KIA က အကျိုးအမြတ်ရသည့် ကချင်က မြေရှားလုပ်ကွက်များကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဒဏ်ကို ဒေသခံများ ခံစားနေရ
သန့်ဇင် (NSS) - စက်တင်ဘာ ၅
ကချင်ပြည်နယ်မှ မြေရှားတူးဖော်မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူ KIA အဖွဲ့က အကျိုးအမြတ်မြောက်များစွာ ရရှိသော်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၏ဒဏ်ကို ဒေသခံများခံစားနေရလျက်ရှိကြောင်း (၆၃) ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေး၌ ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးကတင်သွင်းမည့်အစီရင်ခံစာအပေါ် မြန်မာနိုင်ငံ၏ လေ့လာတွေ့ရှိချက်များတွင် ဖော်ပြထားချက်အရ သိရသည်။
ကချင်ပြည်နယ်ရှိ ချီဖွေနှင့် ပန်ဝါ ဒေသများနှင့် ရှမ်းပြည်နယ်တိုတွင် မြေရှားတူးဖော်ရေးအတွက် တရားဝင်လုပ်ပိုင်ခွင့်ပေးခြင်း သိုမဟုတ် ပါမစ်ချထားခြင်းမရှိဘဲ ယင်းဒေသများတွင် မြေရှားထုတ်လုပ်မှုအများစုမှာ လက်နက်ကိုင်အဖွဲ့များနှင့် အထူးသဖြင့် KIA အဖွဲ့က တရားမဝင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
ထို့ပြင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာ (A/HRC/63/21)တွင်လည်းမြေရှားများကို လက်နက်ကိုင်အဖွဲများ ထိန်းချုပ်သည့် ကုန်းတွင်းနယ်စပ်များမှ ဖြတ်သန်းသယ်ဆောင်ကြောင်း ဖော်ပြထားပြီး ကချင်ပြည်နယ်တွင် မြေရှားတူးဖော်မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူအဖွဲက အကျိုးအမြတ်မြောက်များစွာ ရရှိသော်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၏ဒဏ်ကို ဒေသခံများ ခံစားရလျက်ရှိကြောင်း ဖော်ပြရေးသားထားသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့က တရားမဝင် မြေရှားတူးဖော်ခြင်းအတွက် ဆက်ကြေးကောက်သည်ဟု သိရှိရကြောင်းလည်း ရေးသားထားသည်။
ထို့ပြင် ထိုင်းနိုင်ငံရှိ ကုတ်မြစ်ညစ်ညမ်းကြောင်းစွပ်စွဲချက်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ်မှစ၍ နမ့်ခုတ်မြစ်ရေကို တိုင်းတာခဲ့ကြောင်း ရေးသားထားသည်။
ရှမ်းပြည်နယ်ရှိ ဒေသခံတာဝန်ရှိသူများက နမ့်ခုတ်မြစ်တလျှောက် စစ်ဆေးခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများကို ၂၀၂၅ ခုနှစ်၊ မေလ နှင့် ဇွန်လတို့တွင် ဆောင်ရွက်ခဲ့ပြီး ရေအရည်အသွေးအကဲဖြတ်ခြင်းကို နမ့်ခုတ်မြစ်တလျှောက် (၇)နေရာ အပါအဝင် ရှမ်းပြည်နယ် မိုင်းဆက်ခရိုင်ရှိ နေရာ(၇)ခုတွင် ဆောင်ရွက်ခဲ့ကြောင်း ရေးသားထားသည်။
ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် နိုင်ငံနယ်နိမိတ်အတွင်းရှိ မြစ်ကြောင်းတလျှောက် ရေအရည်အသွေးကို လစဉ် ဆက်လက်စောင့် ကြည့် လျက်ရှိပြီး တိုင်းတာမှုများအရ ၂၀၂၅ ခုနှစ် ဇူလိုင်နှင့် ဩဂုတ်လ မှအပ ကျန်လများအားလုံးတွင် အာဆင်းနစ် ပါဝင်နှုန်းမှာ WHO လမ်းညွန်နှင့် ထိုင်းနိုင်ငံ၏ စံနှုန်း ဖြစ်သည့် တစ်လီတာလျှင် ၀.၀၁ မီလီဂရမ် အောက်တွင်သာရှိကြောင်းလည်း ရေးသားထားသည်။
ဇူလိုင်နှင့် ဩဂုတ်လတွင် ယင်းပါဝင်နှုန်းမှာ WHO လမ်းညွှန်ထက်အနည်းငယ်မြင့်မားကြောင်း တွေ့ရှိရ သော်လည်း မြန်မာနိုင်ငံ၏ အမျိုးသားစံနှုန်းဖြစ်သည့် တစ်လီတာလျှင် ၀.၀၅ မီလီဂရမ် အောက်တွင်ရှိရာ ၂၀၂၅ ခုနှစ်၊ မေလတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့သည် နမ့်ခုတ်မြစ်တလျှောက် မြေပြင်စစ်ဆေးရေးဆောင်ရွက်ခဲ့ကြောင်းလည်း ရေးသားထားသည်။
ထိုသို့ဆောင်ရွက်စဉ် စစ်ဆေးရေးအဖွဲသည် UWSA အဖွဲ့က လုပ်ကိုင်သည့် သတ္တုတူးဖော်ရေးနေရာတစ်ခုတွေ့ရှိခဲ့ပြီး ယင်းနေရာတွင် ၂၀၂၂ ခုနှစ်မှစတင်၍ လှုပ်ရှားနေခဲ့ကာ ၂၀၂၅ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ကြောင်းလည်း ရေးသားထားသည်။
မြန်မာ နှင့် ထိုင်းနှစ်နိုင်ငံကြား နှစ်ဖက် ဆက်လက်ထိတွေ့ပူးပေါင်းလျက်ရှိပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ခိုင်မာစေရေး အဆင့်မြင့်ဝန်ကြီးအဆင့်အစည်းအဝေးကိုလည်း ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်းနှင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်၏ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ထိုင်းနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နယ်နိမိတ်နှင့် နယ်စပ်ဖြတ်ကျော်မြစ်များ ရေအရည် အသွေးစီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့လုပ်ငန်းလမ်းညွှန် (TOR) ကို လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း အစီရင်ခံစာအပေါ် မြန်မာနိုင်ငံ၏ လေ့လာတွေ့ ရှိချက်များတွင် ထည့်သွင်းရေးသားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Tesla က စတီယာရင် မပါဝင်တဲ့ Cybercab မော်တော်ယာဉ်တွေကို စီးပွားဖြစ် စတင်ပြေးဆွဲလာ
RELATED POSTS
10 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
07 Oct 2026 | အထွေထွေ,ပြည်တွင်း
