ဂန့်ဂေါ-ဟားခါးကားလမ်းတွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၇
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ဂန့်ဂေါ-ဟားခါးသွားကားလမ်းတွင် ကုန်တင်ကားတစ်စီး ဘရိတ်ပေါက်၍ ပေ(၄၀)အနက်ရှိ ချောင်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း ဟားခါးမြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
၎င်းယာဉ်တိမ်းမှောက်မှုသည် ယနေ့(ဇန်နဝါရီလ ၂၇ ရက်)၊ နံနက် ၁၀နာရီ ၇မိနစ်အချိန်တွင် ဟားခါးမြို့၊ မြို့အဝင်ကွေ့၊ ဂန့်ဂေါ-ဟားခါးသွား ကားလမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မှောက်တဲ့ကားက (၁၀)ဘီးကားပါ၊ ဘရိတ်ပေါက်ပြီးမှောက်တာပေါ့။ ကားပေါ်မှာက ဘိလပ်မြေနဲ့ ပိုက်တွေပါတယ်။ မန္တလေးကနေ တက်လာတဲ့ကားလို့သိရပါတယ်။ ကားသမားကော၊ ယာဉ်နောက်လိုက်ကောက ခပ်ငယ်ငယ်လေးတွေပါပဲ” ဟု ဟားခါးမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသား(၂)ဦးအနက် အသက်(၂၃)နှစ်အရွယ် ယာဉ်မောင်း အမျိုးသားသည် နေရာ၌ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အသက်(၂၀)ကျော်အရွယ် ယာဉ်နောက်လိုက်အမျိုးသားသည်ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ယာဉ်မောင်းကတော့ ကားခေါင်းခန်းထဲညပ်နေပြီး ဆုံးသွားတာ။ ယာဉ်နောက်လိုက်တစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာရပေမဲ့ မများပါဘူး။ အဲဒီနေရာက အရင်ကဖြစ်လေ့ရှိတဲ့နေရာမဟုတ်ဘူး။ ခုမှ ပထမဆုံးဖြစ်ဖူးတာပါ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် အမျိုသားတစ်ဦးတို့ကို မီးသတ်တပ်ဖွဲ့ပိုင် လူနာတင်ယာဉ်ဖြင့် ဟားခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒီကနေ့ (ဇန်နဝါရီ ၂၇)အတွင်း ထူးခြားသတင်းများ စုစည်းတင်ဆက်ခြင်း
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း