ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်
Pika (NSS) - အောက်တိုဘာလ ၁၀
တောင်ကိုရီးယားနိုင်ငံက ၎င်းတို့၏ပထမ ဆုံးပြည်တွင်းထုတ် အသံထက်မြန်သည့်လက်နက်ကို စမ်းသပ်ပျံ သန်းမှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ အဆိုပါလက်နက်အသစ်သည် အသံအမြန် နှုန်းထက် အနည်းဆုံး(၅)ဆ ပိုမိုမြန်ဆန်စွာပျံသန်းနိုင်ပြီး ဒုံးကျည်ကာကွယ်ရေးစနစ်များကို ရှောင်တိမ်းနိုင်ရန်ဒီဇိုင်းထုတ်ထားပြီး စစ်ရေးအခြေ အနေကို ပြောင်းလဲနိုင်စွမ်းရှိကြောင်း တောင်ကိုရီးယားဘက်က ထုတ်ဖော်ပြောဆိုထားသည်။
ယင်းလက်နက်အသစ်ကို စမ်းသပ်မှုများနှင့်အတူ စစ်ပွဲဖြစ်ပွားလာမည့်အချိန်တွင် အခြေအနေများကိုပြောင်းလဲ ပစ်နိုင်မည့် လက်နက်စွမ်းရည် များရရှိရန် ပိုမိုနီးကပ်လာပြီဖြစ်ကြောင်းလည်း တောင်ကိုရီးယားကပြောကြားခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်သီတင်းပတ်က ဂျပန်နိုင်ငံအနီးရေပြင်သို့ ကျသွားခဲ့သော ကိုယ်ပိုင်အသံထက်မြန်သည့်ဒုံးကျည် ကိုစမ်းသပ်ပစ်လွှတ်ခဲ့သော မြောက်ကိုရီးယားဘက်က တောင်ကိုရီးယား၏ လက်နက်အသစ်စမ်းသပ်မှုကို ချက်ချင်း တုံ့ပြန်ပြောဆိုခြင်းမျိုး မရှိသေးကြောင်းသိရသည်။
အသံထက်မြန်သည့် လက်နက်အသစ်စမ်းသပ်မှုကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က ကိုယ်တိုင်တက် ရောက်ကြည့်ရှုခဲ့ပြီး ယင်းစမ်းသပ်မှုက နိုင်ငံ၏ သမားရိုးကျစွမ်းရည်များကိုမြှင့်တင်ရာတွင် အရေးပါသောခြေလှမ်းတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ယင်းစမ်းသပ်မှုကို မည်သည့်နေရာတွင်လုပ်ခဲ့သည်ဆိုသည့် အချက် အလက်များကို အသေးစိတ်ဖော်ပြထားခြင်းမျိုးမရှိကြောင်း လည်းသိရသည်။ အဆိုပါလက်နက်အသစ်သည် သတ်မှတ် ထားသောအမြင့်သို့ရောက်ရှိချိန်တွင် ရော့ကတ်မှခွဲထွက်ပြီး စမ်းသပ်ပစ်မှတ်ကိုမထိမှန်မီ အောက်ဘက်သို့ ဒေါင်လိုက်နှင့် အလျားလိုက် လမ်းကြောင်းပြောင်းလဲရွေ့လျားခဲ့ကြောင်း တောင်ကိုရီး ယားအစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။

ထို့ပြင် ယင်းလက်နက်အသစ်ကို အပြည့်အဝထုတ်လုပ်ပြီးစီးပါက ကိုရီးယားကျွန်းဆွယ်စစ် ဆင်ရေးနယ်မြေ အတွင်းရှိ အဓိကပစ်မှတ်များကို ရုတ်တရက်တိုက်ခိုက်နိုင်စွမ်းရှိလာမည်ဖြစ်ကြောင်းလည်း တောင်ကိုရီးယားဘက်က ပြောကြားထားသည်။ တောင်ကိုရီးယားအနေဖြင့် မိမိတို့၏ကိုယ်ပိုင်စွမ်းအားဖြင့် လုံခြုံရေးကို ရယူတည်ဆောက်ရ မည်ဖြစ်ကြောင်း လီဂျေးမြောင်က အလေးပေးပြောကြားခဲ့ပြီး နိုင်ငံ၏အစွမ်းအထက်ဆုံး Hyunmoo-5 ပဲ့ထိန်းဒုံး ကျည်ကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
RELATED POSTS
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
