နောက်ပိုင်းစာပေဟောပြောပွဲများသည် နိုင်ငံရေးစင်မြင့်ဖြစ်လာခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ရှုထောင့်ဖြင့် လုပ်ဆောင်သင့်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌပြော
မြူနစ် (NSS) - ဧပြီ ၂၁
နောက်ပိုင်း စာပေဟောပြောပွဲများသည် နိုင်ငံရေးစင်မြင့်ဖြစ်လာခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ရှုထောင့်ဖြင့် လုပ်ဆောင်သင့်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက ပြောသည်။
ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက ယနေ့(ဧပြီ ၂၁ ရက်)တွင် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့၌ ကျင်းပသည့် နိုင်ငံတော်၊ နိုင်ငံသားနှင့် နိုင်ငံ့အရေးဟောပြောဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
လတ်တလောကောလ၌ ဦးကိုကိုကြီးအနေဖြင့် နိုင်ငံရေးဟောပြောပွဲများကို ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် နှင့် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တို့တွင် ပြုလုပ်ထားသည်။
“ကျွန်တော့် မိသားစု၊ နီးစပ်ရာကဆိုရင် ပြောတယ်၊ စိုးရိမ်တယ်။ ဒီအချိန်ကြီးမှာ ဟောပြောပွဲလုပ်တယ်။ အန္တရာယ်ဖြစ်ရင် ဘယ်လိုလုပ်မလဲလို့။ ဖြစ်ချင်လဲဖြစ်ပေါ့။ ကျွန်တော် မသေလို့ ထွက်လာတာ ထောင်ထဲမှာ သေပေါက်၊ သေကွင်းတွေ အများကြီး။ လမ်းပေါ်ဆန္ဒပြတုန်းက လည်း သေပေါက်၊ သေကွင်းတွေ အများကြီး။ ကိုယ့်ဘေးနားမှာ ကိုယ့်လက်ပေါ်မှာ သေသွားတဲ့သူတွေလည်း အများကြီး။ ဒီအသက်ဒီအရွယ်ရောက်မှတော့ ကိုယ့်ယုံကြည်ရာ ကိုယ်လုပ်မယ်။ အဲဒီအတွက် ရင်ဆိုင်မယ်။ ကျွန်တော် ဒီပိုင်းဖြတ်မှုနဲ့ ဆက်လုပ်နေတာ။ နောက်ပွဲတွေ ဖိတ်ရင်လည်း ကျွန်တော် ဆက်လိုက်မယ်” ဟု ဦးကိုကိုကြီးက ဖွင့်ဟပြောဆိုခဲ့သည်။
ထို့ပြင် ၎င်းက ယခင်တုန်းက ကျင်းပခဲ့သော စာပေဟောပြောပွဲများသည် အနှစ်သာရရှိပြီး ဆရာကြီးဦးအောင်သင်း၊ ဆရာကြီးမြသန်းတင့်တို့၏ စာပေများသည် အနုပညာမြောက်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ပြုလုပ်သည့် စာပေဟောပြောပွဲများမှာ နိုင်ငံရေးစင်မြင့်ဖြစ်လာခဲ့ပြီး နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှုထောင့်ဖြင့် လုပ်ဆောင်ပါက ကောင်းမွန်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌက ဆိုသည်။
“ဒီလိုပွဲတွေကို အရင်တုန်းက ကျွန်တော် စာပေဟောပြောပွဲခေါင်းစဉ်နဲ့ လိုက်ခဲ့ဖူးတယ်။ ပြီးခဲ့တဲ့ကာလ စာပေပြောဟောပွဲတွေမှာ ကျွန်တော်တို့ ငယ်ငယ်တုန်းက လွမ်းမောဖွယ်စာပေဟောပြောပွဲတွေနဲ့ တော်တော်ကွာသွားတယ်။ ဟိုတုန်းက တကယ့်ကို အနှစ်သာရရှိတယ်။ ကျွန်တော်တို့ တစ်မေ့တစ်မောနားထောင်ရတယ်။ ဆရာအောင်သင်းတို့၊ ဆရာမြသန်းတင့်တို့၊ မောင်ကိုယုတို့၊ မောင်သော်ကတို့ စာရေးဆရာကြီးတွေ တကယ်အနုပညာမြောက်တယ်။ နောက်ပိုင်းကျတော့ စာပေဟောပြောပွဲမှာ နိုင်ငံရေးစင်မြင့်ဖြစ်လာတယ်။ နိုင်ငံရေးစင်မြင့်ဖြစ်လည်း ကျွန်တော်တို့က နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး၊ ပြန်လည်တည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှုထောင့်နဲ့လုပ်နေရင်တော့ ကောင်းတယ်။ မဟုတ်ဘဲ နဲ့ အကွဲတွေကို ပိုကွဲသထက်ကွဲအောင်၊ ကြီးသထက်ကြီးအောင် လုပ်လာတဲ့အခါကြရင်တော့ လူထုကြားထဲမှာပါ အတွေး အမြင်သဘောထားတွေပါ ပြောင်းလာတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် နိုင်ငံအတွက် အရေးတကြီးလိုအပ်နေသော အရာတစ်ခုဖြစ်ကြောင်း လည်း နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုမှုများရှိနေ သည်။ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ရာတွင် လက်ရှိ စစ်တပ်ကို ပစ်ပယ်၍ မရကြောင်းနှင့် အားလုံးပူးပေါင်းကာ ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုက်ထိုမြို့နယ်တွင် သစ်တင်ကားတစ်စီးဘရိတ်ပေါက်၍ နေအိမ်ခြံဝန်းအတွင်းရှိ သစ်ပင်ကို ဝင်ရောက်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး
RELATED POSTS
08 Nov 2024 | အထွေထွေ,ပြည်တွင်း
08 Nov 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ