ယူကရိန်းလေယာဉ်မှူးများ၏ လေ့ကျင့်ရေးအစီအစဉ်အတွက် F-16 တိုက်လေယာဉ်များကို ပေးပို့ခဲ့ကြောင်း နော်ဝေးအစိုးရပြော
Pika (NSS) - ဇန်နဝါရီ ၇
ယူကရိန်းလေယာဉ်မှူးများ၏ လေ့ကျင့်ရေးအစီအစဉ်များကို ကူညီရန်အတွက် နော်ဝေးနိုင်ငံမှ ပို့လိုက်သော F-16 တိုက်လေယာဉ်များသည် ဒိန်းမတ်နိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း နော်ဝေးစစ်တပ်က ထုတ်ပြန်ကြေညာခဲ့သည်။
နော်ဝေးနိုင်ငံသည် အဆိုပါရည်ရွယ်ချက်အတွက် တိုက်လေယာဉ်နှစ်စီးနှင့် လေ့ကျင့်သင်ကြားပေးမည့် ဆရာ(၁ဝ) ဦးတို့ကို ဒိန်းမတ်နိုင်ငံရှိ Skydstrup လေတပ်အခြေစိုက်စခန်းသို့ ပေးပို့ပေးသွားမည်ဖြစ်ကြောင်း ယခုသီတင်းပတ် အစောပိုင်းတွင် နော်ဝေးမီဒီယာများက ဖော်ပြခဲ့သည်။
လာမည့်နှစ်များအတွင်း နော်ဝေးနိုင်ငံသည် ဒိန်းမတ်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံနိုင်ငံတို့နှင့်အတူ ယူကရိန်းသို့ စစ်လေယာဉ်များ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကတိပြုထားကြောင်းလည်း သိရသည်။ သို့သော်လည်း နော်ဝေးနိုင်ငံက ယူကရိန်းသို့ပေးပို့မည့် စစ်လေယာဉ်အရေအတွက် အတိအကျကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း သိရသည်။
ယူကရိန်းသို့ အနောက်အုပ်စုထုတ်တိုက်လေယာဉ်များ ပေးပို့ပေးရန် တုံ့ဆိုင်းနေသော အမေရိကန်သည် အခြားနိုင်ငံများမှ ယူကရိန်းသို့ တိုက်လေယာဉ်များ လွှဲပြောင်းပေးမှုကို အတည်ပြုပေးရန် အဆင်သင့်ဖြစ်နေပြီဖြစ် ကြောင်း ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ထုတ်ဖော်ပြောခဲ့သည်။ သို့သော်လည်း ယူကရိန်းလေယာဉ်မှူးများ၏ လေ့ကျင့်ရေးအစီအစဉ်များ ပြီးဆုံးမှသာ အဆိုပါအတည်ပြုချက်များရှိလာမည်ဖြစ်ကြောင်း အမေရိကန်က ထပ်မံပြောခဲ့သည်။
နော်ဝေးစစ်တပ်က "နှစ်ပေါင်း(၄ဝ)ကျော်ကြာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက်မှာတော့ ဒီတိုက်လေယာဉ်တွေနဲ့ အတူ ယူကရိန်းရဲ့စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေကို လေ့ကျင့်မှုတွေ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
ရုရှား နှင့် စစ်ပွဲစတင်ဖြစ်ပွားခဲ့သည့်နောက်ပိုင်းတည်းက ယူကရိန်းသည် ၎င်း၏ အနောက်အုပ်စုကျောထောက် နောက်ခံနိုင်ငံများကို အဆင့်မြင့်သော စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးရန် တိုက်တွန်းတောင်းဆိုခဲ့ ကြောင်းလည်း သိရသည်။ အနောက်အုပ်စုနိုင်ငံများ၏ ကူညီပံ့ပိုးပေးမှုများရှိနေသော်လည်း ယူကရိန်းသည် ပြီးခဲ့သည့်နှစ်က လုပ်ဆောင်ခဲ့သော ၎င်း၏ တန်ပြန်ထိုးစစ်ဆင်မှုအတွင်း သိသာထင်ရှားသောရလဒ်မျိုး ရယူနိုင်ခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်ကို လက်နက်ရောင်းချမှုနှင့်ပတ်သက်ပြီး အမေရိကန်ကုမ္ပဏီ(၅)ခုကို ပိတ်ဆို့အရေးယူမှုများ ချမှတ်သွားမည်ဟု တရုတ်အစိုးရပြော
RELATED POSTS
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ