ယူကရိန်းက ရှေ့တန်းစစ်မြေမျက်နှာပြင်တွင် စက်ရုပ်ခွေးများကို အသုံးပြုသွားမည်
Pika (NSS) - ဩဂုတ် ၁၂
ယူကရိန်းသည် ရှေ့တန်းစစ်မြေမျက်နှာပြင်ရှိ ရုရှားကတုတ်ကျင်းများကို ထောက်လှမ်းခြင်း သို့မဟုတ် မိုင်းရှာဖွေခြင်းတို့ကဲ့သို့သော အန္တရာယ်ရှိသော မစ်ရှင်များအတွက် စစ်သားများနေရာတွင် စက်ရုပ်ခွေးများကို မကြာမီအချိန်အတွင်း အစားထိုးကာအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
မော်ဒယ် 'BAD One' အဖြစ် လူသိများသော စက်ရုပ်ခွေးသည် ၎င်း၏အော်ပရေတာက အမိန့်ပေးသည့်အတိုင်း ပြေးခြင်း၊ တွားသွားခြင်း၊ ခုန် ခြင်းစသည်တို့ကို လုပ်ဆောင်နိုင်ကြောင်း သိရသည်။ ပေါ့ပါးကာသွက်လက်သော စက်ရုပ်ခွေးများသည် ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုများကို ခုခံတိုက်ခိုက် နေသည့် လူအင်အားနည်းပါးနေပြီဖြစ်သော ယူကရိန်းစစ်တပ်အတွက် အဖိုးမဖြတ်နိုင်သော ရှေ့တန်းစက်ပစ္စည်းကိရိယာများဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ၎င်း၏ထုတ်လုပ်သူက ပြောကြားခဲ့သည်။ အဆိုပါစက်ရုပ်ခွေးများသည် တိုက်ခိုက်ရေး ဇုန်အတွင်းတွင်ရှိသော အဆောက်အအုံများ၏ အတွင်းပိုင်း သို့မဟုတ် ရန်သူများ၏ ကတုတ်ကျင်းများကို စစ်ဆေးရန်အတွက် အပူအာရုံခံစနစ်ကို အသုံးပြုနိုင် ကြောင်းလည်း သိရသည်။
ယူရီဟုခေါ်သော အော်ပရေတာတစ်ဦးက 'ထောက်လှမ်းရေးမစ်ရှင်တွေအတွက် စေလွှတ်ခံရတဲ့ ကင်းထောက်တပ်သားတွေဟာ လေ့ကျင့်မှုအများအပြား လုပ်ဆောင်ထားတဲ့လူတွေ၊ အတွေ့အကြုံရှိတဲ့လူမျိုးတွေသာဖြစ်ပြီး သူတို့တွေဟာ အန္တရာယ်နဲ့ အမြဲတမ်းထိပ်တိုက်ရင်ဆိုင်နေရတာပါ။ ဒီစက်ရုပ်ခွေးတွေဟာ ကင်းထောက်တပ်သားတွေရင်ဆိုင်နေရတဲ့ အန္တရာယ်တွေကို လျှော့ချပေးနိုင်ပြီး စစ်ဆင်ရေး စွမ်းရည်တွေကို တိုးမြင့်လာစေပါလိမ့်မယ်။ ဒါက ဒီစက်ရုပ်ခွေးရဲ့ အဓိကလုပ်ဆောင်ချက်ပါပဲ'ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း လုံခြုံရေးအကြောင်းပြချက်များကြောင့် 'BAD One' ဟုလူသိများသော ပိုပြီးအဆင့်မြင့်သည့်မော်ဒယ်ကို ထုတ်ပြန်ပြသ၍ မရကြောင်းလည်း သိရသည်။
အဆိုပါစက်ရုပ်ခွေးများတွင်အသုံးပြုသည့် စက်ပစ္စည်းတွင် အချိန်(၂) နာရီဝန်းကျင်ခန့် ပါဝါပေးနိုင်သော ဘက်ထရီပါရှိကြောင်းလည်းသိရသည်။ ထို့ပြင် အဆိုပါစက်ရုပ်ခွေးများကို စစ်မြေပြင်အတွင်း ခဲယမ်း မီးကျည် သို့မဟုတ် ဆေးဝါးများ (၇)ကီလိုဂရမ်အထိ သယ်ဆောင်ရန် အသုံးပြုနိုင်ကြောင်းလည်းသိရသည်။
ယူရီက 'ယူကရိန်းမှာ ဒီစက်ရုပ်ခွေးတွေကို ဘယ်လောက်အထိ ဖြန့်ကြက်ချထားပြီးပြီလဲဆိုတာတော့ ကျွန်တော်မပြောတတ်ပါဘူး။ ဒီစက် ရုပ်ခွေးတွေ ဖြန့်ကြက်ချထားမှုက ယူကရိန်းစစ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ စစ်ဆင်ရေးတွေကို သိသိသာသာတိုးမြင့်လာစေမှာပါ'ဟုပြောဆိုခဲ့သည်။ အဆိုပါစက်ရုပ်ခွေးများ ရုရှားတပ်ဖွဲ့များ၏ လက်အတွင်းသို့ ကျရောက်သွားခဲ့မည်ဆိုလျှင်တောင် ၎င်း၏ဒေတာအချက်အလက်များအားလုံးကို အော်ပရေတာက ဖျက်ပစ်နိုင်သည့် အရေးပေါ်စနစ်တစ်ခုပါ ရှိကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးမှဖြုတ်ချခံရခြင်းနောက် ကွယ်တွင် အနောက်အုပ်စု အဓိက ပါဝင်ပတ်သက်နေ
RELATED POSTS
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ
28 Oct 2024 | နည်းပညာ,နိုင်ငံတကာ