လုပ်သားအင်အားရှားပါးလာမှုများကြောင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများကို အားပေးဖော်ဆောင်ပေးရန်လိုဟုဆို
ယွန်း (NSS) - သြဂုတ် ၁၀
ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မှုများပြားလာပြီး လုပ်သားအင်အားရှားပါးလာခြင်းကြောင့် ပြည် တွင်းအလုပ်အကိုင်အခွင့်အလမ်းများကို အားပေးဖော်ဆောင်ပေးရန် လိုအပ်ကြောင်း နစကဥက္ကဋ္ဌက တိုက်တွန်းပြောကြားထားသည်။
နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ်လ(၉)ရက်တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော တွေ့ဆုံပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အလုပ်အကိုင်နှင့်ပတ်သက်၍ ပြည်ပသို့သွားရောက်လုပ်ကိုင်မှု များပြားလျက်ရှိခြင်းကြောင့် နိုင်ငံအတွင်းရှိ အချို့နေရာဒေသများတွင် လုပ်သားအင်အားရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများကို အားပေးဖော်ဆောင်ပေးနိုင်ရန် လိုအပ်ကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
ထို့ပြင် နိုင်ငံသားများအား နိုင်ငံတွင်း၌ပင် နိုင်ငံတော်၏ အရိပ်အာဝါသအောက်၌ လုံခြုံအေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရေးကိုလည်း ကြိုးပမ်းဖော်ဆောင်ပေးရန် ၎င်းကတိုက်တွန်းပြောကြားခဲ့သည်။
ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ စိုက်ပျိုးမြေများကို ထိရောက်စွာဖြင့် အကျိုးရှိစွာအသုံးချရန်လိုအပ်ပြီး ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားရေးဘဝများ တိုး တက်အောင်ဆောင်ရွက်ပေးရန် နစကဥက္ကဋ္ဌက ပြောသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူနည်းစု၏ အကျိုးစီးပွားထက် လူအများစု၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပိုမိုအားပေးဆောင်ရွက်ရန် ၎င်းက ပြောကြားထားသည်။
လက်ရှိတွင် ပြည်ပရောက်မြန်မာရွှေ့ပြောင်းလုပ်သားအရေအတွက်သည် (၅)သန်းနီးပါးရှိနေကြောင်း သိရပြီး ၎င်းတို့အနက် (၃)သန်းကျော်သည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ထို့ပြင် မြန်မာအလုပ်သမားများသည် မလေးရှား ၊ စင်ကာပူ ၊ တရုတ် ၊ ဂျပန်၊ အာရပ်စော်ဘွားများပြည်ထောင်စု(UAE) ၊ ကာတာ နှင့် အခြား အာရှ နှင့် ဥရောပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေကြကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်း ၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်မှ ရေလုပ်သား (၄၅ဝဝဝ) ကျော်သည် ထိုင်းနိုင်ငံရှိ ငါးဖမ်းလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေကြောင်းသိရပြီး အလုပ်သမားပေါင်း (၅၁ဝဝဝ) ကျော်မှာ ထိုင်းနိုင်ငံရှိ ရေထွက်ပစ္စည်းစက်ရုံများတွင် လုပ်ကိုင်နေကြောင်း အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၀န်ကြီးချုပ်အသစ်ရွေးချယ်နိုင်ဖို့ ဖြူထိုင်းပါတီဦးဆောင်ပြီး ၉ ပါတီ ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်း
RELATED POSTS
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း
29 Sep 2024 | လူမှုရေး,ပြည်တွင်း