ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ လုံခြုံရေးစခန်းများကို PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မီးသတ်စခန်းအပါအဝင် အစိုးရရုံးများကို မီးရှို့ဖျက်ဆီးခဲ့
ပုံစာ - ယခင်က ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ အစိုးရရုံးများကို PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်
မြူနစ် (NSS) - နိုဝင်ဘာ ၂
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ လုံခြုံရေးစခန်းများကို PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မီးသတ်စခန်းအပါအဝင် အစိုးရရုံးများကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။
PDF ပူးပေါင်းအဖွဲ့သည် ယနေ့(နိုဝင်ဘာလ ၂ ရက်) နံနက်အစောပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ မီးသတ်စခန်းတို့ကို အင်အားအများအပြားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းမြို့ရှိ နိုင်ငံ့ဝန်ထမ်းတစ်ဦးက NSS ကို ပြောသည်။
“ဒီနေ့မနက် ၅ နာရီ ၂၅ မိနစ်လောက်က စပြီးတိုက်ကြတာပေါ့။ ညတုန်းကတော့ လက်နက်ကြီးတွေ၊ ဘာတွေနဲ့ ပစ်နေကြတာပေါ့ဗျာ။ ၄ နာရီခွဲလောက်မှာ ဒရုန်းနဲ့ ဗုံးလာချတယ်။ အဲဒီနောက် ၅ နာရီ ၂၅ မိနစ်လောက်မှာ စပြီး တိုက်ကြတော့တာပဲ။ အဲဒီကနေပြီးတော့ ၁၀ နာရီခွဲလောက်မှာ လေယာဉ်လာတယ်။ အဲဒီအချိန်မှာပဲ တစ်ဖက်က ပြန်ဆုတ်သွားတယ်”ဟု ကြာအင်းဆိပ်ကြီးမြို့ခံ နိုင်ငံ့ဝန်ထမ်းတစ်ဦးက ပြောသည်။
PDF ပူးပေါင်းအဖွဲ့သည် ကြာအင်းဆိပ်ကြီးရဲစခန်းနှင့် မြို့နယ်ထွေအုပ်ရုံးရှေ့ရှိ လုံခြုံရေးအဖွဲ့ဝင်များကို အဓိကပစ်မှတ်ထားကာ လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ယူဆရကြောင်း ၎င်းက ဆက်လက်ပြော သည်။
“မြို့နယ်ထွေအုပ်အပါအဝင် ရဲစခန်းနားအထိ လာရောက်ပြီး တိုက်တာပေါ့။ လက်နက်ကိုင်အဖွဲ့အစည်းရှိတဲ့ ရဲစခန်းကို အဓိက ပစ်မှတ်ထားပြီး တိုက်တာပါ။ နောက်ထွေအုပ်ရုံးရှေ့မှာရှိတဲ့ လုံခြုံရေးတွေကို ပစ်မှတ်ထားတိုက်ခိုက်ပုံရတယ်။ နှစ်ဖက်ထိခိုက်ကျဆုံးမှုတော့ ရှိတာပေါ့။ အတိအကျတော့ မသိရဘူး။ ဆေးရုံမှာတော့ လူအယောက်(၂၀)လောက်ရှိတယ်။ အဲဒါ နောက်ထပ် ရောက်တဲ့သူတွေလည်း ရှိအုံးမှာပေါ့။ အရပ်သားတွေပဲ” ဟု အထက်ပါနိုင်ငံ့ဝန်ထမ်းက ထပ်မံပြောသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များအတွင်း အရပ်သား (၂၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်တစ်ဦးနှင့် PDF အဖွဲ့ဝင်တစ်ဦးလည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်ခိုက်မှုနှင့်အတူ PDF ပူးပေါင်းအဖွဲ့သည် ကြာအင်းဆိပ်ကြီးမြို့ရှိ မီးသတ်စခန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးရုံးတို့ကို ဝင်စီးကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရသည်။
“ကျေးလက်ရုံးကို မီးရှို့သွားတယ်။ မီးသတ်ရုံးကိုလည်း မီးရှို့သွားတယ်။ မီးသတ်လိုင်းခန်းကိုလည်း မီးရှို့တယ်။ မီးသတ်ကားတွေပါ မီးရှို့တယ်။ ဆိုင်ကယ်တွေကိုလည်း ယူသွားတာရှိတယ်”ဟု ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ နိုင်ငံ့ဝန်ထမ်းတစ်ဦးက ဆက်လက်ပြောသည်။
ပြီးခဲ့သော ကာလများအတွင်း၌လည်း ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ စည်ပင်ရုံးနှင့် မီးသတ်စခန်းများကို PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်နိုင်ငံအလုပ်သမားရေးရာ နားလည်မှုစာချွန်လွှာ (MoU) သက်တမ်းတိုးလက်မှတ်ရေးထိုးရန် မြန်မာ-ထိုင်း နှစ်နိုင်ငံဆွေးနွေး
RELATED POSTS
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ