်။
နိုင်ဂျာစစ်အစိုးရဟာ အာဏာသိမ်းပြီးနောက် မကြာမီ ပြင်သစ်နိုင်ငံနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ဆိုင်းငံ့ လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ဂျာစစ်အစိုးရဟာ ၎င်းတို့ခေါ်ယူတွေ့ဆုံမှုကို ငြင်းဆန်ခဲ့တဲ့ ပြင်သစ်သံအမတ်ကြီး Sylvain Itte ကိုလည်း နိုင်ငံအတွင်းက နှင်ထုတ်ခဲ့သလို သံတမန်အဖြစ် အထူးအခွင့်အရေး ပေးမှုတွေကို ပြန်ရုတ်သိမ်းခဲ့ကြောင်း သိရပါတယ်။
အာဖရိကတိုက်မှာ မာလီ၊ ဘာကီနာဖာဆိုနိုင်ငံတို့ဟာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်မကြာမီ ပြင်သစ် နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်တန့်လိုက်ပြီးနောက် နိုင်ဂျာနိုင်ငံကလည်း ပြင်သစ်နဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေကို ရပ်တန့်လိုက်ကြောင်း သိရပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ မာလီ၊ နိုင်ဂျာ၊ ဘာကီနာဖာဆိုနိုင်ငံတို့ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
နိုင်ဂျာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ဂျီးရီးယားဦးဆောင်တဲ့ ECOWAS အဖွဲ့ဟာ နိုင်ဂျာစစ်အစိုးရကို စစ်ရေးအရ အရေးယူဆောင်ရွက်မယ်လို့ သတိပေးမှုတွေလည်းရှိနေခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ(GSI)ကို ထောက်ခံကြိုဆိုကြောင်း မြန်မာနိုင်ငံရဲချုပ်ပြော
RELATED POSTS
23 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ