အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ဆုတံဆိပ် (၅)ခု ရရှိထား၊ နိုင်ငံအလိုက်အဆင့် (၂၃) တွင် ရပ်တည်
သန့်မင်းအိမ် (NSS) - အောက်တိုဘာ ၄
ဂျပန်နိုင်ငံ Aichi-Nagoya ၌ ကျင်းပလျက်ရှိသည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ယနေ့အထိ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်နှစ်ခု စုစုပေါင်း ဆုတံဆိပ် (၅)ခု ရရှိထားပြီး ပြိုင်ပွဲဝင်နိုင်ငံ (၄၅) နိုင်ငံအနက် နိုင်ငံအလိုက်အဆင့် (၂၃) တွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းမှ အုပ်ချုပ်သူနှစ်ဦး၊ နည်းပြနှစ်ဦးနှင့် အမျိုးသားအားကစားသမား (၁၁) ဦး၊ အမျိုးသမီးအားကစားသမား သုံးဦး စုစုပေါင်းအင်အား (၁၈) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ အားကစားသမားများဖြစ်ကြသည့် ဇော်မင်းခန့်၊ ရှိန်းဝဏ္ဏဇော်၊ ရဲထက်၊ အောင်မျိုးကျော်၊ သက်ပိုင်စိုးနှင့် ဇင်မင်းဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအတွက် တတိယကြေးတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူးရယူပေးခဲ့ကြောင်း သိရသည်။
အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲတွင် ဂျပန်အသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယ၊ မြန်မာအသင်းက တတိယနှင့် အိန္ဒိယအသင်းက ပူးတွဲတတိယဆုများကို ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် လွန်ခဲ့သည့် (၂၀၁၈) ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၈) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းနှင့် ဝူရှူးအားကစားနည်းတို့မှ ကြေးတံဆိပ်တစ်ခုစီ ဆွတ်ခူးခဲ့ပြီး (၂၀၂၃) ခုနှစ် တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းမှ ရွှေတံဆိပ်တစ်ခုနှင့် လှေလှော်အားကစားနည်းမှ ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခု (၂၀၂၆) ခုနှစ် စက်တင်ဘာ (၁၉) ရက်မှ အောက်တိုဘာ (၄) ရက်အထိ ဂျပန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း (၄၃) နည်း ထည့်သွင်းကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ တက်ဂ်ဘော၊ Esports၊ ပိုက်ကျော်ခြင်း၊ ကျွမ်းဘားနှင့် အမျိုးသမီးဘောလုံး စသည့် အားကစားနည်းငါးနည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းထုတ်ပြန်ချက်အရသိရသည်။
ထိုသို့ ယှဉ်ပြိုင်ရာတွင် မြန်မာနိုင်ငံအနေဖြင့် တက်ဂ်ဘောအားကစားနည်းမှ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၁)ခု၊ Esports အားကစားနည်းမှ ရွှေတံဆိပ်(၁)ခုနှင့် ပိုက်ကျော်ခြင်းအားကစားနည်းမှ ကြေးတံဆိပ်(၁)ခု စုစုပေါင်း ဆုတံဆိပ်(၁)ခု ဆွတ်ခူးရရှိထားကြောင်းသိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ယနေ့အထိ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်နှစ်ခု စုစုပေါင်း ဆုတံဆိပ် ငါးခုရရှိထားပြီး ပြိုင်ပွဲဝင်နိုင်ငံ (၄၅) နိုင်ငံအနက် နိုင်ငံအလိုက်အဆင့် (၂၃) တွင် ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေး နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာအသင်းသည် ယခင်အာရှအားကစားပြိုင်ပွဲများတွင် ရရှိခဲ့သည့် ဆုတံဆိပ်များထက်သာလွန်၍ အောင်မြင်မှုများ ပိုမိုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်တပ်ဖွဲ့ဝင်များကို Combat Pay တိုးမြှင့်ပေး
RELATED POSTS
04 Nov 2026 | အားကစား,ပြည်တွင်း
03 Nov 2026 | အားကစား,ပြည်တွင်း
03 Nov 2026 | အားကစား,နိုင်ငံတကာ
03 Nov 2026 | အားကစား,ပြည်တွင်း
