မြန်မာ့လက်ရွေးစင် နဂါးလှေလှော်အသင်း ငွေတံဆိပ်ငါးခု နှင့် ကြေးတံဆိပ်လေးခု ဆွတ်ခူးရရှိ
သန့်မင်းအိမ် (NSS) - အောက်တိုဘာ ၄
တရုတ်နိုင်ငံ၌ ပြီးခဲ့သည့် (စက်တင်ဘာ ၂၅ ရက်)မှ ယမန်နေ့ (အောက်တိုဘာ ၃ ရက်)အထိ ကျင်းပခဲ့သည့် (World Cup) ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်လက်ရည်စစ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် နဂါးလှေလှော်အားကစားအသင်းက မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ငွေတံဆိပ်ငါးခု နှင့် ကြေးတံဆိပ်လေးခု ဆွတ်ခူးရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ (၃၀) ရက်တွင် ကျင်းပသည့် အမျိုးသားအလွတ်တန်း (၈) တက်လှော် မီတာ (၂၀၀၀) ပြိုင်ပွဲတွင် ရုရှားအသင်းက ပထမ၊ စပိန်အသင်းက ဒုတိယနှင့် မြန်မာအသင်းက တတိယနေရာ ရရှိခဲ့ပြီး အောက်တိုဘာ (၃) ရက်တွင် ကျင်းပသည့် အမျိုးသား/အမျိုးသမီး အလွတ်တန်း (၁၀) တက်လှော် မီတာ (၅၀၀) ပြိုင်ပွဲ၌ ရုရှားအသင်းက ပထမ၊ ဟန်ဂေရီအသင်းက ဒုတိယနှင့် မြန်မာအသင်းက တတိယနေရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အမျိုးသားအလွတ်တန်း (၁၀) တက်လှော် မီတာ (၂၀၀၀) ပြိုင်ပွဲတွင် ရုရှားအသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယနှင့် ယူကရိန်းအသင်းက တတိယနေရာ ရရှိခဲ့ပြီး အမျိုးသား/အမျိုးသမီး အလွတ်တန်း (၁၀) တက်လှော် မီတာ (၂၀၀၀) ပြိုင်ပွဲတွင် ဟန်ဂေရီအသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယနှင့် စပိန်အသင်းက တတိယနေရာ အသီးသီးရရှိခဲ့ရာ မြန်မာ့လက်ရွေးစင် နဂါးလှေလှော်အားကစားအသင်းက ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း ကြကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲမတိုင်မီ စက်တင်ဘာ (၂၅) ရက်မှ အောက်တိုဘာ (၃) ရက်အထိ တရုတ်နိုင်ငံ ယွမ်လင်မြို့၌ အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်၏ ကြီးမှူးမှုဖြင့် ကျင်းပသည့် ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲတွင်လည်း မြန်မာ့လက်ရွေးစင် လှေလှော်အသင်းက အာရှနှင့် အရှေ့တောင်အာရှဒေသမှ နိုင်ငံများအပါအဝင် ပြိုင်ပွဲဝင်နိုင်ငံ (၂၄) နိုင်ငံအနက် ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ်(၂)ခု ဆွတ်ခူးရရှိထားကြောင်းသိရသည်။
ယခု ဟန်ကျိုးမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော် လက်ရည်စစ်ပြိုင်ပွဲတွင်လည်း ငွေတံဆိပ်(၂)ခုနှင့် ကြေးတံဆိပ်(၂)ခု ထပ်မံရရှိခဲ့သဖြင့် မြန်မာ့လက်ရွေးစင် နဂါးလှေလှော်အသင်းသည် အဆိုပါ နိုင်ငံတကာပြိုင်ပွဲများမှ စုစုပေါင်း ငွေတံဆိပ်(၅)ခုနှင့် ကြေးတံဆိပ်(၄)ခု ဆွတ်ခူးရရှိနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စပိန်နိုင်ငံမှာ Bar ဆိုင် ပြိုကျပြီး လူ (၁၂) ဦး ဒဏ်ရာရ
RELATED POSTS
04 Nov 2026 | အားကစား,ပြည်တွင်း
03 Nov 2026 | အားကစား,ပြည်တွင်း
03 Nov 2026 | အားကစား,နိုင်ငံတကာ
03 Nov 2026 | အားကစား,ပြည်တွင်း
