မလေးရှားနိုင်ငံ ဂျိုးဟိုးပြည်နယ်တွင် မြန်မာနိုင်ငံသား ၅ဝ ကျော် အပါအဝင် နိုင်ငံခြားသား ၁၁ဝ ကျော် ဖမ်းဆီးခံရ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၂
ဂျိုးဟိုးပြည်နယ် Tampoi စူပါမားကက်ဈေးအတွင်း ‘Ops Belanja’ အမည်ရှိ စစ်ဆင်ရေး နှင့် ‘Ops Selera’ အမည်ရှိစစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ရာ တရားမဝင်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၁၁၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံသားအများဆုံး ဖမ်းဆီးခံခဲ့ရကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။
မလေးရှားဂျိုးဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး Baharuddin Tahir က ဒီဇင်ဘာ ၈ ရက် နံနက် ၁၁ နာရီ ၃ဝ မိနစ်က လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဝင် ၉ဝ ဦးနှင့်အတူ တရားမဝင်နေထိုင်လုပ်ကိုင်နေသူများကို စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ ဖမ်းဆီးခံရသူ ၁၁၄ ဦးသည် အသက် ၁၉ နှစ်အရွယ်မှ အသက် ၅၈ နှစ်အရွယ်ရှိသူများဖြစ်ကြောင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေရှ့်၊ နီပေါ နှင့် အိန္ဒိယနိုင်ငံသားတို့ ဖမ်းဆီးခံခဲ့ရ ကြောင်း ဂျိုးဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံသား ၅၁ ဦး ပါဝင်ခဲ့ပြီး အမျိုးသားများဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသား ၄၂ ဦး၊ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၁ဝ ဦး နှင့် နီပေါနိုင်ငံသား ၈ ဦးနှင့် အိန္ဒိယနိုင်ငံသား ၃ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
မလေးရှားဂျိုးဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးက ဖမ်းဆီးခံထားရသူများကို လူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေချိုးဖောက်မှုများဖြင့် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောသည်။
၎င်းက "ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ထပ်မံစုံစမ်းစစ်ဆေးနိုင်ဖို့ Setia Tropika လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစင်တာမှာ ထိန်းသိမ်းထားတယ်။ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံခြားသားအားလုံးဟာ တရားဝင် စာရွက်စာတမ်းမရှိသူတွေ၊ နေထိုင်ခွင့်သက်တမ်းကျော်လွန်နေထိုင်သူတွေဖြစ်ပါတယ်။ သူတို့တွေဟာ Social Visit Pass ကို ချိုးဖောက်ခဲ့တာမျိုးဖြစ်ပါတယ်" ဟု ပြောသည်။
မလေးရှားအစိုးရသည် နိုင်ငံအတွင်း တရားမဝင် နေထိုင်နေသူများကို မကြာခဏ စီးနင်းဖမ်းဆီးမှုများပြုလုပ်နေရာ မြန်မာနိုင်ငံသားများအပြင် အခြားနိုင်ငံခြားသားများ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၃ ခုနှစ်အတွင်း ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံက ထိပ်ဆုံးမှာ ရပ်တည်
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း