တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
ထိုက်စံ (NSS) - အောက်တိုဘာ ၁ဝ
တောင်သူများ၏ အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ကြောင်း ကျောက်ကြီးမြို့ လွှတ်တော်အမတ်က အောက်တိုဘာ ၉ ရက်၊ နံနက်ပိုင်းက တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး(၁၄)ရက်မြောက်နေ့တွင် တောင်သူလယ်သမားများပိုင်ဆိုင်သည့် လယ်ယာမြေပုံစံ(၇) အမည်ပေါက် ပြောင်းလဲခြင်းလုပ်ငန်းစဉ်ဖြေလျော့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိကိုသိရှိလိုခြင်းနှင့်ပတ်သက်၍ဆက်စပ် မေးခွန်းမေးမြန်းရာတွင် ပြောကြားခဲ့သည့်အချက်အလက်များအရ သိရသည်။
ကျောက်ကြီးမြို့မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဟံသာဝင်းမှ ပုံစံ(၇)လျှောက်မရရှိသေးသည့် တောင်သူ များ၏ အခက်အခဲများကို ထည့်သွင်းစဉ်းစားပေးရန် ဆက်စပ်မေးခွန်းများ မေးမြန်းရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။
"ပုံစံ(၇) အမည်ပေါက်တစ်ခုဟာ စာရွက်တစ်ရွက်လို့ သတ်မှတ်လို့ မရပါဘူးခင်ဗျ။ ကျေးဇူးရှင်တောင်သူ လယ်သမားများရဲ့ အသက်မွေးဝမ်းကျောင်း၊ ချေးငွေရရှိမှုနှင့် မြေယာအခွင့်အရေးတို့နှင့် တိုက်ရိုက်ဆက်စပ်နေပါ တယ် ခင်ဗျ။ စိုင်းထီးဆိုင် သီချင်းလိုပေါ့ “မလွယ်တာတွေ့ရင် ပိုခက်တဲ့တခြားဘဝတွေကို ငဲ့ကြည့်ပါဦး” ဆိုသလိုပဲ ဝန်ကြီးဌာနအနေနဲ့ အများပြည်သူနှင့်တောင်သူလယ်သမားများ၏ အကျိုးကို ရှေးရှု၍ အကြံပြုချက်များကို လက်တွေ့ကျကျ စဉ်းစားဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒုတိယဝန်ကြီး ပြောသွားတဲ့ အထဲမှာလည်း ဆောင်ရွက်နိုင်တာတွေရှိတဲ့အတွက် အသေးစိတ်ပြန်လည်သုံးသပ်ပေးဖို့လည်း မေတ္တာရပ်ခံလိုပါတယ်။ တောင်သူ တွေရဲ့အခက်အခဲတွေကို ကျွန်တော်တို့ စကားနဲ့ပြောရရင် နိုင်ငံတော်သမ္မတကြီး သိရင် စိတ်ကောင်းမှာ မဟုတ်ပါ ဘူး ခင်ဗျာ” ဟု ဦးဟံသာဝင်းက ပြောကြားခဲ့သည်။
ထို့ပြင် လွှတ်ကိုယ်စားလှယ် ဦးဟံသာဝင်း မှ လယ်ယာမြေပုံစံ(၇)အမည်ပေါက်ပြောင်းလဲခြင်း လုပ်ငန်းစဉ် ဖြေလျော့ဆောင်ရွက်ပေးရေးအတွက် လုပ်ငန်းစဉ်များဆောင်ရွက်ရန် ဝန်ထမ်းဦးရေများ ခန့်အပ်ခြင်းများနှင့် ပတ်သက်၍ တင်ပြခဲ့ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ ရဲထက်ထွန်းမှ အောက်ပါကဲ့သို့ ဖြေကြားခဲ့ကြောင်း သိရသည်။
“ဝန်ထမ်းများ ခန့်ထားနိုင်ရေးဆောင်ရွက်ထားတဲ့လုပ်ငန်းစဉ်တွေ ရှိတာဖြစ်ပါတယ်။ လုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့အခါမှာ ဝန်ထမ်းဦးရေခန့်ထားချက်ကိုလည်း နိုင်ငံတော်က (၂၀၁၉)၊(၂၀၂၀)ကတည်းက ကျေးလက် မြေစာရင်းဦးစီးဌာန ယခင်ကတော့ လယ်ယာမြေ သန်းခေါင်စာရင်းမှန်ကန်ရေး ဦးစီးဌာနကို ကျွန်တော်တို့ ကျေးလက်မြေစာရင်းဦးစီးဌာနအဖြစ်ဖွဲ့စည်းပြီးတဲ့အခါမှာ ဖွဲ့စည်းပုံအရ ကျွန်တော်တို့ လိုအပ်တဲ့ ဝန်းထမ်းဦးရေရဲ့ (၇၀)ရာခိုင်နှုန်း ခန့်ထားဖို့ကိုလည်းပဲ နိုင်ငံတော်က ခွင့်ပြုထားရှိပြီးဖြစ်ပါတယ်။ အဲဒါကိုလည်းပဲ နှစ်အလိုက်မှာ ကျွန်တော်တို့ မြေစာရင်းဝန်ထမ်း လိုင်း(၄)၊ (၅) မှာ စပြီတော့ စိစစ်ခန့်ထားပြီးတော့ ဝန်ထမ်းတွေ ခန့်ထားနိုင်ရေး ကိုလည်း ကျွန်တော်တို့ နှစ်စဉ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒုတိယဝန်ကြီးက ဖြေကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပုံစံ(၇)အမည်ပြောင်း လျှောက်ထားရာတွင် အမွေဆက်ခံပိုင်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ လုပ်ငန်းစဉ်များ အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဖြေကြားခဲ့ ကြောင်း သိရသည်။
“ဆောင်ရွက်ရတဲ့ အခါမှာ သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနမှ ဥပဒေရေးရာဝန်ကြီးဌာနတို့နဲ့ ကျွန်တော်တို့ တင်ပြဆောင်ရွက်ပြီးတဲ့ အခါမှာ ပုံစံ(၇)အမည်ပြောင်းလျှောက်ထားတဲ့အခါမှာ အမွေဆက်ခံပိုင်ရှိတဲ့ လုပ်ငန်းစဉ် များနှင့် ပတ်သက်ပြီးတော့ မောင်နှမသားချင်းများက သဘောတူခွင့်ပြုတာ အငြင်းပွားမှုမရှိတာဆိုတဲ့ လုပ်ငန်းစဉ် တွေပေါ်မှာ မူတည်ပြီတော့ အမိန့်ရဲ့ညွှန်ကြားချက်နှင့်အညီ ပြောင်းလဲဆောင်ရွက်နိုင်ဖို့လည်းပဲ ဥပဒေရေးရာ ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးတော့ ပြန်လည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဖြေကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တောင်သူများမှ ပုံစံ(၇)အမည်ပြောင်းမရသေးသည့်အတွက် လိုအပ်သည့် စက်ယန္တရာများ ဝယ်ယူ၍ မရသော အခက်အခဲများရှိနေကြောင်း ကျောက်ကြီးမြို့မှ လွှတ်တော်ကိုယ်စားလှယ် ဦးဟံသာဝင်းက NP News သို့ ပြောသည်။
“တောင်သူတွေရဲ့လက်ရှိပြဿနာတွေက ပုံစံ(၇) ပြောင်းလဲတဲ့ လုပ်ငန်းစဉ်တွေ ရှုပ်ထွေးနေတယ်။ လက်ရှိဥပဒေတွေကလည်း စဉ်ဆက်တက်လာခဲ့တဲ့ အပေါ်မှာ နောက်မဖြစ်အောင်ဆိုပြီး ကန့်ကွက်တဲ့ကာလတွေ နောက်တရားရုံး ဖြတ်သန်းရတဲ့ အဆင့်တွေ လုပ်ကြတာပေါ့။ လုပ်ကြတော့ လက်ရှိတောင်သူတွေက ပုံစံ(၇)အမည်ပေါက်မရတဲ့ အချိန်မှာ လယ်ယာမြေအတွက်လိုအပ်တဲ့ ရိတ်သိမ်းခြွေလှေ့စက်တို့ ကျန်တဲ့ ဟာတွေကတော့ အမည်ပေါက်မရသေးတဲ့တောင်သူကျတော့ ဝယ်လို့ မရဘူး”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဟံသာဝင်းက ပြောကြားခဲ့သည်။
ထို့ပြင် တောင်သူများ၏ အခက်အခဲများအား နိုင်ငံသမ္မတကြီး အဆင့်ထိ သိရှိပါက ချက်ချင်းဖြေလျော့ပေးနိုင်မည် ဟု ယူဆကြောင်း ဦးဟံသာဝင်းက NP News သို့ ပြောကြားခဲ့သည်။
“လက်ရှိတစ်နှစ်ဆိုင်းငံ့နေတဲ့သူကတော့ တစ်နှစ်အတွင်းပြောင်းမယ်ဆိုတဲ့ ကတိခံဝန်ချက်နဲ့ လက်မှတ်ထိုးပြီးတော့ ထုတ်တာပေါ့။ အဲဒီထုတ်တဲ့ဟာကလည်း နောက်နှစ်ကို ထပ်ပေးမလား မပေးဘူးလား ဆိုတာကလည်း မသေချာဘူး။ မသေချာတော့ ပုံစံ(၇)ပြောင်းတဲ့ လုပ်ငန်းစဉ်က ဘယ်အချိန်ကျမှပဲ လုပ်ကြလဲဆိုတော့ သူတို့ မိသားစုထဲကမဟုတ်ဘဲ နောက်ထပ်ဝယ်တဲ့သူကိုပြောင်းမှပဲ ပုံစံ(၇) ပြောင်းကြတော့တာ။ လက်ရှိတောင်သူတွေ အောက်ခြေထိခက်ခဲနေတဲ့ဟာက လက်ရှိဝန်ကြီးဌာနတွေကတော့ သူတို့သိနေပြီ ဆိုတဲ့သဘောမျိုး ဖြေသွားတာ ပေါ့လေ။ အဲဒီတော့ ကျွန်တော်တို့က ဘာလဲဆိုရင် နိုင်ငံတော်သမ္မကြီးအဆင့် သိတယ်ဆိုရင်တော့ ချက်ချင်း ဖြေလျော့ပေးမယ်လို့တော့ ယူဆပါတယ်”ဟု ဦးဟံသာဝင်းကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖားကန့်စုပေါင်းရုံး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရပြီးနောက် လဝကလုပ်ငန်းများ မြစ်ကြီးနားယာယီရုံးသို့ပြောင်းရွှေ့ထား
RELATED POSTS
09 Nov 2026 | စီးပွားရေး,ပြည်တွင်း
09 Nov 2026 | စီးပွားရေး,နိုင်ငံတကာ
09 Nov 2026 | စီးပွားရေး,နိုင်ငံတကာ
