မန္တလေးလေဆိပ်မှ လေကြောင်းခရီးစဉ်ပြေးဆွဲမှု (၂) ရက်ခန့် ရပ်နားပြီးနောက် မနက်ဖြန်တွင် ပြန်လည်ပေးဆွဲမည်ဟု MAI အသိပေး
သန့်ဇင် (NSS) - စက်တင်ဘာ ၁၂
မန္တလေးလေဆိပ်မှ လေကြောင်းခရီးစဉ်ပြေးဆွဲမှု (၂) ရက်ခန့်ရပ်နားပြီးနောက် မနက်ဖြန်(စက်တင်ဘာ ၁၃ ရက်)တွင် ပုံမှန်အတိုင်း ပြန်လည်ပေးဆွဲသွားမည်ဖြစ်ကြောင်း Myanmar Airways International(MAI)က အသိပေးထုတ်ပြန်ထားသည်။
စက်တင်ဘာ (၁၀) ရက်က လုပ်ငန်းလည်မှုဆိုင်ရာကိစ္စရပ်များကြောင့် မန္တလေးလေဆိပ်မှ ပျံသန်းပြေးဆွဲနေသည့် နိုင်ငံတကာခရီးစဉ်များကို ခေတ္တယာယီရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ခေတ္တရပ်နားထားစဉ်ကာလအတွင်း MAI နှင့် မင်္ဂလာလေကြောင်းလိုင်းမှ ပြည်တွင်းခရီးစဉ်များကို အနီးစခန်းလေဆိပ် (ပြင်ဦးလွင်) မှ ပြောင်းလဲပြေးဆွဲခဲ့ကြောင်း သိရသည်။
ခရီးစဉ်ရွှေ့ပြောင်းမှုအခြေအနေနှင့်ပတ်သက်၍လည်း လက်မှတ်ခများ ငွေအပြည့် ပြန်လည်ထုတ်ပေးခြင်းနှင့် ခရီးစဉ်လမ်းကြောင်း (၁) ကြိမ်ကို အခမဲ့ပြောင်းလဲနိုင်ခြင်းတို့ကို ရွေးချယ်လုပ်ဆောင်နိုင်စေရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြီးခဲ့သည့် စက်တင်ဘာ (၁၀) ရက်က PDF အဖွဲ့၏ FPV Suicide Drone (၆)စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် လေကြောင်းလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့ပြီး အဆိုပါ Drone ယာဉ်များအား Drone ရန်ကာကွယ်ရေးအစီအမံများဖြင့် ဟန့်တားနိုင်ခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်အချို့ ခေတ္တရပ်ဆိုင်းခဲ့ရပြီး ဖြစ်စဉ်တွင် လူ၊ ယာဉ်နှင့် လေယာဉ်ပြေးလမ်းများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ စက်တင်ဘာလ(၁၂)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
RELATED POSTS
08 Oct 2026 | ခရီးသွား,နိုင်ငံတကာ
08 Oct 2026 | ခရီးသွား,ပြည်တွင်း
07 Oct 2026 | ခရီးသွား,ပြည်တွင်း
06 Oct 2026 | ခရီးသွား,ပြည်တွင်း
