မြန်မာ့ထမနဲနှင့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်
စိမ့်စမ်းရေ (NSS) - အောက်တိုဘာ ၁၀
မြန်မာ့ရိုးရာ ထမနဲယဉ်ကျေးမှုနှင့် ရိုးရာလက်ရက်ကန်းပညာဖြစ်သည့် လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းတို့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့တင်သွင်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံတွင် ယမန်နေ့ (အောက်တိုဘာ ၉ ရက်) က ကျင်းပခဲ့သော တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် ချမ်းအေးသာစံမဲဆန္ဒနယ်မှ ဒေါ်မြင့်မြင့်ဌေး က မြန်မာမှု ရိုးရာစားစရာ “ထမနဲ” ကို လည်းကောင်း၊ မြန်မာမှု လက်ရာရက်ကန်းပညာ “လွန်းရာကျော်ကြိုးကြီး အချိတ်လုပ်ငန်း” ကိုလည်းကောင်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်စေရန် ယူနက်စကိုသို့ ပေးပို့လုပ်ဆောင်သင့်ကြောင်း အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့သည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက မြန်မာ့ထမနဲယဉ်ကျေးမှုကို လာမည့် ၂၀၂၇ ခုနှစ် မတ် (၃၁) ရက် နောက်ဆုံးထား၍လည်းကောင်း၊ လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်းကိုလာမည့် ၂၀၂၈ ခုနှစ် မတ် (၃၁) ရက် နောက်ဆုံးထား၍လည်းကောင်း ယူနက်စကိုသို့ အဆိုပြုလွှာတင်သွင်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ့လက်ဖက်ယဉ်ကျေးမှုကိုလည်း ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် မတ် (၂၀) ရက်တွင် ယူနက်စကိုသို့ အဆိုပြုလွှာပေးပို့ထားကြောင်း မြန်မာနိုင်ငံအမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးမှ သိရသည်။
မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် မေလ(၇) ရက်တွင် ယူနက်စကို၏ ၂၀၀၃ ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပဋိညာဉ်စာချုပ်၌ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်စီးပွားရေးတက္ကသိုလ် HRD အောက်ဖွင့်သော မဟာတန်းများတွင် စီးပွားရေးဆိုင်ရာမဟာဘွဲ့ရသူများအား ဦးစားပေး ရွေးချယ်နေ
RELATED POSTS
09 Nov 2026 | စီးပွားရေး,နိုင်ငံတကာ
09 Nov 2026 | စီးပွားရေး,နိုင်ငံတကာ
09 Nov 2026 | စီးပွားရေး,နိုင်ငံတကာ
