ဥရောပ၏ အကြီးဆုံးမီးတောင် ပေါက်ကွဲ
Pika (NSS) - နိုဝင်ဘာ ၁၄
ဥရောပ၏ အရှည်ဆုံး မီးတောင်ရှင်တစ်ခုဖြစ်သည့် Mount Etna သည် တစ်ကြိမ် ထပ်မံပေါက်ကွဲခဲ့ပြီး ချော်ရည် များသည် ၎င်း၏ အရှေ့တောင်ဘက်မီးတောင်ထိပ်မှ လေထုထဲသို့ တစ်ကီလိုမီတာခန့်အထိ လွင့်စင်သွားခဲ့ကြောင်း အီတလီနိုင်ငံ အမျိုးသား ဘူမိရူပနှင့် မီးတောင်သိပ္ပံအဖွဲ့အစည်း (INGV) က ပြောကြားခဲ့သည်။
အီတလီနိုင်ငံ Sicily ကျွန်းပေါ်ရှိ Mount Etna သည် တုန်ခါမှုများ နှင့် လောင်ကျွမ်းနေသော ဓါတ်ငွေ့များ ထုတ်လွှတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် Mount Etna ၏ တောင်စောင်းတွင် ချော်ရည်များစီးကျလာခဲ့ပြီး ချော်ရည်ကျောက်တုံးများ လေထဲသို့ လွင့်စင်ထွက်လာသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
မီးတောင်ပေါက်ကွဲမှုနှင့်အတူ ထွက်ပေါ်လာသော ပြာမှုန်များသည် Catania မြူနီစီပယ် မြောက်ဖက်ရှိ ကမ်းရိုးတန်းမြို့များသို့ ရောက်ရှိခဲ့ပြီး အနီးရှိကောင်တီများတွင်လည်း ပျံ့နှံ့သွားခဲ့ပြီး ကားများ နှင့် အဆောက်အဦး များကို ပြာမှုန်များဖြင့် ဖုံးလွှမ်းသွားခဲ့ကြောင်း Etna Observatory က ပြောကြားခဲ့သည်။
သို့သော်လည်း အဆိုပါမီးတောင်ပြာများသည် အနီးရှိ စပျစ်ခြံများနှင့် ဥယျာဉ်များအတွက် မြေဩဇာကောင်းသော မြေဆီလွှာများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်းလည်း သိရသည်။ Mount Etna မီးတောင်သည် ဥရောပတွင် လှုပ်ရှားမှု အများဆုံး မီးတောင်တစ်ခုဖြစ်ပြီး ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အတွင်း တစ်လလျှင် တစ်ကြိမ်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် Mount Etna မီးတောင်ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုများမရှိသော်လည်း ၁၉၇၉ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် ကမ္ဘာလှည့်ခရီးသွား(၉)ဦး သေဆုံးခဲ့ပြီး အခြားလူအများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့်နှစ်တွင် ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၁၂ဝ)ဒေါ်လာထိ မြင့်တက်လာနိုင်ကြောင်း Fitch Ratings ကုမ္ပဏီ သတိပေး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ