ခြံအမှတ်(၅၄) လေလံတင်မည့်ကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ကြိုတင်သိရှိခဲ့ပြီးနောက် မှတ်ချက်မပြု
Iris (NSS) - ဖေဖော်ဝါရီ ၁၃
ဒေါ်လာသန်း(၉၀)ခန့်ဖြင့် ဈေးသတ်မှတ်၍ လေလံတင်မည်ဖြစ်သော တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ခြံအမှတ် (၅၄)ကိစ္စကို နေထိုင်ခဲ့ဖူးသူ ဒေါ်အောင်ဆန်းစုကြည်က သိရှိထားပြီးဖြစ်ကာ မည်သည့်မှတ်ချက်မှ မပေးကြောင်း ရှေ့နေအသိုင်းအဝိုင်းထံမှ သတင်းရရှိ သည်။
ဒေါ်ခင်ကြည် အမည်ပေါက်ဖြင့် အကျယ်အဝန်း နှစ်ဧကနီးပါးရှိသော အဆိုပါမြေကွက်ကို လေလံတင်မည့်ကိစ္စမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၅)ရက်၌ သတင်းဌာနများထံ စတင်ပေါက်ကြားလာခဲ့ပြီး နောက်ဆက်တွဲ ဆိုးရွားသော ဂယက်များလည်း ထွက်ပေါ်လာနေသည်ကို တွေ့နေရသည်။ အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ဖူးသော နေအိမ်ဖြစ်သည့်အတွက် လေလံတင်မည့်ကိစ္စသည် ဥပဒေ ကြောင်းအရ တရားဝင်မှုရှိ-မရှိ နှင့် ကာယကံရှင်များ သိရှိလက်ခံခြင်း ရှိမရှိဆိုသောမေးခွန်းများလည်း ထွက်ပေါ် ခဲ့ခြင်းဖြစ်သည်။
“ရုံးချိန်းက နှစ်လကျော်သွားတယ်လေ။ နှစ်ပတ်စီ ချိန်းဆိုခဲ့တာ အားလုံးပေါင်း လေးချိန်းရှိခဲ့တယ်။ ရုံးချိန်းတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဆီကို စာနဲ့ရေးသားပြီး ရှေ့နေတွေက အကြောင်းကြားပေးတယ်။ လေလံ ကြမ်းခင်းဈေး ဒီလောက်နဲ့ ဖြတ်မယ်ဆိုတာကိုလည်း ပေးသိခဲ့တယ်။ သူ (ဒေါ်အောင်ဆန်းစုကြည်) သိပြီးသားပါ။ အဲဒီအပေါ်မှာ သူက ဘာမှမပြောဘူး။ သိတာက သိတယ်” ဟု အမှုနှင့် ဆက်စပ်သော ရှေ့နေသတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
အထူးသဖြင့် ပြည်ပြေးသတင်းဌာနများထံ တရားရုံးစာရွက်သတင်းပေါက်ကြားခဲ့မှုနှင့်သက်ဆိုင်သူ ရှေ့နေများက လည်း အတည်ပြုထားခြင်းမျိုးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံသို့ အမှုလိုက်ရှေ့နေများက တရားဝင်အသိပေးထားပြီး ဖြစ် ကြောင်းလည်း သိရသည်။ ပြည်ပြေးသတင်းဌာနများ ထံသို့ ပေါက်ကြားသွားခဲ့သော တရားရုံး အမိန့်စာ စာရွက်တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မြေ တိုင်းရပ်ကွက် အမှတ် ၃၆ ၊ ဧရိယာ (၁ ဒသမ ၉၂၃ ဧက) ရှိ မြေကွက်ကြီးနှင့် မြေပေါ်ရှိ အဆောက်အအုံများ အပါအဝင် အားလုံးကို လေလံ တင်ရောင်းချနိုင်ရန်အတွက် သတင်းစာကြော်ငြာထည့်သွင်းနိုင်ရန် လေလံကြမ်းခင်း ဈေး တင်သွင်း အပ်ပါသည်ဟု ဖော်ပြပါရှိသည်။
လေလံ ကြမ်းခင်းဈေးမှာ မြန်မာငွေကျပ် သိန်းပေါင်း သုံးသန်း တစ်သိန်း ငါးသောင်းတိတိ (၃၁၅,ဝဝဝ,ဝဝဝ,ဝဝဝ) ဟူ၍ ဖော်ပြထားပြီး အမေရိကန်ဒေါ်လာသန်း(၉၀)ခန့် တန်ကြေးရှိသည်ဟု တွက်ချက်ထားကြောင်းလည်း သိရသည်။ ဇန်နဝါရီလ (၂)ရက် ရက်စွဲဖြင့် တရားရုံးက ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းထုတ်ပြန်ချက်ကို အသုံးချ၍ ကိုယ်ကျိုးရှာသူများက ပြည်ပြေးမီဒီယာများထံ သတင်းပေါက်ကြားမှုများ ဖြစ်စေခဲ့သည့်အတွက် လူ့အသိုင်း အဝိုင်းအတွင်း၌ ဆိုးရွားလွန်းလှသော ခြိမ်းခြောက်သတ်ဖြတ်ရန် လှုံ့ဆော်မှုများကို NLD ထောက်ခံသူများဘက်မှ ဖေ့စ်ဘွတ်ခ်နှင့် ဆိုရှယ်မီဒီယာ ကွန်ရက်များတွင် ရေးသားဖော်ပြနေကြသည်ကို တွေ့ရသည်။
၂၀၂၄ ခုနှစ် မတ်လ(၂၀)ရက်တွင် လေလံတင်မည်ဟု အသိပေးကြေညာထားသော အဆိုပါ တက္ကသိုလ်ရိပ်သာ လမ်းပေါ်ရှိ ခြံအမှတ်(၅၄)သည် မြန်မာ့အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်က အမည်ပေါက်ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ ဇနီးမောင်နှံတွင် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ဟုသော သက်ရှိထင်ရှား ရှိနေသေးသူ သားသမီးနှစ်ဦးက မိဘအမွေအဖြစ် ဥပဒေရ ခွဲဝေပိုင်ဆိုင်ခွင့် ရှိနေသည်။ နှစ်ဧကနီးပါး ကျယ်ဝန်းသော အဆိုပါခြံနှင့်အိမ်ကြီးတွင် ဦးအောင်ဆန်းဦးက လွန်ခဲ့သောနှစ်(၃၀)ထက်မနည်းသည့်ကာလ အတွင်း၌ နေထိုင်ခွင့် အလျှင်းမရရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်ကသာလျှင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မဖြစ်ခင် အထိ သိမ်းပိုက်နေထိုင်ခဲ့သည်ကို တွေ့ရသည်။
မြန်မာမှု မိသားစုဆိုင်ရာသတ်မှတ်ချက်များအရ ဖြစ်စေ၊ တည်ဆဲ တရားဝင်ဥပဒေများအရဖြစ်စေ ဦးအောင်ဆန်းဦး က မိဘများချန်ရစ်ခဲ့သောအမွေကို ခွဲဝေဆက်ခံပိုင်ခွင့်ရှိသည့်အတွက် ထုခွဲရောင်းချ၍ အမွေရပိုင်ခွင့်ပေးပါရန် တောင်းဆိုခွင့်ရှိကြောင်းလည်း ဥပဒေပညာရှင်များက အတည်ပြုသည်။
ယင်းအတွက်ကြောင့် တရားမျှတမှုအကြောင်းကို လူထုထံကိုယ်စားပြုပြောဆိုလေ့ရှိသော ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံတော်အကြီးအကဲဖြစ်ခဲ့စဉ်ကာလအထိ ဦးအောင်ဆန်းဦးဘက်က ဥပဒေကြောင်းမှ အမွေခွဲဝေခွင့် တောင်းဆိုမှုများ လုပ်ခဲ့ဖူးကြောင်းလည်း သိရသည်။ သို့သော်လည်း တရားမျှတမှုအ ကြောင်း အစဉ်တစိုက် လှုံ့ဆော်ပြောဆိုခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ဘက်က ၎င်း၏နိုင်ငံတော်အတိုင်ပင်ခံရာထူး ရပ်ဆိုင်းသွားသည့် ကာလတိုင်အောင်ပင်လျှင် မည်သည့် အမွေခွဲဝေပေးမှုကိုပင် မလုပ်ခဲ့ကြောင်းလည်း တရားခွင်ဖြစ်စဉ်များအရ သိရသည်။
လက်ရှိအချိန်တွင် နေပြည်တော်အကျဉ်းထောင်အတွင်းသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကလည်း ကိုယ်စားလှယ်ရှေ့နေများမှတစ်ဆင့် ဦးအောင်ဆန်းဦး၏ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ ဦးတိုက် လျှောက်ထားမှုကို နှစ်လတိုင်တိုင် တရား ခွင်ဖြတ်သန်း၍ အတည်ပြုဆုံးဖြတ်မှုခံယူပြီး ဖြစ်သည့် အတွက် လေလံတင် ရောင်းချရေးကိစ္စမှာ တရားဝင်အ တည်ဖြစ်ပေါ်လာပြီဟု ဆိုနိုင်သည်။ ယင်းအတွက်ကြောင့် လေလံတင် ရောင်းချရေးလုပ်ငန်းစဉ်မှာ မတ်လ(၂၀) ရက်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်အတွင်း၌ ဖြစ်ပေါ် လာမည်ဖြစ်ပြီး လေလံတင်မှု အကြိမ်ကြိမ် မအောင်မြင်ပါက ယခုထက်လျော့နည်းသော ဈေးနှုန်းဖြင့်သာ ရောင်းချသွားရနိုင်ခြေရှိနေကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကျဉ်းကျနေသော ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် လာမည့်ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြန်လွတ်မြောက်မည်
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ