ဧရာဝတီတိုင်းမှ ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်နှင့်အတူ စေတနာရှင်အလှူရှင်များက ငွေကျပ် (၂၃) ဘီလျံကျော် လှူဒါန်းထား
သန့်ဇင် (NSS) - ဩဂုတ် ၁၀
ဧရာဝတီတိုင်းမှ ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်နှင့်အတူ စေတနာရှင်အလှူရှင်များက ငွေကျပ် (၂၃) ဘီလျံကျော် လှူဒါန်းခြင်းကို လက်ခံရယူထားကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယမန်နေ့ (ဩဂုတ်လ ၉ ရက်) နံနက်ပိုင်းက ဟင်္သာတမြို့နယ်၊ လဟာပကျေးရွာဘုန်းတော်ကြီးကျောင်း၌ လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် မိမိအနေဖြင့် ယမန်နေ့ကတည်းကပင် လာရောက်တွေ့ဆုံနိုင်ရေးဆောင်ရွက်ခဲ့သော်လည်း ရာသီဥတုအခြေအနေမပေးသဖြင့် လာရောက်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်နှင့် သာပေါင်းမြို့နယ်တို့အား ရဟတ်ယာဉ်များဖြင့်သာ လိုက်လံကြည့်ရှုခဲ့ရကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
ထို့နောက် ရေဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများ၏ အခက်အခဲများ လျော့ပါးသက်သာစေရေးနှင့် မူလလူမှုဘဝအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် တတ်နိုင်သမျှ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ ရေပြန်လည်ကျဆင်းပြီးနောက် ပြည်သူများအနေဖြင့်လည်း မိမိတို့တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြမည်ဆိုပါက မူလအခြေအနေသို့ အမြန်ဆုံးပြန်လည် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအဓိကထားဆောင်ရွက်သည့် တိုင်းဒေသကြီးဖြစ်ပြီး စီးပွားရေးကောင်းမွန်သည့်၊ အစဉ်အလာကောင်းများရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ သို့ဖြစ်၍ကြုံတွေ့နေရသည့်သဘာဝဘေးဒဏ်ကို ဒေသတွင်းရှိ အခြေခံကောင်းများအား အကျိုးရှိရှိအသုံးချ၍ ကျော်လွှားနိုင်ရန်လိုကြောင်းလည်း နိုင်ငံတော်သမ္မတက ဆိုသည်။
သစ်ပင်စိုက်ပျိုးမှုများ အားနည်းလျက်ရှိသည်ကို တွေ့မြင်ရသဖြင့် လမုပင်၊ မန်ဂျန်ရှားပင်၊ အုန်းပင်တို့အပါအဝင် သစ်ပင်များကို တစ်အုပ်တမ စနစ်တကျစိုက်ပျိုးခြင်းအားဖြင့် ရေတိုက်စားမှုနှင့် လေပြင်းတိုက်ခတ်မှုဒဏ်တို့ကို အတိုင်းအတာတစ်ခုအထိကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ဆိုသည်။
ရေဝင်ပေါက်များ စနစ်တကျဖြစ်စေရေးအတွက်လည်း ဆောင်ရွက်သွားကြရန်လိုပြီး ဧရာဝတီမြစ်၊ ငဝန်မြစ်များနှင့် အခြားမြစ် ချောင်းများ ရေစီးဆင်းမှုများကောင်းမွန်စေရေး နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ရှောင်ရှား၍ရနိုင်မည်မဟုတ်သော်လည်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ခြင်းအားဖြင့် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ဆိုသည်။
ထို့နောက် နိုင်ငံတော်နှင့်အတူ စေတနာရှင်အလှူရှင်များကလည်း စဉ်ဆက်မပြတ် လာရောက်လှူဒါန်းမှုများကို အားတက်ဖွယ်တွေ့ရှိရပြီး ယမန်နေ့ကပြုလုပ်သည့်အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် စုစုပေါင်းအလှူငွေ ငွေကျပ် (၂၃) ဘီလျံကျော်ကို လက်ခံရရှိခဲ့ကြောင်းလည်း နိုင်ငံတော်သမ္မတက ဆိုသည်။
ရေဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် မိမိအနေဖြင့် ထပ်တူစိတ်မကောင်းဖြစ်ရပြီး နိုင်ငံတော်နှင့် အလှူရှင်များက တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသကဲ့သို့ ဒေသခံပြည်သူများအနေဖြင့်လည်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရေး ဥစ္စာရင်လို ဥစ္စာရင်ခဲဖြင့် ဆောင်ရွက်သွားရန်လိုကြောင်းလည်း နိုင်ငံတော်သမ္မတက ဆိုသည်။
ရေဘေးကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် မိဘများအနေဖြင့် မိမိတို့၏သားသမီးများ ကျောင်းပြန်လည်တက်ရောက်စေရေး အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းပညာသင်ကြားခြင်းမှတစ်ဆင့် ပညာတတ်မြောက်မှုသာမက စည်းကမ်းရှိမှု၊ စိတ်ဓာတ်ကောင်းမွန်မှုနှင့် ကြိုးစားအားထုတ်လိုစိတ်တို့ကိုပါ ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်သည့်အတွက် ပညာရေးကို အားပေးဆောင်ရွက် သွားကြရန်လိုကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုသိမ်-ကြံခင်း(အစုန်၊အဆန်) ရထားခရီးစဥ်ပြေးဆွဲမှု ယာယီရပ်ဆိုင်းထား
RELATED POSTS
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
11 Sep 2026 | အထွေထွေ,ပြည်တွင်း
11 Sep 2026 | အထွေထွေ,နိုင်ငံတကာ
