ပခုက္ကူ အပါအဝင် မြစ်ကမ်းနားမြို့ (၈) မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားရန် မိုးဇလထုတ်ပြန်
သန့်မင်းအိမ် (NSS) - ဩဂုတ် ၁၄
ပခုက္ကူ အပါအဝင် မြစ်ကမ်းနားမြို့ (၈) မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ (ဩဂုတ်လ ၁၄ရက်) နံနက်ပိုင်း ထုတ်ပြန်ချက်အရ သိရသည်။
ဧရာဝတီမြစ်ရေသည် ယနေ့ (ဩဂုတ် ၁၄ ရက်) နံနက် (၆) နာရီခွဲအချိန် တိုင်းထွာချက်များအရ မြင်းမူမြို့တွင် စိုးရိမ်ရေမှတ်အထက် (၁၂) စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး နောက် (၁) ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။
ပခုက္ကူမြို့တွင် စိုးရိမ်ရေမှတ်အထက် (၄၄) စင်တီမီတာ ကျော်လွန်နေပြီး နောက် (၁) ရက်အတွင်း (၂၅) စင်တီမီတာခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် ညောင်ဦးမြို့တွင် စိုးရိမ်ရေမှတ်အထက် (၇၄) စင်တီမီတာ ကျော်လွန်နေပြီး နောက် (၁) ရက်အတွင်း (၂၅) စင်တီမီတာခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်းနှင့် ဆိပ်သာမြို့တွင် စိုးရိမ်ရေမှတ်အထက် (၄၀) စင်တီမီတာ ကျော်လွန်ကာ နောက် (၁) ရက်အတွင်း (၂၅) စင်တီမီတာခန့် မြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၎င်းပြင် ဟင်္သာတမြို့တွင် စိုးရိမ်ရေမှတ်အထက် (၉) စင်တီမီတာ ကျော်လွန်နေပြီး နောက် (၁) ရက်အတွင်း (၂၅) စင်တီမီတာခန့် မြင့်တက်လာနိုင်ကာ နှစ်မြို့လုံးတွင် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်းနှင့် ဇလွန်မြို့တွင်လည်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက် (၁) ရက်အတွင်း (၂၅) စင်တီမီတာခန့် ထပ်မံမြင့်တက်လာနိုင်သဖြင့် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် (၉၄) စင်တီမီတာ ကျော်လွန်နေပြီး နောက် (၁) ရက်အတွင်း (၅) စင်တီမီတာခန့် ကျဆင်းလာနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေမည် ဖြစ်ပြီး စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် (၃၃) စင်တီမီတာ ကျော်လွန်နေပြီး နောက် (၁) ရက်အတွင်း (၅) စင်တီမီတာခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ယင်းပြင် ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ်အထက် (၇၈) စင်တီမီတာ ကျော်လွန်နေပြီး နောက် (၁) ရက်အတွင်း (၂၅) စင်တီမီတာခန့် ကျဆင်းလာနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် မြင်းမူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြပါရန်နှင့် ပခုက္ကူမြို့နယ်၊ ညောင်ဦးမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ ဘားအံမြို့နယ်၊ ဆိပ်သာမြို့၊ မဒေါက်မြို့နှင့် မြစ်ငယ်မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမရပူရမြို့နယ်တွင် ယခင်နှစ်များကထက် ရေလွှမ်းမိုးမှုပမာဏ ပိုများသည့်အတွက် စခန်းများတွင် နေထိုင်သည့်ကာလ ကြာမြင့်နိုင်ဟုဆို
RELATED POSTS
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
11 Sep 2026 | အထွေထွေ,ပြည်တွင်း
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
