KNLA ၊ PDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားသည့် လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းအား ပြန်လည်ရရှိရေး တပ်မတော် ထိုးစစ်ဆင်နေ
မြူနစ် (NSS) - သြဂုတ် ၁၆
KNLA၊ PDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားသည့် လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို ပြန်လည်ရရှိရေးအတွက် တပ်မတော်ဘက်က ထိုးစစ်ဆင်နေကြောင်းသတင်းရရှိသည်။
စစ်ရေးအရ အရေးပါသည့် လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်တွင် KNLA ၊ PDF ပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါစခန်းကုန်းကို ပြန်လည်ရရှိရေးအတွက် တပ်မတော်ဘက်က လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ထိုးစစ်ဆင်ကာ တိုက်ခိုက်လျက်ရှိကြောင်း လုံခြုံရေးအရာရှိများနှင့်နီးစပ်သော သတင်းအရင်းအမြစ်က NSS ကို အသိပေးပြောကြားထားသည်။
“စခန်းပြန်လည်ရရှိဖို့ တိုက်နေတာရှိပါတယ်။ လောလောဆယ်တော့ ပြန်မရသေးပါဘူး။ မကြာခင်မှာ စခန်းကို ပြန်ရမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစခန်းက စစ်ရေးအရ အရေးပါတဲ့စခန်းထဲမှာ ပါတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။
ထို့ပြင် KNU/KNLA ဘက်ကလည်း စစ်ရေးဗျူဟာအရ အချက်အချာကျသည့် လက်ခတ်တောင်စခန်းကုန်းကို တပ်မတော်ဘက်က လက်နက်အင်အား၊ တပ်အင်အားဖြည့်တင်းကာ နေ့စဉ်လိုလို ထိုးစစ်ဆင်နေကြောင်း ယမန်နေ့(သြဂုတ်လ ၁၅ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
လက်ခတ်တောင်စခန်းကုန်းကို KNLA၊ PDF ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် သြဂုတ်လ ၁၃ ရက်အထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုပေါင်း (၁၀)ကြိမ်နှင့်အထက်ရှိခဲ့ကြောင်း KNU ဘက်က အသိပေးထားသည်။
ထိုသို့ ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်များအတွင်း နှစ်ဖက်အကြား ထိခိုက်သေဆုံးမှုများရှိသည့်အပြင် အရပ်သားနှင့် လူနေအဆောက်အအုံများလည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
လက်ခတ်တောင်စခန်းကုန်းကို KNLA၊ PDF ပူးပေါင်းအဖွဲ့များ သိမ်းပိုက်ခဲ့စဉ် ဆက်သွယ်ရေးစက်၊ ကားမိုင်း၊ မိုင်းရှာစက်များအပါအဝင် အခြားသော လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့သည်ဟု KNU ဘက်က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံဥက္ကဋ္ဌရာထူးကို မြန်မာက စွန့်လွှတ်ပြီး ၂ဝ၂၇ ခုနှစ်မှ တာဝန်ယူမည်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ