ရန်ကုန်ရှိ မဲဆန္ဒရှင်အားလုံး မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာနိုင်ရေး ဆောင်ရွက်မည်ဟုဆို
မျိုးကြီး (NSS) - ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းအတွင်းရှိ မဲဆန္ဒရှင်အားလုံး မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း UEC ၏ သတင်းအချက်အလက်များအရ သိရသည်။
ယမန်နေ့(ဒီဇင်ဘာလ ၄ ရက်)တွင် ရန်ကုန်တိုင်းအတွင်းရှိ အင်းစိန်၊ တောင်ဥက္ကလာပ၊ ကျောက်တံတား နှင့် သန်လျင်မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၄)မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်သူ (၁၄၅၂)ဦးသည် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအစီအစဉ်ကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်(၄၅)မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့်ထိ မဲဆန္ဒရှင်ပြည်သူအားလုံး ပါဝင်ဆောင်ရွက်နိုင်အောင်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် မဲပေးစက်နှင့်ပတ်သက်ပြီး လူထုဖြင့် စမ်းသပ်မဲပေးခြင်းအစီအစဉ်ကို ဆောင်ရွက်မှုသည် လုပ်ဆောင်သင့်သော်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ လူထုစိတ်ဝင်စားမှု မည်မျှရှိသည်ကို ပြန်လည်စဉ်းစားသုံးသပ်ရန်လိုအပ်ကြောင်းလည်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က NSS ကို သုံးသပ်ပြောကြားသည်။
“ပထမတစ်ချက်က ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဘယ်တော့ဆိုတာ ဘာမှမပြောနိုင်သေးတဲ့ကာလပေါ့လေ။ အဲဒီတော့ လူထုက စိတ်ဝင်စားပါ့မလား။ အခု နိုင်ငံရေး၊ စစ်ရေး၊ အကြပ်အတည်းတွေ ကြီးကြီးမားမားဖြစ်နေတယ်လေ။ ဒီကာလမှာ သူ့အလုပ်မဟုတ်သေးဘူး။ ကျွန်တော်ထင်တာ ပြောတာပါ။ ရွေးကောက်ပွဲကော်မရှင်က သူ့အလုပ် မဟုတ်သေးဘူး။ တည်ငြိမ်အေးချမ်းတဲ့ အခင်းအကျင်းတစ်ခုကို ဖြတ်သန်းနေပြီဆိုတဲ့ကာလရောက်မှပဲ မဲပေးပုံပေးနည်းနဲ့ပတ်သက်လို့ တစ်ပြိုင်တည်း လုပ်ရင်လည်း အချိန်က နောက်မကျပါဘူး” ဟု ဒေါက်တာအေးမောင်က ပြောသည်။
နစကလက်ထက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တီထွင်ခဲ့သော မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ စမ်းသပ်မဲပေးခြင်းများကို နေပြည်တော်ရှိ ဝန်ကြီးဌာနများတွင် လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများဖြင့်လည်း မဲပေးစက်နှင့်ပတ်သက်၍ စမ်းသပ်မဲပေးလေ့လာခြင်းအစီအစဉ်များကို ဆောင်ရွက်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့၌ အသက်(၂၄)နှစ်အရွယ် အမျိုးသားတစ်ဦး ခါးပတ်ကြိုးဖြင့် ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွား
RELATED POSTS
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ