အိန္ဒိယမှ တင်သွင်းသည့်ဆေးဝါးများကြောင့် ကလေးငယ်ပေါင်း ၇ဝ သေဆုံးခဲ့ရဟု ဂမ်ဘီယာအစိုးရပြော
Pika (NSS) - ဇူလိုင် ၂၂
ဂမ်ဘီယာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ကျောက်ကပ်ဆိုင်ရာချို့ယွင်းမှုများကြောင့် မွေးကင်းစကလေးငယ် အနည်းဆုံး (၇ဝ)ဦး သေဆုံးမှုသည် အိန္ဒိယနိုင်ငံထံမှ တင်သွင်းထားသော ချောင်းဆိုးပျောက်ဆေးရည် လေးမျိုးတွင် တာဝန်ရှိကြောင်း ဂမ်ဘီယာအစိုးရတာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ပြောခဲ့သည်။
ဂမ်ဘီယာကျန်းမာရေးဝန်ကြီးဒေါက်တာ Ahmadou Lamin Samateh က နိုင်ငံတွင်းသို့ တင်သွင်းသော ဆေးဝါးများ၏ စည်းမျည်းစည်းကမ်းများနှင့် တင်သွင်းမှုများနှင့်ပတ်သက်ပြီး စစ်ဆေးမှုများတွင် ပျက်ကွက်မှုများ ရှိနေခြင်းတို့ကို ဝေဖန်ခဲ့ပြီး ပြည်ပသွင်းကုန်များကို ဂမ်ဘီယာ၏ဆေးဘက်ဆိုင်ရာထိန်းချုပ်ရေးအေဂျင်စီ (MCA) တွင် စာရင်းတင်သွင်းထားခြင်းမျိုး မရှိခြင်းတို့ကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အဖြစ်အပျက်များကြောင့် MCA အကြီးအကဲကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်းနှင့် လုံလောက်သည့် စစ်ဆေးမှုများမရှိဘဲ ဆေးဝါးတင်သွင်းခွင့်ကို ခွင့်ပြုပေးခဲ့သည့် ဆေးဝါးဆိုင်ရာကြီးကြပ်ရေးမှူးကို ပြစ်တင်ပြောဆို မှုများရှိခဲ့ကြောင်း ဝန်ကြီး Ahmadou Lamin Samateh က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်စက်တင်ဘာလက စတင်ပြီး ဂမ်ဘီယာနိုင်ငံတွင် ချောင်းဆိုးပျောက်ဆေးရည် နှင့် အအေးမိဖျားနာ ပျောက်ဆေးမျာားကြောင့် မွေးကင်းစကလေးငယ် အနည်းဆုံး(၇ဝ)ဦး သေဆုံးပြီးနောက် အိန္ဒိယဓါတ်ခွဲခန်း Maiden Pharmaceuticals မှ ထုတ်လုပ်သည့် ထုတ်ကုန်အားလုံးကို ပြန်လည်သိမ်းဆည်းရန် ဂမ်ဘီယာအစိုးရက အမိန့်ပေးခဲ့ကြောင်း သိရသည်။
နောက်ပိုင်းတွင် ဂမ်ဘီယာအစိုးရသည် အိန္ဒိယဆေးဝါကုမ္ပဏီမှ ထုတ်ကုန်များအားလုံး တင်သွင်းခွင့်ကို ပိတ်ပင်ခဲ့ ကြောင်း သိရသည်။ ဓါတ်ခွဲခန်းစစ်ဆေးမှုများအရ အိန္ဒိယထံမှ တင်သွင်းထားသော ချောင်းဆိုးပျောက်ဆေးရည်များ တွင် diethylene glycol နှင့် ethylene glycol ပမာဏ အများအပြား ပါဝင်နေသည်ကို တွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့သည်။
အဆိုပါ ပါဝင်ပစ္စည်းများသည် သေဆုံးသည်အထိ ဖြစ်စေနိုင်သော ကျောက်ကပ်ရောဂါကို ဖြစ်ပွားစေကြောင်း (WHO) က ပြောကြားခဲ့သည်။ ဂမ်ဘီယာအစိုးရသည် နိုင်ငံတွင်းသို့ တင်သွင်းလာသော ဆေးဝါးအားလုံးကို စစ်ဆေး ရန်အတွက် ဓါတ်ခွဲခန်းတစ်ခုကို တည်ဆောက်ရန် လိုအပ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြု ပြောခဲ့သည်။
ထို့အပြင် နိုင်ငံတွင်းတွင် ဆေးခန်းများပိုမိုဖွင့်လှစ်ခြင်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာတင်းကျပ်သော စည်းမျဉ်းများ အပါအဝင် နိုင်ငံ၏ ဆေးဘက်ဆိုင်ရာစနစ်ကိုမြှင့်တင်ရန်လည်း လိုအပ်ကြောင်း Ahmadou Lamin Samateh က ပြောကြားခဲ့သည်။ သေဆုံးသူများအတွက် လျော်ကြေးငွေရရန်အတွက် အန္တရာယ်မကင်းသော ဆေးဝါးများ ထုတ်လုပ်သည့် အိန္ဒိယကို တရားဥပဒေအရ အရေးယူရန် ဆက်လက်လုပ်ဆောင်နေကြောင်း ဂမ်ဘီယာအစိုးရ က ပြောကြားခဲ့သည်။
အဆိုပါအဖြစ်အပျက်များကြောင့် အိန္ဒိယအစိုးရသည် ဆေးဝါးများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ခုပြုလုပ် ပြီးနောက် Maiden Pharmaceuticals စက်ရုံကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ပိတ်ပစ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပနိုင်ငံများမှ ဓာတ်မြေဩဇာ တန်ချိန် ၁ သိန်းခွဲခန့်တင်သွင်းထား
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ