ယူကရိန်းအစိုးရအနေဖြင့် အမေရိကန်ထံမှ ငွေကြေးမရရှိပါက IMF အဖွဲ့ဘက်သို့ ဦးလှည့်သွားနိုင်ကြောင်း Bloomberg ဖော်ပြ
Pika (NSS) - ဖေဖော်ဝါရီ ၁ဝ
ယူကရိန်းသို့ အမေရိကန်ဒေါ်လာ(၆၀)ဘီလျံ အကူအညီပေးရေးအစီအစဉ်ကို အမေရိကန်လွှတ်တော်က ဆက်လက်ပိတ်ဆို့ထားမည်ဆိုပါက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)ထံမှ ငွေကြေးရရှိရန် အရေးပေါ်အစီအစဉ်ကို ယူကရိန်းအစိုးရက စဉ်းစားနေကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကားပြီး Bloomberg သတင်းဌာနကဖော်ပြခဲ့သည်။
ယူကရိန်းနိုင်ငံသည် ဘတ်ဂျက်ကွာဟမှုများနှင့်ရင်ဆိုင်နေရခြင်းကြောင့် လာမည့်သီတင်းပတ်တွင် IMF အဖွဲ့မှ ကိုယ်စားလှယ်များ ကိယက်ဗ်မြို့သို့ သွားရောက်လည်ပတ်စဉ်အချိန်အတွင်း အဆိုပါ အစီအစဉ်ကို ယူကရိန်းအရာရှိများက တင်ပြနိုင်ဖွယ်ရှိနေကြောင်း သတင်းရင်းမြစ်များ၏ပြောကြားချက်အရသိရသည်။ ယခုလနှောင်းပိုင်းတွင် စတင်မည့် ချေးငွေအစီအစဉ်ကို IMF အဖွဲ့က ပြန်လည်သုံးသပ်မှုများ မလုပ်ဆောင်မီ ကိယက်ဗ်မြို့သို့ လာရောက်လည်ပတ်မည့် ခရီးစဉ်သည် ယူကရိန်းအတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာသန်း(၉၀၀)ကို လမ်းပွင့်သွားစေနိုင်ဖွယ်ရှိနေကြောင်းလည်း သိရသည်။ ယူကရိန်း၏ ဘတ် ဂျက်ပြတ်လပ်မှုကို ကာမိစေရန်အတွက် ကူညီပေးရန် (၄)နှစ်ချေးငွေကို IMF က ပြီးခဲ့သည့်နှစ်တွင် အတည်ပြုခဲ့ကြောင်းသိရသည်။ ယခုနှစ်တွင် အဆိုပါအစီအစဉ်မှ အမေရိကန်ဒေါ်လာ (၅ ဒသမ ၃) ဘီလျံ ရရှိနိုင်မည်ဟု ယူကရိန်းအစိုးရက ခန့်မှန်းထားကြောင်းလည်းသိရသည်။
ယူကရိန်းဗဟိုဘဏ်က "ပလန်ဘီအစီအစဉ်တွေအရ ပြည်တွင်းချေးငွေဈေးကွက်ကို စတင်အသက်သွင်းတာတွေ၊ ဘဏ္ဍာရေးပိုင်းမှာ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်တာတွေ ပါဝင်လာနိုင်ပါတယ်"ဟု ပြောဆိုခဲ့သည်။
သို့သော်လည်း အဆိုပါအစီအစဉ်ကို IMF အဖွဲ့က ပယ်ချနိုင်သည့် အန္တရာယ်များလည်းရှိနေကြောင်း ယူကရိန်းဗဟိုဘဏ်နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ပြောကြားခဲ့သည်။ ယူကရိန်းသို့ အမေရိကန်ဒေါ်လာ(၆၀)ဘီလျံ အကူအညီပေးရေး အစီအစဉ်သစ်အတွက် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တောင်းဆိုထားသော ဥပဒေမူကြမ်းကို အောက်လွှတ်တော်ရှိ လွှတ်တော်အမတ်များက ပိတ်ဆို့ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျွန်းအနီးတွင် တရုတ်၏ မိုးပျံပူဖောင်း(၈)လုံးကို စံချိန်တင် ခြေရာခံတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်စစ်ဘက်ပြော
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ