လောက်ကိုင်မှ နေရပ်သို့ပြန်လာနေစဉ် ဖမ်းဆီးခံရသည့်လူငယ်များနှင့်ပတ်သက်၍ MNDAA ကို စာပို့ထားခဲ့ရာ တစ်လကျော်သည်အထိ သတင်းမရသောကြောင့် စိုးရိမ်နေကြ
သုတကျော် (NSS) - မတ် ၁၅
မြောက်ပိုင်းသုံးဖွဲ့က စတင်ခဲ့သည့် “၁၀၂၇” စစ်ဆင်ရေးကာလအတွင်း လောက်ကိုင်မှ နေရပ်သို့ ပြန်လာနေစဉ် ဖမ်းဆီးခံရသည့် တအာင်းလူငယ်များ အပါအဝင် အခြားလူငယ်များအရေးများနှင့်ပတ်သက်၍ MNDAA ကို စာပို့ရာ အကြောင်းပြန်မည်ဆိုသော်လည်း တစ်လကျော်သည်အထိ သတင်းမရသောကြောင့် စိုးရိမ်မှုများဖြစ်နေကြောင်း တအာင်းအမျိုးသမီးအဖွဲ့ (TWO) မှ တာဝန်ရှိသူတစ်ဦးက The Statesman ဂျာနယ်သို့ ပြောသည်။
တအာင်းအမျိုးသမီးအဖွဲ့ (TWO)၊ တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့ (TSYU) နှင့် တအာင်း ဥပဒေ အထောက်အကူပြုအဖွဲ့တို့က ပူးပေါင်းကာ MNDAA ထံသို့ ဖမ်းဆီးခံထားရသည့် လူငယ်များ ပြန်လွှတ်ပေးရန် ဇန်နဝါရီလ ၃၁ ရက်တွင် အိတ်ပိတ်စာ ပေးပို့ခဲ့သော်လည်း အကြောင်းပြန်မည်ဟု ဆိုကာ တစ်လကျော်ကြာသည် အထိ အကြောင်းမပြန်သေးသည့် အပေါ် MNDAA တပ်ဖွဲ့၏ တာဝန်ရှိ ခေါင်းဆောင်များမှ သဘောထားကြီးစွာဖြင့် ပြန်လည်လွှတ်ရန် အထက်ပါ တအာင်းအရပ်ဖက်အဖွဲ့အစည်းများက မတ်လ ၁၄ ရက်တွင် ထပ်မံ တောင်းဆိုခဲ့ သည်။
အဆိုပါ အိတ်ပိတ်စာတွင် ဖော်ပြထားချက်အရ အထက်ပါလူငယ်ငယ်များ နေရပ်သို့ပြန်လာစဉ် ဆယ်တန်၊ ချင်းရွှေဟော်၊ တုံချိန်၊ ပါစင်ကျော်၊ နမ့်တိန်၊ နမ့်တစ် စသည့် MNDAA စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကာ အဖမ်းခံရသူများမှာ တအာင်းတိုင်းရင်းသားလူမျိုး နှင့် အခြားတိုင်းရင်းသားများ အပါအဝင် အမျိုးသား ၁၂၆ ဦး နှင့် အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၁၅၄ ဦး ဖြစ်ကြောင်း သိရသည်။
“အကြောင်းပြန်တာက အခုချိန်အထိ မရှိသေးပါဘူး။ အိတ်ပိတ်စာ ပို့တုန်းက သူတို့ဘက်ကနေပြီး အကြောင်း ပြန်မယ်ဆိုပြီး စောင့်ခိုင်းတာ တစ်လကျော်လောက် ရှိပြီ။ အခုအချိန်အထိ ပြန်လည်တုံံ့ပြန်တာ၊ ဖြေကြားပေးတာ မျိုး တစ်ခုမှ မရှိသေးပါဘူး။ ကျွန်မတို့မှာက စိုးရိမ်မှုရှိပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
ကြားရသောသတင်းများအရ အချို့မှာ စစ်သင်တန်းတက်နေရသည်ဟု ဆိုပြီး အချို့မှာ MNDAA စစ်သားအဖြစ် ထမ်းဆောင်နေရသည်ဟုလည်း ကြားရကြောင်း ၎င်းက ဆိုသည်။
“ကျွန်မတို့ စိုးရိမ်တာက တချို့သော သူတွေက စစ်မြေပြင်မှာ ရောက်ရှိပြီး အသက်အန္တရာယ်ရှိတဲ့အနေအထား ဖြစ်တယ်။ နှစ်ဦး၊ သုံးဦးက ထွက်ပြေးလွတ်မြောက်လာတာ ရှိတယ်။ ဒီလိုမျိုးထွက်ပြေးဖို့ ကြိုးစားရင်းနဲ့ အန္တရာယ်ရှိတဲ့အခြေအနေကိုလည်း စိုးရိမ်နေရတဲ့အနေအထား ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗန်းမော်လေဆိပ်တွင် လေယာဉ် အတက်၊ အဆင်း ပြန်လည်ပြုလုပ်ခဲ့ကာ အစားထိုး လေကြောင်းခရီးစဉ်များလည်း ပါဝင်ခဲ့
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ