ကနေဒါ လေယာဉ်ကုမ္ပဏီအနေနှင့် အမေရိကန်တွင် လာရောက်ထုတ်လုပ်ရန် သမ္မတ ထရမ့်ခြိမ်းခြောက်၊ တရုတ်အသာစီး ရနေတဲ့ ကုန်သွယ်ရေးစစ်ပွဲ အလားအလာ (နိုင်ငံတကာရေးရာ ဆောင်းပါး)
HtayOung (NSS)- စက်တင်ဘာ ၈
ကနေဒါနိုင်ငံရဲ့ ပုဂ္ဂလိက ဂျက်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Bombardier ဘွန်ဘတ်ဒီးယား အနေနဲ့ အမေရိကန်မှာ လေယာဉ်များကို ရောင်းချလိုလျင် အမေရိကန်ပြည်တွင်းမှာ ပိုမိုထုတ်လုပ်ရမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ကြောင်း ရိုက်တာသတင်းအေဂျင်စီ (8 September 2026) က ရေးတယ်။
ဒါပေမဲ့ မြောက်ဖက် အိမ်နီးချင်း မဟာမိတ်နိုင်ငံရဲ့လေယာဉ်များကို အမေရိကန်မှာ အမှန်တကယ် မရောင်းချနိုင်အောင် ထရမ့်က ဘယ်လိုတားဆီးမယ်ဆိုတာ ရှင်းလင်းစွာ မသိရသေးပါ။ ဘွန်ဘတ်ဒီးယား လေယာဉ်တွေဟာ အမေရိကန် ဖက်ဒရယ်လေကြောင်း ညွှန်ကြားမှုဌာနရဲ့ ခွင့်ပြုချက်ရရှိထားပြီး USMCA ခေါ် ၂၀၂၀ ခုနှစ် ကနေဒါ-မက္ကဆီကို-အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက်နဲ့လည်း ကိုက်ညီနေပါတယ်။
အမေရိကန်ဝယ်လက်များအနေနဲ့ကလည်း ဘွန်ဘတ်ဒီးယားက မှာထားတဲ့ လေယာဉ်အော်ဒါများကို ဖျက်သိမ်း မယ် မထင်ကြောင်း လေကြောင်းစီးပွားရေးပညာရှင်တစ်ဦးက မှတ်ချက်ပေးတယ်။ ဘွန်ဘတ်ဒီးယား လေယာဉ်တွေ ကိုယ်ထည်တိုင်းမှာလည်း အမေရိကန်ထုတ်ပစ္စည်းများ အများအပြား ပါဝင်ပြီး အမေရိကန်လုပ် အင်ဂျင်များ တပ်ဆင်ထားတယ်။
အမေရိကန်နဲ့ ကနေဒါ လေကြောင်းလုပ်ငန်းများမှာ ထဲထဲဝင်ဝင် အပြန်အလှန်ချိတ်ဆက်နေကြတယ်။ အခြား လုပ်ငန်းများနဲ့မတူဘဲ လေယာဉ်နဲ့အစိတ်အပိုင်းများ ကူးသန်းမှုဟာ ထရမ့်ရဲ့ အခွန်စစ်ပွဲကြောင့် ကြီး ကြီးမားမား မထိခိုက်သေးခြင်းသာ ဖြစ်ပါတယ်။
ဘွန်ဘတ်ဒီးယားကိုယ်တိုင်လည်း အမေရိကန်မှာ ဝန်ထမ်း ၃,၅၀၀ ခန့်၊ အမေရိကန်ကုန်ပစ္စည်းပေးသွင်းသူ ၂,၈၀၀ ခန့်နဲ့ စက်ရုံ၊ ဝန်ဆောင်မှုစင်တာများ ရှိနေတယ်။ တက္ကဆက်ပြည်နယ်မှာ Global 8000 လေယာဉ် တောင်ပံများကို ထုတ်လုပ်နေပြီး ကင်ဆတ်ပြည်နယ်မှာလည်း ပင်တာဂွန်အတွက် ကာကွယ်ရေးလုပ်ငန်း စက်ရုံ ရှိနေတယ်။ ဘွန်ဘတ်ဒီးယားဖောက်သည်များ အသုံးပြုနေတဲ့ လေယာဉ် ၅,၁၀၀ ခန့်အနက် ထက်ဝက်နီးပါး ဟာ အမေရိကန်မှာ လုပ်ကိုင်နေခြင်းကြောင့် အမေရိကန်ဈေးကွက်ဟာ ဘွန်ဘတ်ဒီးယားအတွက် အလွန်အ ရေးကြီးတယ်။ ဇန်နဝါရီလတုန်းကလည်း ကနေဒါထုတ်လေယာဉ်များအပေါ် ၅၀% အခွန်ကောက်မယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ပေမယ့် အကောင်အထည် မဖော်ခဲ့ပါ။
(သမ္မတထရမ့်က “အမေရိကန်ဈေးကွက်ကို အသုံးပြုချင်ရင် အမေရိကန်မှာ လာရောက်လုပ်ကိုင် ထုတ်လုပ်ပါ” ဆိုတဲ့ မူဝါဒနဲ့ ပြည်ပကုမ္ပဏီတွေကို အမေရိကန်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထုတ်လုပ်စေဖို့ ဖိအားပေးနေတယ်။ နိုင်ငံအလိုက် မတူညီတဲ့ Tariff rate ကုန်သွယ်ခွန်နှုန်းထားတွေ သတ်မှတ်နေတယ်။ မြန်မာအပါအဝင် နိုင်ငံအများအပြားကို အခွန်တိုးမြှင့်ခဲ့ပေမယ့် တရုတ်အတွက်တော့ သီးခြားညှိနှိုင်းမှုနဲ့ အခွန်နှုန်းထားတွေ သတ်မှတ်ထားတယ်။ ၂၀၂၆ ခုနှစ်တစ်လျှောက်လုံး နိုင်ငံအလိုက် အခွန်စည်းမျဉ်းတွေ ဆက်တိုက်ပြောင်းလဲနေတယ်။
အဲ့ဒီလို သတ်မှတ်ခြင်းဟာ တရုတ်နဲ့ ကုန်သွယ်နေလို့ မဟုတ်ပဲ၊ အမေရိကန်ရဲ့ ကုန်သွယ်ရေးလိုငွေပြမှု (trade deficit) ကို လျှော့ချရန်၊ ပြည်တွင်းထုတ်လုပ်မှုနဲ့ အလုပ်အကိုင် ပြန်တိုးမြင့်စေရန်၊ တရုတ်လို နိုင်ငံတွေရဲ့ ဈေး နှုန်းချိုသာတဲ့ ပို့ကုန်နဲ့ စက်မှုစွမ်းရည်သာလွန်ခြင်းကို တုံ့ပြန်ရန် ဖြစ်တယ်။
၁၉၇၈ နောက်ပိုင်း တရုတ်နိုင်ငံရဲ့ စီးပွားရေးတံခါးဖွင့်လှစ်မှု၊ ဈေးသက်သာတဲ့ အလုပ်သမားအင်အား၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အအုံကြီးမားစွာ တည်ဆောက်မှုတို့ကို ပေါင်းစပ်ပြီး နိုင်ငံကို “ကမ္ဘာ့စက်ရုံ” ဖြစ်အောင် ဖန်တီးလိုက်တယ်။ ၂၀၀၁ ခုနှစ် WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် ဖြစ်လာပြီးနောက် ကမ္ဘာ့ကုန်ပစ္စည်း တင်ပို့မှု ကွင်းဆက်အတွင်း ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်နိုင်ခဲ့တယ်။
တရုတ်ဟာ ဈေးသက်သာစွာ ထုတ်လုပ်နိုင်မှု၊ နိုင်ငံခြားကုမ္ပဏီများကို ဆွဲဆောင်နေမှု၊ ကမ္ဘာ့ဈေးကွက်နဲ့ WTO ချိတ်ဆက်မှုကို နှစ်ပေါင်း ၄၀ ကျော် ဆက်တိုက်တည်ဆောက်ခဲ့လို့ ကမ္ဘာ့စက်ရုံ ဖြစ်လာတယ်။ မြေရှား သတ္တုနဲ့ အရေးကြီးကုန်ကြမ်းများကို ထိန်းချုပ်နိုင်တယ်။ စျေးနှုန်းချိုသာစွာ ရောင်းချနိုင်တယ်။ အမေရိကန်ထက် ပို့ကုန် ဈေးကွက်များ ပိုမိုကျယ်ပြန့်ပြီး အခြားနိုင်ငံများနဲ့ ကုန်သွယ်ဖက်ဆက်ဆံရေး များပြားပါတယ်။
အမေရိကန်မှာ ကမ္ဘာ့အကြီးဆုံးစားသုံးသူဈေးကွက်၊ ဒေါ်လာနောက်ခံ၊ နည်းပညာနဲ့ ငွေကြေးစနစ် အားသာ ချက်ရှိတယ်။ ဒါပေမဲ့ တရုတ်ကို လုံးဝအနိုင်ယူဖို့ထက် မာန မလျှော့နိုင်တဲ့ နှစ်နိုင်ငံစလုံးက အပြန်အလှန်နစ်နာ နိုင်တဲ့ ကုန်သွယ်ရေးစစ် ဖြစ်လာနိုင်ခြေ ပိုများတယ်။ ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သိန္နီတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွား
RELATED POSTS
08 Oct 2026 | ဆောင်းပါး,ပြည်တွင်း
08 Oct 2026 | ဆောင်းပါး,နိုင်ငံတကာ
