Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ဂျာ အာဏာသိမ်းမှုနှင့် အနောက်အာဖရိက မဟာဗျူဟာ အရွှေ့အပြောင်း (၁)

Ko Hlaing (NSS) - ဩဂုတ် ၁၉

ဇူလိုင်လ ၂၆ ရက်က အနောက်အာဖရိကဒေသက နိုင်ဂျာနိုင်ငံမှာ သမ္မတမိုဟာမက် ဘာဇွမ်ကို နိုင်ဂျာ တပ်မတော်ကဖြုတ်ချပြီး အာဏာသိမ်းခဲ့ပါတယ်။ အာဖရိကမှာ စစ်ဘက်က အာဏာသိမ်းတာကတော့ သိပ်မဆန်းပါဘူး။ ဒါပေမယ့် ဒီတစ်ခါ နည်းနည်းထူးဆန်းတာလေးတွေရှိလာပါတယ်။ 


နိုင်ဂျာမတိုင်ခင် သူ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မာလီတို့၊ ဘူကီနာဖာဆိုတို့လို နိုင်ငံတွေမှာ သိပ်မကြာခင်က သူ့လိုပဲ အာဏာသိမ်းမှုတွေဖြစ်ခဲ့ပေမယ့် (မာလီမှာ ၂၀၂၀/၂၀၂၁၊ ဘူကီနာဖာဆိုမှာ ၂၀၂၂)ဘာမှ ထူးထူးခြားတုံ့ပြန်မှုတွေ မတွေ့ခဲ့ရဘဲ နိုင်ဂျာကိစ္စကျမှ ECOWAS လို့ခေါ်တဲ့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့က သမ္မတ ဘာဇွမ်ကို နှစ်ပတ်အတွင်း အာဏာပြန်ပေးဖို့ နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်တွေကို ရာဇသံပေးခဲ့ပြီး မလိုက်နာရင် စစ်ရေးအရ အင်အားသုံး ဝင်စွက်ရလိမ့်မယ်လို့ ခြိမ်းချောက်ခဲ့တာ တွေ့ရပါတယ်။ ပြင်သစ်၊ အမေရိကန်စတဲ့ အနောက်နိုင်ငံတွေကလည်း ပိတ်ဆို့ဖိအားပေးမှုတွေပြုလုပ်လာပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဒုဝန်ကြီး ဗစ်တိုရီယာနျူလန် ကိုယ်တိုင်တောင် နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်တွေနဲ့ လာတွေ့ပြီး ထိန်းသိမ်းခံသမ္မတပြန်လွှတ်ပေးရေးအတွက် တောင်းဆိုတိုက်တွန်းခဲ့တာ တွေ့ရပါတယ်။ 

နောက်တစ်ချက်ကတော့ အနောက်အာဖရိကဒေသမှာ ဩဇာလွှမ်းမိုးခဲ့တဲ့ ကိုလိုနီသခင်ဟောင်း ပြင်သစ်ရဲ့ အရှိန်အဝါတွေ သိသိသာသာကျဆင်းလာခဲ့ပြီး ရုရှားနိုင်ငံက ထိုးဖောက်ဝင်ရောက်လာတာဖြစ်ပါတယ်။ စစ်ရေးအနေနဲ့ပြောရရင် အနောက်အာဖရိကမှာ အစ္စလမ္မစ်အကြမ်းဖက်ရန်ကို ကာကွယ်ပေးဖို့ဆိုပြီး ရောက်နေတဲ့ ပြင်သစ်တပ်ဖွဲ့တွေ နှင်ထုတ်ခံနေရပြီး သူတို့အစား ရုရှားက ဝဂ္ဂနာကြေးစားတပ်ဖွဲ့တွေကို ငှားရမ်းအသုံးပြုလာတာ တွေ့ရပါတယ်။ ပြင်သစ်တွေကို သာမန်ပြည်သူတွေကပါ ဆန့်ကျင်လာသလို တစ်ဘက်မှာတော့ ရုရှားတွေကို အာဏာသိမ်းအစိုးရတွေကတင်မဟုတ်ဘဲ အဲဒီဒေသခံလူထုကပါ လိုလားထောက်ခံတာမျိုးလည်း တွေ့ရပါတယ်။ 

ဒီလိုဖြစ်ပေါ်လာတဲ့ အနေအထားတွေက သာမန်ကြည့်ရင်တော့ ရုတ်တရက်ဖြစ်လာသလိုထင်ရပေမဲ့ တကယ်တော့ တရွေ့ရွေ့နဲ့ အကြောင်းတရားတွေစုစည်းလာရာကနေ အကျိုးဆက်တွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ 

သယံဇာတ လက်ဝါးကြီးအုပ်မှု 

အကြောင်းတရားတစ်ခုကတော့ ပြင်သစ်ကိုလိုနီဟောင်း နိုင်ငံတွေအပေါ် ပြင်သစ်က အခုအချိန်အထိ စီးပွားရေးအမြတ်ထုတ် ဗိုလ်ကျ ခြယ်လှယ်နေတာကို မကြေမနပ်ဖြစ်လာကြတာပဲ ဖြစ်ပါတယ်။ တကယ်တော့ အာဖရိကတိုက်ဟာ စိန်၊ရွှေ၊ ယူရေနီယမ်၊ ရေနံ၊ စတဲ့ အဖိုးတန် သဘာဝ သယံဇာတတွေနဲ့ အကြွယ်ဝဆုံး ကုန်းမြေထုကြီးတစ်ခုဖြစ်ပါတယ်။ "ဒါပေမဲ့ အာဖရိကနိုင်ငံတွေကျတော့ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးဖြစ်နေကြတာ ဘာကြောင့်လဲ" ဆိုတဲ့ မေးခွန်းက ယခုအခါမှာ အာဖရိကတိုက်အတွင်း အထူးသဖြင့် လူငယ်တွေအကြားမှာ အတော်ကလေးကျယ်ပြန့်လာတာတွေ့ရပါတယ်။ 

အာဖရိကတိုက်၊ အထူးသဖြင့် အနောက်အာဖရိကမှာ နယ်ချဲ့အရင်းရှင်ခေတ်က ပြင်သစ်ကိုလိုနီတွေများခဲ့ပါတယ်။ ကိုလိုနီနယ်ချဲ့တွေဟာ သိမ်းပိုက်ခံဒေသတွေက သဘာဝသယံဇာတတွေ စိုက်ပျိုးရေးထုတ်ကုန်တွေကို အလကား/ပေါပေါပဲပဲနဲ့ရယူပြီး သူတို့စက်ရုံတွေမှာ ကုန်ချောထုတ် ဈေးကြီးကြီးနဲ့ ပြန်ရောင်း အမြတ်ထုတ်ပြီး ကြီးပွားချမ်းသာလာကြတာဖြစ်ပါတယ်။ အာဖရိက ကျတော့ ပိုဆိုးပါတယ်။ လူတွေကိုပါ ငွေဝယ်ကျွန်အဖြစ်နဲ့ ဖမ်းပြီးရောင်းစားတာခံကြရပါတယ်။ "ရွှေကိုယူသည်၊ငွေကိုယူသည်၊ ပြီးတော့ လူကိုပါယူသည်၊ အမျိုးပျောက်မှာ စိုးကြောက်လှပါသည်။"ဆိုတဲ့အတိုင်းပါပဲ။ အရောင်းစားခံရပြီးတော့လည်း လူလို သဘောထားဆက်ဆံခံရတာမဟုတ်ပါဘူး။ သံကြိုးတန်းလန်းနဲ့ တိရစ္ဆာန်တွေလို ကြာပွတ်သံအောက်မှာ အလုပ်ကြမ်းတွေ လုပ်ခဲ့ကြရတာပါ။ဒါကြောင့် အာဖရိကန်တွေ မကြေနပ်ပေမဲ့ အားမတန်လို့ မာန်လျှော့ထားခဲ့ရတာဖြစ်ပါတယ်။ 

ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ကမ္ဘာတစ်လွှား ကိုလိုနီလက်အောက်ခံဒေသတွေရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုတွေ ပြင်းထန်လာခဲ့ပါတယ်။ အာဖရိကနိုင်ငံအများစုကတော့ ၁၉၆၀ပြည့်လွန်နှစ်တွေအထိ လှုပ်ရှားရုန်းကန်နေကြရတုန်းဖြစ်ပါတယ်။ အာဖရိကန်တွေရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုကို အဲဒီလခတ်က စစ်အေးတိုက်ပွဲအနေအထားအရ အရှေ့အုပ်စု နိုင်ငံတွေက ကူညီ အားပေးခဲ့ကြပါတယ်။ 

ကိုလိုနီဆိုးမွေများ 

အာဖရိကဒေသဟာ ကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေးရခဲ့ကြပေမဲ့ ကိုလိုနီဆိုးမွေတွေကတော့ ဆက်ပြီးကျန်နေခဲ့တာ တွေ့ရပါတယ်။ကိုလိုနီနယ်ချဲ့ သခင်ကြီးဟောင်းတွေက လူမှုရေး ဘာသာရေး ယဉ်ကျေးမှုကအစ လွှမ်းမိုးထားသလို  ဘာသာစကားအုပ်စုအနေနဲ့ ထိန်းချုပ်ထားခဲ့တာပါ။ အာဖရိကမှာ ပြင်သစ်စကားပြော Francophone အုပ်စုနဲ့ အင်္ဂလိပ်စကားပြော Anglophone အုပ်စုဆိုပြီး နှစ်ပိုင်းကွဲနေပါတယ်။ စီးပွားရေးမှာ အုပ်စုအလိုက် သက်ဆိုင်ရာကိုလိုနီကုမ္ပဏီကြီးတွေက အာဖရိက ကျွန်နိုင်ငံဟောင်းတွေရဲ့ သယံဇာတတွေ ချုပ်ကိုင်ထားကြတာပါ။  ဓနသဟာယပုံစံမျိုးနဲ့ သူတို့ကို ကျော်လွန်မရအောင်လုပ်ထားတာဖြစ်ပါတယ်။ ငွေကြေးကအစ ကိုလိုနီအမွေကိုဆက်ခံကြရတာတွေ့ရပါတယ်။ 

ပြင်သစ်အုပ်စုဆိုရင် Organisation Internationale de la Francophonie ဆိုတဲ့ လူမှုစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို ဖွဲ့စည်းထားပြီး ငွေကြေးအပိုင်းမှာ ဆိုရင်လည်း ပြင်သစ်ကိုလိုနီဟောင်းတွေအတွက် ပြင်သစ်က ကျောထောက်နောက်ခံပြု တီထွင်ပေးထားတဲ့ ဖရန့်ငွေ CFA Franc ကို  ဆက်သုံးနေကြရတာဖြစ်ပါတယ်။ 

သူတို့နယ်ချဲ့တွေကတော့ ကိုလိုနီဟောင်းတွေ တိုးတက်အောင်ကူညီတာလို့ပြောတာပါပဲ။ လက်တွေ့မှာတော့ ဒီနိုင်ငံကလေးတွေမှာ  လွတ်လပ်ပြီးတဲ့နောက်  နိုင်ငံရေးအရ ဝါဒတွေ ကွဲကြ၊လူမျိုးရေးကွဲပြားမှုကြောင့် ပဋိပက္ခတွေဖြစ်။ နိုင်ငံရေးသမား အချင်းချင်း အာဏာလုကြရာကနေ ပြည်တွင်းစစ်ဖြစ်ကြ။ နွားကွဲရင် ကျားဆွဲတယ် ဆိုတာလို အမြတ်ထုတ်ဖို့ ချောင်းနေတဲ့ နယ်ချဲ့နိုင်ငံဟောင်းကြီးတွေက စီးပွားရေးသမားတွေက  တစ်ဘက်စီကနေ ဝင်ပါပြီး သယံဇာတနဲ့ လက်နက်ကို ဖလှယ် ကုန်သွယ်ကြတော့ သယံဇာတကျိန်စာသင့်၊ ဒုက္ခနွံနစ်၊ဆင်းရဲ။ကပ်ရောဂါဖြစ်။ elites တွေက ဆရာသခင်ဟောင်းတွေရဲ့ မှိုင်းမမှုနဲ့ အဆင်ပြေ။ အောက်ခြေမှာတော့ ကမ္ဘာပျက်နေခဲ့တာ ကြာပါပြီ။ 

တချို့ပညာရှင်တွေက အာဖရိကဟာ ကမ္ဘာ့ အစနဲ့အဆုံးကို တပြိုင်တည်း တွေ့နိုင်တဲ့နေရာလို့ဆိုကြပါတယ်။ အစဆိုတာက လူနေမှုအဆင့် ကမ္ဘာဦးပုံစံ။ အဆုံးဆိုတာက ကပ်ကြီးသုံးပါးဆိုက်ပြီး ကမ္ဘာပျက်ခါနီးလိုဖြစ်နေတာကို ဆိုလိုတာပါ။ 

မျှော်လင့်ချက်တော်လှန်ရေး 

အာဖရိကမှာ ဒီအခြေအနေတွေကို တွန်းလှန်ကျော်လွှားချင်တဲ့ မျှော်လင့်ချက်တော်လှန်ရေး revolution of rising expectation ဖြစ်လာတယ်လို့မြင်မိပါတယ်။ 

ဒီလိုဖြစ်လာတာလည်း အဓိက အကြောင်းရင်း ၂ချက်ရှိတယ်လို့မြင်ပါတယ်။ တစ်ချက်က အနောက်မှာ လစ်ဘရယ်အတွေးထွန်းကားလာတာပါ။ လစ်ဘရယ်အတွေးအမြင်တွေကြောင့် လူမည်းတွေလည်း တန်ဖိုးရှိတဲ့အသက်နဲ့ပါ ဆိုတဲ့ black lives matter လှုပ်ရှားမှုအားကောင်းလာခဲ့ပါတယ်။ တလောတုန်းက ပြင်သစ်မှာ ဖြစ်သွားတဲ့အဓိကရုဏ်းက အနှိမ်ခံ အသားအရောင်ရှိသူတွေရဲ့ အဖြူဆန့်ကျင်ရေးစိတ် အုံကြွမှုလို့ ဆိုနိုင်ပါတယ်။ ဒီစိတ်ဓါတ်ကအမည်းအများစုရှိတဲ့ အာဖရိကကို ကူးစက်လာခဲ့ပုံရပါတယ်။ ငါတို့မှာ သယံဇာတကြွယ်ဝလျက်နဲ့ အခုထိ ဘဝမှာ ကျွန်တွေလိုနေရတုန်းလို့မြင်လာကြတာပါ။ ဒါကြောင့် အာဖရိကမှာ အခုနောက်ပိုင်းအာဏာသိမ်းမှု တွေကို လူအများက ထောက်ခံလာကြတာတွေ့ရပါတယ်။ ပြင်သစ်ကိုလိုနီဟောင်းတွေမှာ ပြင်သစ်ဆန့်ကျင်ရေးဆန္ဒပြမှုတွေပါ တွေ့လာရပါတယ်။ 

နောက်တစ်ချက်က မဟာဗျူဟာအားပြိုင်မှုမှာ ရုရှားရဲ့စိတ်ဝင်စားမှုက ဒီဘက်ရောက်လာတာပါပဲ။ အာဖရိကဘက်မှာဆိုရင် ၂၀၁၉မှာ russia-africa summit စလုပ်ခဲ့တာ တွေ့ရပါတယ်။ ယူကရိန်းစစ်ဖြစ်ပြီး မကြာခင်ကပဲ ဒုတိယအကြိမ် summit လုပ်ခဲ့ပါတယ်။ ဒီ summit မှာ ရုရှားက အာဖရိကနိုင်ငံတွေအပေါ် တင်ရှိနေတဲ့ ဒေါ်လာဘီလျံ၂၀ ပမာဏလောက်ရှိတဲ့ အကြွေးတွေလျှော်ပေးခဲ့သလိုစားရေရိက္ခါ ခက်ခဲတဲ့ အာဖရိက ခြောက်နိုင်ငံကို သီးနှံတွေ တန်ချိန်ငါးသောင်းလောက် အလကားပေးဖို့ ကတိပြုခဲ့တာတွေ့ရပါတယ်။ ဒါတွေက ရုရှား-ယူကရိန်းစစ်ကြောင့် စားရေရိက္ခါအခက်အခဲနဲ့ စီးပွားရေး အကြပ်အတည်းအပေါ် စိုးရိမ်နေကြတဲ့ အာဖရိက နိုင်ငံတွေကို ဦးတည် စည်းရုံးလိုက်တဲ့သဘောပါပဲ။ 

မဟာအင်အားကြီး အမေရိကန်ကတော့ အာဖရိကကိုပစ်ထားတာကြာပြီဖြစ်ပါတယ်။ ၂၀၁၄ခုနှစ် အိုဘားမားလက်ထက်က summit နောက်ပိုင်း  ၂၀၂၂ကျမှ ဒုတိယအကြိမ် အာဖရိက-အမေရိကန် summit ထလုပ်ပေမဲ့ သိပ်သိသာတဲ့ ရလာဒ် မမြင်တွေ့ရပါဘူး။ လူသားချင်းစာနာမှုအတွက် ဒေါ်လာသန်း ၅၀၀လောက် ပေးမယ်ဆိုပေမဲ့ အာဖရိက လူဦးရေ သန်း ၁၄၀၀ အတွက် တစ်ဦးကို ဆင့်၄၀တောင်မပြည့်တဲ့အကူအညီပါ။ 

အနောက်အာဖရိကမှာ ပြင်သစ်က ပြန်ဝင်ဖို့ကြိုးစားနေပြီး အစ္စလမ္မစ်အကြမ်းဖက်တွေတိုက်ဖို့ဆိုပြီးတော့ တပ်တွေလွှတ်ထားပေမဲ့ သခင်ကြီးပုံမပျောက်ဘဲ အထက်စီးနိုင်လွန်းတော့ သိပ် အဆင်မပြေလှဘူး။ တကယ်တော့  အမေရိကန်ကလည်း  အာဖရိကကို အကြမ်းဖက်အတွက်ပဲ စိတ်ဝင်စားတာဖြစ်ပါတယ်။ 

ယူရေနီယမ် 

နိုင်ဂျာကိစ္စကြည့်ရင် ကိုလိုနီသခင်ဟောင်း ပြင်သစ်က နိုင်ဂျာထွက်သမျှ ယူရေနီယံကိုဝယ်သုံးနေပါတယ်။ ပြင်သစ် ယူရေနီယံလိုအပ်ချက် ၂၅%လောက်ကို နိုင်ဂျာက ဖြည့်ဆည်းပေးနေတာပါ။ ဒါပေမဲ့ ကုန်ကြမ်းပဲရောင်းစားရတဲ့နိုင်ငံကတော့ ဆင်းရဲတွင်းက မတက်နိုင်ပါဘူး။ နိုင်ဂျာကရတဲ့ ယူရေနီယံနဲ့ အနုမြူဓါတ်ပေါင်းဖိုတွေ လည်ပြီး ပြင်သစ်က မီးထိန်ထိန်လင်းနေချိန်မှာ နိုင်ဂျာကတော့ လျှပ်စစ်ဓါတ်အားကို ကိုယ်တိုင်မထုတ်နိုင်လို့ နိုင်ဂျီးရီးယားက ဝယ်သုံးနေရတာဖြစ်ပါတယ်။ 

အခုနောက်ပိုင်း ယူကရိန်းစစ်ကြောင့် အာဖရိကကို မတင်ပို့နိုင်လို့ ကောက်ပဲသီးနှံ တွေ ဈေးတက်လာပါတယ်။ ကမ္ဘာ့စီးပွားရေး အကြပ်အတည်းမှာ ဆင်းရဲတဲ့နိုင်ငံတွေက ပိုခံစားကြရပါတယ်။ ဒီအခက်အခဲကို နိုင်ဂျာလူထုက အမျှော်လင့်အားထားခဲ့ကြတဲ့ သမ္မတ ဘာဇွမ်လည်း မဖြေရှင်းနိုင်တော့ လူတွေက စိတ်ပျက်လာကြတယ်။ 

စွမ်းအင် နိုင်ငံရေး

ဒီအခြေအနေမှာ ရုရှားအတွက် မဟာဗျူဟာအမြတ်ထွက်ဖို့ဖြစ်လာပါတယ်။ အာဖရိကနိုင်ငံတွေရင်ဆိုင်နေရတဲ့ အကြမ်းဖက်ကိစ္စကိုလည်း ရုရှားကဝဂ္ဂနာကြေးစားတပ်ဖွဲ့တွေနဲ့ ဖြေရှင်းမယ်ဆိုတာမျိုးဖြစ်လာပါတယ်။ ရုရှားအတွက် နိုင်ဂျာစစ်အစိုးရသစ်နဲ့ အဆင်ပြေရင် ယူကရိန်းကိုအားပေးနေတဲ့ ပြင်သစ်ကို စွမ်းအင်အရ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ နဂိုကတည်းက စွမ်းအင်အကြပ်အတည်းတွေ့နေတဲ့ ပြင်သစ်အတွက် နိုင်ဂျာက ယူရေနီယံမရတော့ရင်  ကြီးမားတဲ့အခက်အခဲဖြစ်လာနိုင်သလိုရုရှားအတွက်တော့အတွက် ယူရေနီယံ တွေ အပိုဆောင်းရနိုင်ပြီး အနုမြူလက်နက်တွေတိုးထုတ်နိုင်မှာဖြစ်ပါတယ်။ 

ယူရေနီယံအပြင် နောက်ထပ် မဟာဗျူဟာ ကစားကွက် တစ်ခုက ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေ ဖြစ်ပါတယ်။ ရုရှားဆီက ဓါတ်ငွေ့မဝယ်နိုင်တော့တဲ့ ဥရောပနိုင်ံငံတွေ အထူးသဖြင့် မြေထဲပင်လယ်ကမ်းခြေနိုင်ငံတွေဟာ မြေထဲပင်လယ်တစ်ဘက်ကမ်း အာဖရိကတိုက်ဘက်က ဓါတ်ငွေ့ကို လှမ်းမျှော်လာပါတယ်။အာဖရိက မြောက်ခြမ်းက ရှိရင်းစွဲပိုက်လိုင်းတွေအပြင် ထပ်တိုးရနိုင်ဖို့ ရေနံနဲ့သဘာဝဓါတ်ငွေ့ကြွယ်ဝတဲ့ အာဖရိက အနောက်တောင်ပိုင်းက နိုင်ဂျီးရီးယားကိုပါ လက်လှမ်းမီချင်လာကြပါတယ်။ မြေထဲပင်လယ်ကမ်းခြေက အယ်လ်ဂျီးရီးယားနိုင်ငံမှာ ဥရောပနဲ့ဆက်တဲ့ ပိုက်လိုင်းတွေက ရှိပြီးသားဖြစ်လို့ ကြားထဲက နိုင်ဂျာကိုဖြတ်ပြီး နိုင်ဂျီးရီးယားနဲ့ ပိုက်လိုင်းသွယ်လိုက်ရင် ရနိုင်ပါတယ်။ 

ဒီလို ပိုက်လိုင်းသွယ်ဖို့ စိတ်ကူးက လွန်ခဲ့တဲ့ နှစ်ပေါင်း၄၀လောက်ကတည်းက ရှိခဲ့ပြီးသားပါ။ ဆာဟာရသဲကန္တာရဖြတ်ကျော် ဓါတ်ငွေ့ပိုက်လိုင်း Trans-Sahara Gas Pipeline (TSGP) လို့ လူသိများတဲ့ ဒီပိုက်လိုင်းဟာ အကြောင်းကြောင်းကြောင့် အကောင်အထည်မပေါ်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ခုနှစ်တုန်းက ထပ်ပြီးကြိုးစားခဲ့ကြပေမဲ့ ကမ္ဘာ့စီးပွားရေးအကြပ်အတည်းကြောင့် ရပ်ဆိုင်းသွားပြန်ပါတယ်။ ၂၀၂၂ခုနှစ်မှာတော့ ယူကရိန်းစစ်ပွဲကြောင့် ဒီအစီအစဉ်ကို ပြန်အသက်သွင်းဖို့ ကြိုးပမ်းလာကြပြန်ပါတယ်။ ဒေါ်လာ ၁၃ဘီလျံလောက် ကုန်ကျမယ့် ဒီပိုက်လိုင်းကြီးပြီးရင် နိုင်ဂျီးရီးယားအတွက်ကတော့ တစ်နှစ်ကို ဓါတ်ငွေ့ ကုဗပေ တစ်ထရီလီယံလောက်တင်ပို့နိုင်ပြီး  ၂၀၂၂ခုနှစ်ပေါက်ဈေးအရ ကုဗပေ၁၀၀၀ကို ၉.၅၂ဒေါ်လာဖြစ်လို့ ၁ထရီလီယံ (သန်းပေါင်း ၁သန်း) ဆိုရင် ဒေါ်လာ ၉.၅ဘီလျံ ဝင်ငွေရရှိနိုင်တာဖြစ်ပါတယ်။ ဒါဟာ ECOWAS အုပ်စုခေါင်းဆောင်ဖြစ်တဲ့ နိုင်ဂျီးရီးယားက ဘာဖြစ်လို့ နိုင်ဂျာမှာ အာဏာသိမ်းတဲ့ကိစ္စအပေါ် သည်းသည်းလှုပ်ဖြစ်နေပြီး စစ်အင်အားသုံး ဝင်စွက်ဖို့ အတင်းပြောနေရတာလဲ ဆိုတဲ့ မေးခွန်းအတွက် နောက်ကွယ်က အကြောင်းတရားဖြစ်နိုင်ပါတယ်။

အာဖရိက စစ်ပွဲကြီး ဖြစ်လာနိုင်ဖွယ် ရှိ/မရှိ 

ECOWAS အဖွဲ့က ထုတ်ပြန်ထားတဲ့ နိုင်ဂျာ သမ္မတဟောင်း ဘာဇွမ်ကို အာဏာပြန်ပေးရေး ရာဇသံ ရဲ့ နောက်ဆုံးရက်ကတော့ ကျော်သွားတာ အတော်ကြာပါပြီ။ နိုင်ဂျာ စစ်တပ်အစိုးရကတော့ ဘာဇွမ်ကို ပြန်မလွှတ်တဲ့အပြင် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲမယ်လို့တောင် ခြိမ်းချောက်ထားပါသေးတယ်။

ဩဂုတ်လ ၁၈ရက်နေ့အထိ နောက်ဆုံးအခြေအနေအရကတော့ ECOWAS တပ်တွေကို သက်ဆိုင်ရာနိုင်ငံတွေမှာ အသင့်စုဖွဲ့ထားပြီး တိုက်ခိုက်ရေး အင်အား ၂၅၀၀၀လောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ နိုင်ဂျာနိုင်ငံထဲ ဝင်ရောက်တိုက်ခိုက်ဖို့ နောက်ဆုံးစီမံချက်ကိုလည်း ဆွဲပြီးသွားပြီလို့ဆိုပါတယ်။ 

သို့သော် ECOWAS ၁၅နိုင်ငံမှာ စစ်ဘက်ကအုပ်ချုပ်နေတဲ့ ၃နိုင်ငံ (မာလီ၊ ဘူကီနာဖာဆိုနဲ့ ဂီနီယာ) နဲ့ ကိပ်ဗာဒီတို့ကတော့ ဒီအုပ်စုမှာ ပါဝင်မှာ မဟုတ်ပါဘူး။ ကျန်တဲ့ ၁၀နိုင်ငံမှာလည်း အဓိက ဦးဆောင်မှာက နိုင်ဂျီးရီးယားဖြစ်ပြီး၊ နိုင်ဂျာကို ဝင်မယ့်လမ်းကြောင်း ကလည်း နိုင်ဂျီးရီးယားဘက်ကပဲ ဖြစ်ဖွယ်ရှိပါတယ်။ 

နိုင်ဂျာရဲ့ တခြားအိမ်နီးချင်းတွေဖြစ်တဲ့ မာလီနဲ့ ဘူကီနာဖာဆိုတို့ကတော့ နိုင်ဂျာ အာဏာသိမ်းအစိုးရဘက်ကဖြစ်ပြီး ECOWAS က တပ်အင်အားသုံးလာရင် သူတို့ပါ နိုင်ဂျာဘက်ကဝင်တိုက်မယ်လို့ ပြောထားပါတယ်။ နိုင်ဂျာက စစ်ခေါင်းဆောင်တွေက ရုရှားကြေးစားဝဂ္ဂနာတပ်ဖွဲ့နဲ့ မာလီမှာ လျှို့ဝှက်တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်း လည်း ထွက်လာတော့ ဒီအရေးအခင်းမှာ ဝဂ္ဂနာတပ်ဖွဲ့ လည်းပါလာနိုင်ပါတယ်။ 

သေချာတာကတော့ စစ်ပွဲဖြစ်တာနဲ့ ECOWAS အဖွဲ့ဟာ နှစ်ခြမ်းကွဲတော့မှာဖြစ်ပြီး နှစ်ဘက် နိုင်ငံစုံ တိုက်တဲ့ နိုင်ငံတကာ စစ်ပွဲပုံစံဖြစ်သွားနိုင်ပါတယ်။ အဲဒီကမှ နောက်ကွယ်မှာရှိနေတဲ့ အင်အားကြီးတွေ ပါလာပြီး  အာဖရိကရဲ့ ကမ္ဘာစစ်ဖြစ်သွားလိမ့်မယ်လို့ အီတလီက သတိပေးထားပါတယ်။

 ECOWAS အပေါ်မှာ လွှမ်းမိုးမှုရှိတဲ့ အာဖရိက သမဂ္ဂ AU ရဲ့ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကောင်စီ ကတော့ စစ်အင်အားသုံးဖြေရှင်းမယ့်နည်းလမ်းကို မထောက်ခံဘူးလို့ဆိုပါတယ်။ နိုင်ဂျီးရီးယား အထက်လွှတ်တော်ကိုယ်တိုင်က နိုင်ဂျီးရီးယားတပ်ဖွဲ့တွေ,စေလွှတ်မှာကို သဘောမတူဘူးလို့ဆိုပါတယ်။ 

ဒါပေမယ့် နိုင်ဂျီးရီးယား သမ္မတ တီနူဘူကတော့ စစ်အင်အားသုံးဖို့ အတော်ကို စိတ်အားထက်သန်နေပုံရပါတယ်။ ဒီသမ္မတက နောက်ကြောင်းခပ်ရှုပ်ရှုပ်ပါ။ နိုင်ဂျီးရီးယားမှာ အချမ်းသာဆုံးနိုင်ငံရေးသမားဖြစ်တဲ့ တီနုဘူဟာ အမေရိကန်မှာနေထိုင်ခဲ့တုန်းက မူးယစ်ရာဇာတွေနဲ့ပတ်သက်ခဲ့ဖူးသလို  နိုင်ဂျီးရီးယားနိုင်ငံရေးသမားဘဝမှာလည်း အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ရှုပ်ထွေးတဲ့ ဂေါ့ဖားသားလို့ နာမည်ကြီးပါတယ်။ ဘာပဲဖြစ်ဖြစ် ဒေါ်လာ ၁၃ ဘီလျံတန်တဲ့ ပိုက်လိုင်းစီမံကိန်းကြီးကို နိုင်ငံတကာ ရေနံလုပ်ငန်းကြီးတွေ ဝိုင်းပြီး သွားရည်ယိုနေကြချိန်မှာ Mobil ရေနံ အမှုဆောင်ဟောင်းတစ်ယောက် ဖြစ်တဲ့ သမ္မတ တီနူဘူအနေနဲ့လည်း ဒီပိုက်လိုင်းကို လက်လွတ်မခံနိုင်တာ မဆန်းပါဘူး။ ဒီပိုက်လိုင်းဖြစ်မြောက်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ နိုင်ဂျာနိုင်ငံကို လိုအပ်ရင် စစ်အင်အားသုံးဖို့လည်း သိပ်တော့ ဝန်လေးမှာမဟုတ်ပါဘူး။ နောက်ဆုံးတော့လည်း အကျိုးစီးပွား အဓိကပါပဲ။

(ဆက်လက်ဖေါ်ပြပါမည်)

မှတ်ချက် ။ ။ ဆောင်းပါးရှင် Ko Hlaing သည် လက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး(၂)၏ ပြည်ထောင်စုဝန်ကြီးဖြစ်ပြီး နိုင်ငံတကာရေးရာ သုတေသီတစ်ဦးလည်းဖြစ်သည်။ 



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်ပြေးအဖြစ်နေထိုင်နေတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို ဗြိတိန်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved