ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့သော ထိုင်းနိုင်ငံခြားရေးဝန်ကြီး နှင့် နစကဝန်ကြီး ဦးသန်းဆွေတို့ ထိုင်းနိုင်ငံ၌ ထပ်မံတွေ့ဆုံ
မျိုးကြီး (NSS) - ဇူလိုင် ၁၇
ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့သော ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်(ဒ်)ဝီနိုင်း နှင့် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့သည် ထိုင်းနိုင်ငံ၌ ထပ်မံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် (၁၂)ကြိမ်မြောက် မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိလျက်ရှိသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ယမန်နေ့(ဇူလိုင်လ ၁၆ ရက်) တွင် ဝန်ကြီးဦးသန်းဆွေသည် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်(ဒ်)ဝီနိုင်းနှင့်လည်း သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက် ဆံရေး ပိုမိုတိုးမြှင့်ခိုင်မာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးတို့ကို နှစ်ဖက်အကြား ဆွေးနွေးခဲ့ကြောင်း နစကမှ အသိပေးထားသည်။
ထို့ပြင် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များကိုလည်း ဝန်ကြီးဦးသန်းဆွေနှင့် ဝန်ကြီး ဒွန်ပရာမွတ်(ဒ်)ဝီနိုင်းတို့အကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် (၅၃)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမတိုင်ခင် ဇူလိုင်လ(၉)ရက်ကလည်း အကျဉ်းကျနေသော ဒေါ်အောင်ဆန်းစုကြည်ထံသို့ လာရောက်ကာ တွေ့ဆုံဆွေးနွေးခဲ့သည်။
“ကျွန်တော်တို့ ထိုင်းနိုင်ငံရဲ့ ဒုတိယ ဝန်ကြီးချုပ် နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Don Pramudwinai ကတော့ မြန်မာနိုင်ငံကို တနင်္ဂနွေ ၉ ရက်နေ့မှာ ရောက်ရှိလာတာရှိပါတယ်။ နိုင်ငံတကာ သတင်းတွေမှာဖော်ပြနေသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း တွေ့ဆုံခဲ့တာရှိပါတယ်။ နှစ်ယောက်ချင်း တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ တွေ့ဆုံချိန်ကတော့ တစ်နာရီခွဲနီးပါးလောက် ကြာပါတယ်။ နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ် တွေ့ဆုံတာဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် တွေ့ဆုံတဲ့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့လည်း ဆွေးနွေးချင်တဲ့အချက်များကို လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့ပါတယ်။ နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့တာဖြစ်တဲ့အတွက် ဆွေးနွေးချက်ကိုတော့ ကျွန်တော်တို့ အသေးစိတ်မသိရှိပါဘူး” ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းလည်း နစကဘက်က အတည်ပြုထားသည်။
ထိုသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံပြီးနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် NUG၊ PDF အဖွဲ့များကို အသိအမှတ်မပြုကြောင်းနှင့် မထောက်ခံကြောင်း ပြောဆိုခဲ့သည်ဟုလည်း သတင်းပျံ့နှံမှုများရှိနေသည်။
လက်ရှိတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ အချုပ်ထောင်၌ ထောင်ဒဏ် (၃၃)နှစ် ပြစ်ဒဏ်ကျခံနေရလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုက်ထိုမြို့နယ်တွင် အသက်(၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး နွားကျောင်းနေစဉ် မိုင်းနင်းမိ၍သေဆုံး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ