နစက၏ ဝန်ကြီးဌာန(၆)ခုက လစ်လပ်နေသည့် ရာထူးနေရာ (၇၀၀)နီးပါးအတွက် အလုပ်လျှောက်လွှာများခေါ်ယူနေ
ယွန်း (NSS) - သြဂုတ် ၁၅
ပညာရေးဝန်ကြီးဌာန အပါအဝင် နစက၏ဝန်ကြီးဌာန (၆)ခုမှ လစ်လပ်နေသည့် ရာထူးနေရာများအတွက် လူဦးရေ(၇၀၀)နီးပါးကို အလုပ်လျှောက်လွှာများ ခေါ်ယူနေကြောင်း သိရသည်။
အဆိုပါ ဝန်ကြီးဌာနများက ယနေ့(သြဂုတ်လ ၁၅ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်သင်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များတွင် လစ်လပ်နေသော နည်းပြ၊ သရုပ်ပြရာထူးနေရာများတွင် ဝန်ထမ်းများခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများအနေဖြင့် လာမည့်စက်တင်ဘာလ(၃၀)ရက်တွင် ပါရဂူဘွဲ့ရရှိပြီးသူဖြစ်ပါက အသက်(၄၀)နှစ်ထက် မကျော်လွန်သူ၊ မဟာသုတေသနဘွဲ့၊ မဟာပညာရေးဘွဲ့၊ မဟာဘွဲ့၊ ပညာရေးဘွဲ့ရရှိပြီးသူဖြစ်ပါက အသက်(၃၈)နှစ်ထက်မကျော်လွန်သူ၊ သက်ဆိုင်ရာ ဖွံ့ဖြိုးရေးဘာသာရပ်ဘွဲ့ရရှိပြီးသူဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရန်လိုကြောင်း သိရသည်။
လျှောက်လွှာများကို စက်တင်ဘာလ(၁၄)ရက်တွင် နောက်ဆုံးထား၍ နီးစပ်ရာပညာရေးကောလိပ်များသို့ ပေးပို့လျှောက်ထားရန် ဆရာအတတ်သင်ပညာဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ထို့ပြင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့်လည်း အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအတွက် ဒုဦးစီးမှူး(၅)နေရာအပါအဝင် အငယ်တန်းစာရေး(၂၁)နေရာအတွက် စုစုပေါင်းဝန်ထမ်း(၂၆)ဦးခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံများကို ဝန်ကြီးဌာန၏ Website www.mol.gov.mm တွင် download ရယူ၍ လျှောက်ထားနိုင်ကြောင်း သိရပြီး သြဂုတ်လ(၃၁)ရက်တွင် နောက်ဆုံးလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး(၃၀)ဦး၊ ပစ္စည်းထိန်း(၁၀)ဦးနှင့် ယာဥ်မောင်း(၅)ဦး စုစုပေါင်း(၄၅)ဦးတို့ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ ဒုတိယဦးစီးမှူးရာထူး (၂၅၀)နေရာတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ခေါ်ယူသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှလည်း မွေးမြူရေးဦးစီးဌာနတွင် လစ်လပ်နေသည့် ရာထူးနေရာ(၁၉)ခုအတွက် လျှောက်လွှာများ တင်သွင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနတွင် လစ်လပ်နေသော ရာထူးနေရာ (၃၁၉)နေရာတွင်လည်း တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများခေါ်ယူနေပြီး လျှောက်လွှာများကို စက်တင်ဘာလ(၁၅)ရက်တွင် နောက်ဆုံးထားတင်သွင်းရန် ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထား သည်။
အဆိုပါ ဝန်ကြီးဌာန(၆)ခုမှ စုစုပေါင်းရာထူးနေရာ(၆၅၉)ဦးအတွက် ဝန်ထမ်းများ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း
29 Sep 2024 | လူမှုရေး,ပြည်တွင်း