နတ်သံကွင်းမြစ်ကူးတံတားရှိ လုံခြုံရေးအဖွဲ့ကို PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီး/ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြစ်ကူးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့
NP News - ဇွန် ၆
ပဲခူးတိုင်း၊ နတ်သံကွင်းမြို့၊ နတ်သံကွင်းမြစ်ကူးတံတားရှိ လုံခြုံရေးအဖွဲ့ကို PDF ပူးပေါင်းအဖွဲ့က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၆ ရက်)၊ နံနက် ၆ နာရီအချိန်ခန့်တွင် PDF ပူးပေါင်းအဖွဲ့သည် နတ်သံကွင်းစစ်တောင်းမြစ်ကူးတံတား၌ လုံခြုံရေးယူနေသည့်အဖွဲ့ကို လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အကြမ်းဖက်အဖွဲ့ တစ်ဖွဲ့သည် နတ်သံကွင်းမြို့ လူနေအိမ်များကို အကာအကွယ်ပြုကာ တံတားလုံခြုံ ရေးအဖွဲ့အား လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၍ တံတားအား ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း မီဒီယာများကို အသိပေးဖြေဆိုထားသည်။
ထိုသို့ ဖျက်ဆီးခံရမှုကြောင့် မြစ်ကူးတံတားကမ်းကပ်ခုံနှင့် ကပ်လျက်အခန်း ၆၅ ပေခန့်သည် ပြိုကျပျက်စီးသွားခဲ့ကြောင်းလည်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုထားသည်။
“ဖြစ်တာကတော့ ဒီနေ့မနက်ပိုင်းမှာ ဖြစ်သွားတာ။ မြစ်ကူးတံတားရဲ့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းမှာ လုံခြုံရေးကင်းတွေရှိတယ်။ အဲဒီလုံခြုံရေးကင်းတွေကို ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ပြီးတော့မှ ဒီမြစ်ကူးတံတားကြီးကို မိုင်းထောင်ချိုးသွားတာပေါ့”ဟု နတ်သံကွင်းမြို့ခံတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။
PDF ပူးပေါင်းအဖွဲ့သည် နတ်သံကွင်းမြစ်ကူးတံတားပေါ်ရှိ လုံခြုံရေးအဖွဲ့အား လာရောက်ပစ်ခတ်တိုက် ခိုက်စဉ် နှစ်ဖက်အကြား၌ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးသူများလည်း ရှိခဲ့ကြောင်း ဒေသခံများက ဆိုထားသည်။
ကနဦးသတင်းအချက်အလက်များအရ လုံခြုံရေးအဖွဲ့ဘက်မှ (၂)ဦးသေဆုံးခဲ့သည်ဟု ဒေသခံသတင်းအရင်းအမြစ်များက NP News ကို ပြောဆိုထားသော်လည်း နစကဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုအခြေ အနေများကို ထည့်သွင်းပြောဆိုထားခြင်း မရှိသေးပေ။
ထို့ပြင် မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရသည့် နတ်သံကွင်းစစ်တောင်းမြစ်ကူးတံတားသည် နတ်သံကွင်းမြို့နှင့် ကျောက်ကြီးမြို့ကို ဆက်သွယ်ထားသော တံတားတစ်စင်းဖြစ်ပြီး လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေးအပိုင်း၌ လုံးဝပြတ်တောက်သွားပြီဖြစ်ကြောင်း သိရသည်။
“အခုကတော့ လမ်းပန်းက ပြတ်သွားပြီပေါ့။ ကားတွေ၊ ဘာတွေ သွားလို့မရတော့ဘူးလေ။ အဲဒီတံတားက ဒေသခံတွေအတွက် အရေးကြီးပါတယ်။ အခုတော့ အဆက်အသွယ်ပြတ်သွားပြီပေါ့။ ကျောက်ကြီးဘက်ကတော့ ပိုပြီးတော့ ဒုက္ခရောက်နိုင်တယ်။ ဓါတ်ဆီတွေကတော့ မနက်ကတည်းက ထွက်ဝယ်နေကြတော့ ပြတ်သလောက်ဖြစ်သွားပြီ။ နောက်ကုန်ဈေးနှုန်းတွေလည်း ကြီးလာတယ်”ဟု ကျောက်ကြီးမြို့ခံတစ်ဦးက NP News ကို အသိပေးပြောဆိုထားသည်။
ပြီးခဲ့သော ကာလများအတွင်းကလည်း နတ်သံကွင်းမြို့နှင့် ကျောက်ကြီးမြို့သို့ ဆက်သွယ်ထားသည့် လမ်းပိုင်းများတွင်လည်း အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးသည့်ဖြစ်စဉ် အများအပြားရှိခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့ဒုတိယအကြီးဆုံးကျောက်မျက်ရတနာပြပွဲတွင် မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ဟုဆို
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း