ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လုံခြုံရေးအတွက် CCTV ကင်မရာ အလုံး ၂၅၀ ထပ်မံတပ်ဆင်မည်
ပုလဲ (NSS) - သြဂုတ် ၁၄
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လုံခြုံရေးအတွက် CCTV ကင်မရာ ၂၅၀ လုံးထပ်မံတပ်ဆင်မည်ဖြစ်ကြောင်း ပြန်ကြားရေး၊ ကယ်ဆယ်ရေး၊ သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက ယနေ့ (သြဂုတ်လ ၁၄ရက်) တွင် ကျင်းပသော တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် လှိုင်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးစံကျော်က ရွှေတိဂုံဘုရား မုခ်ဦးလေးခုရှိ ဘုရားပရဝဏ်အတွင်း ကိုယ်ပိုင်ယာဉ်များ၊ အငှားယာဉ် (Taxi) များ ယာဉ်ရပ်နားနိုင်ရန် ယာဉ်ရပ်နားကွင်းများအား တိုးချဲ့ပေးရန်နှင့် လုံခြုံရေး CCTV ကင်မရာများ တပ်ဆင်ပေးရေးနှင့်စပ်လျဉ်း၍မေးမြန်းခဲ့သည့်အပေါ် ဦးနေလင်းထွန်းက ပြန်လည်ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ထိုသို့ ပြန်လည်ဖြေကြားရာတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လုံခြုံရေးအတွက် စေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် CCTV ကင်မရာ ၃၅၀ လုံးအား ၂၀၁၇ ခုနှစ်မှ စတင်ပြီး တပ်ဆင်ထားရှိကြောင်း၊ ယာဉ်ဝင်/ထွက်ပေါက်များ၊ လူဝင်/ထွက်ပေါက်များ၊ ယာဉ်ဝင်ကြေး ကောက်ခံသည့်နေရာများ၊ ရင်ပြင်အဆင်းလမ်းနေရာများနှင့် ယာဉ်ရပ်နား ကားဝင်းနေရာများတွင် CCTV ကင်မရာ ၃၅ လုံး တပ်ဆင်ထားကြောင်းပြောကြားခဲ့သည်။
ထို့အတူ စေတီတော်မြတ်ကြီးနှင့် ဆက်စပ်ကားလမ်းများဖြစ်သည့် အာဇာနည်လမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ဦးဥတ္တမလမ်းနှင့် အနောက်ရွှေဂုံတိုင်လမ်းတို့တွင်လည်း ကားပတ်လမ်းတစ်လျှောက် CTV ကင်မရာ ၁၅ လုံး တပ်ဆင်ထားရှိကြောင်း၊ ထို့ကြောင့် လက်ရှိတွင် CCTV ကင်မရာ ၄၀၀ တပ်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထပ်မံ၍ CCTV ကင်မရာ အလုံး ၂၅၀ တပ်ဆင်ရန် တင်ဒါခေါ်ယူထားပြီးဖြစ်ကြောင်းလည်း ပြန်ကြားရေး၊ ကယ်ဆယ်ရေး၊ သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက ပြောကြားထားသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ယာဉ်ဝင်ရောက်မှုအနေဖြင့် ယာဉ်ဝင်ကြေးကောက်ခံမှုစာရင်းများအရ ရုံးဖွင့်ရက်များတွင် ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ် စုစုပေါင်း ၂၈၀၀ ခန့်၊ အစိုးရရုံးပိတ်ရက်များတွင် ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ် စုစုပေါင်း ၇၃၀၀ ခန့်နှင့် စေတီတော်ကြီး၏ ပွဲတော်ရက်များတွင် ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ် စုစုပေါင်း ၈၀၀၀ ခန့် လာရောက်လျက်ရှိကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ အိန္ဒိယစင်တာတွင် "နယ်မြေပိုင်းခြားမှုအတွက် ဝမ်းနည်းထိတ်လန့်မှုများအား အောက်မေ့ဖွယ်နေ့" အခမ်းအနား ကျင်းပ
RELATED POSTS
10 Sep 2026 | နည်းပညာ,ပြည်တွင်း
07 Sep 2026 | နည်းပညာ,နိုင်ငံတကာ
07 Sep 2026 | နည်းပညာ,ပြည်တွင်း
07 Sep 2026 | နည်းပညာ,နိုင်ငံတကာ
