သီပေါမြို့ခံတို့ရဲ့ ဝမ်းသာ၊ဝမ်းနည်း အိမ်ပြန်ခရီး( မြို့အင်တာဗျူး )
သုတကျော် (NSS) - အောက်တိုဘာလ ၁၆
ရှမ်းပြည်နယ်အတွင်းမှ သာယာအေးချမ်းလှပြီး စီးပွားရေးလည်းတည်ငြိမ်သော သီပေါမြို့ သည် ရုတ်တရက်ပင် စစ်၏မွှေရမ်းခြင်းကိုခံခဲ့ရသည်။ ကျန်ခဲ့ရသူတို့မှာ TNLA တို့လက်အောက်တွင် ဖြတ်တောက်မှုများစွာဖြင့်ကြုံခဲ့ရသည့်အပြင် မြို့ခံအများစုမှာ တည်ငြိမ်ရာနေရာများသို့ စွန့်ခွာတိမ်းရှောင် ခဲ့ကြရသည်။ ယခုအခါ သီပေါမြို့ခံတို့ စိတ်အေးလက်အေးဖြင့်အိမ်ပြန်နိုင်ပေတော့မည်။ သို့သော် အချို့ မှာ မိသားစုမစုံလင်တော့။ အချို့မှာ နေစရာအိမ်ပင်မရှိတော့ပါ။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ မြို့ခံတစ်ဦးထံ NP News ဂျာနယ်က ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။
မေး - ပထမဆုံးမေးခွန်းက အောက်တိုဘာလ (၇) ရက်အထိ နောက်ဆုံးအခြေအနေနဲ့ ဒီမတိုင်ခင်က သီပေါမြို့နယ်ကအခြေအနေကို အရင်ဆုံးပြောပြပေး ပါလား။
ဖြေ - သီပေါမှာတော့ တပ်မတော်စစ်ကြောင်းက သီပေါမြို့နဲ့ ဆယ်မိုင်လောက်အကွာကိုရောက်ပြီပေါ့။ ဆိုလိုတာက မြို့ထဲကိုသွားဖို့ဆိုတာက နည်းနည်းလေး ပဲလိုတော့တဲ့အနေအထားဖြစ်ပါတယ်။ မြို့ထဲမှာ နဂို တုန်းက အကြမ်းဖက်အားပေးအဖွဲ့အစည်းတွေ ပရ ဟိတလိုလိုအကောင်တွေရော၊ ပြီးတော့ အကြမ်းဖက် ကိုအားပေးခဲ့တဲ့ CDM တွေ၊ တချို့သောအဖွဲ့အစည်း တွေကတော့ လောက်ကိုင်ဘက်ကို ထွက်ပြေးတိမ်း ရှောင်သွားတယ်ပေါ့။ နောက်ပြီးတော့ ဒီ မြေသယ် ယာဉ်တွေနဲ့ ဆေးရုံထဲကမီးစက်တွေ၊ ထရန်စဖော်မာ တွေ၊ ဓာတ်ကြိုးတွေ၊ မီးစက်တွေ။ ဓာတ်ကြိုးဆိုတဲ့ နေရာမှာ မီးပေးတဲ့လိုင်းကြိုးတွေ နောက်ပြီးတော့ ဆိုလာပြားတွေ၊ မီးပွိုင့်ထိပ်မှာတပ်ထားတဲ့ CCTV တွေ အကုန်လုံးကို မနေ့ကတည်းက မြေသယ်ကား (၄)စီးနဲ့ စားပွဲခုံတွေကအစ နမ္မတူဘက်ကိုသယ်သွား တဲ့အနေအထား တွေ့ရပါတယ်။
မေး - ကျောက်မဲရပြီးတဲ့နောက် သီပေါမြို့ကို တပ်မတော်က ဘာကြောင့် မြန်မြန်ချဉ်းကပ်နိုင်ခဲ့တာလဲ။
ဖြေ - နံပါတ်တစ်ကတော့ ကျောက်မဲနဲ့သီပေါရဲ့ ခရီးမိုင်အကွာအဝေးက တအားကြီးဝေးလှတယ် မဟုတ်တဲ့အပြင် နယ်မြေအနေအထားကလည်း ရှမ်း ရွာတွေရှိတယ်။ SSPP ထိန်းချုပ်တဲ့ဒေသတွေလည်း ပါတယ်ပေါ့။ တိုက်ပွဲတွေဖြစ်ပွားတာသိပ်မရှိဘဲ လွယ် လွယ်ကူကူဖြတ်သန်းနိုင်တာတစ်ပိုင်း၊ နောက်ပြီးတော့ သီပေါမြို့ခံအများစုကလည်း ကြိုဆိုနေတာရှိပါတယ်။ ဒါတွေကြောင့်လည်း စစ်ကြောင်းက စောစောစီးစီး ချဉ်းကပ်နိုင်တဲ့ အနေအထားတစ်ခုရှိပါတယ်။
မေး - ပလောင်လက်အောက်မှာ သီပေါမြို့က ဘယ် လိုအပြောင်းအလဲတွေ ဖြစ်ခဲ့လဲ။
ဖြေ - တကယ်တော့ သီပေါမြို့ဆိုတာက အရင်အစိုး ရလက်ထက်မှာ ခရီးသွားကို မှီခိုတဲ့မြို့ပေါ့။ အထူး အားဖြင့် မျက်လုံးထဲမြင်အောင်ပြောရရင် ဘားအံလို မျိုးပေါ့ဗျာ။ နိုင်ငံခြားခရီးသွားတွေလာရောက်ပြီး လည်ပတ်တဲ့မြို့၊ ဒဏ္ဍာရီဆန်ဆန်များစွာရှိတဲ့မြို့။ ရှမ်းပြည်နယ်မှာဆိုရင် ဝင်ငွေတတိယအဆင့်လား မသိဘူး ရှိတဲ့မြို့။ တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရင်း နှီးစွာနဲ့ ဘာပဋိပက္ခမှမရှိဘဲ နေလို့ကောင်းတဲ့မြို့ဖြစ် တယ်။ နောက်ပြီးတော့ မြေပြင်အနေအထားကလည်း သဟဇာတမျှတတယ်။ တအားကြီး အေးလွန်း၊ ချမ်း လွန်းတာမရှိဘူး။ ဒုဋ္ဌဝတီမြစ်က မြို့ရဲ့အလယ်ကနေ ဖြတ်ပြီးစီးဆင်းသွားတာ။ ရေမြေဩဇာကလည်း ကောင်းမွန်တယ်။ အင်မတန်ကိုမှ စီးပွားရေးအရရော၊ ပြည်နယ်ထောင်စုလမ်းမကြီးဘေးမှာရှိတဲ့အတွက် အဘက်ဘက်ကနေ ကောင်းမွန်တဲ့မြို့လေးဖြစ်ပါ တယ်။ ယဉ်ကျေးမှုအမွေအနှစ်လည်း ပြည့်စုံတယ် ပေါ့ဗျာ။ TNLA သိမ်းပြီးတဲ့နောက် မြို့အနေအထား က နံပါတ်တစ်ကတော့ အားလုံးက မြို့ကနေတိမ်း ရှောင်ရတယ်။ အားပေးတဲ့လူနည်းစုသာကျန်ခဲ့ရတဲ့ အနေအထားပေါ့။ မြို့ရဲ့စီးပွားရေး ဆုတ်ယုတ်သွား တယ်။ ကြက်ဥတစ်လုံးကို ထောင့်တစ်ရာအထိဖြစ် သွားတယ်။ ဆန်တစ်ပြည်ကို တစ်သောင်းရှစ်ထောင် တွေဘာတွေ ဖြစ်သွားတဲ့အနေအထားပေါ့။ ပြောရရင် လမ်းပန်းဆက်သွယ်ရေးကို Block လုပ်ထားတဲ့ အနေအထားပေါ့။ ဖုန်းလိုင်းတွေကို ပိတ်ထားတယ်။ အားလုံးလည်းသိတဲ့အတိုင်းပေါ့။ အဲဒီလိုမျိုးရှိသွား တယ်။
မေး - သူတို့လက်အောက်မှာ အဓိကဆုတ်ယုတ် သွားတာဆို ဘာဖြစ်မလဲ။
ဖြေ - အဓိကတော့ လူမှုစီးပွားရေးပေါ့။ အဘက် ဘက်ကနေနိမ့်ကျတယ်။ ကျွန်တော်တို့မြို့ကဆို ငရုတ်သီးနှမ်းကပ်ကြော်တို့၊ သီပေါခေါပုတ်တို့၊ သီပေါ ဆန်တို့ ဒါတွေ ဝယ်လိုအားမရှိဘူး။ နောက်ပြီးတော့ ရိုးရာအဝတ်အစားတွေ၊ စက်မှုလက်မှုအပိုင်းတွေ အကုန်ရပ်နားသွားတယ်။
မေး - ကျွန်တော်တို့ဂျာနယ်ထွက်ရင်တော့ တပ်မ တော်က သီပေါကို သိမ်းပြီးဖြစ်လောက်ပါတယ်။ ဒီတော့ ကြိုမေးရတာပေါ့ခင်ဗျာ။ သီပေါမြို့ကို ပြန်ထူ ထောင်မယ်ဆိုရင် ဘယ်လိုအခက်အခဲတွေရှိနိုင်လဲ။
ဖြေ - ပြန်လည်တည်ထောင်တဲ့အခါ ကျောက်မဲ လောက်တော့ ခက်ခဲမယ့်အနေအထားမှာမရှိဘူး။ ကျွန်တော်တို့ မြို့အနေအထားက ရှမ်းတိုင်းရင်းသား အများစုနေထိုင်တဲ့မြို့ဖြစ်တယ်။ ကျောက်မဲလို ပလောင် နဲ့ရောတဲ့အနေအထားလည်းမရှိဘူး။ နောက်ပြီးတော့ အေးအေးလူလူနေထိုင်ကြတဲ့လူမျိုးတွေပဲဖြစ်တယ်။ ဘာသာတရားကိုင်းရှိုင်းတယ်။ သာမန်အချိန်တောင် မြို့မှာ ဘာပွဲလမ်းပဲလုပ်လုပ် တစ်အိမ်တစ်ယောက် သွားတဲ့နှုန်းနဲ့ ညီညွတ်တဲ့မြို့တစ်မြို့ဖြစ်တယ်။ မြို့ကို ပြန်ထူထောင်တဲ့အခါ ပြည်သူလူထု၊ တပ်မတော်၊ နိုင် ငံရေးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေပေါင်းပြီး တော့ အချိန်တိုအတွင်း ပြန်တည်ထောင်နိုင်လိမ့်မယ် လို့ ကျွန်တော်တို့ကတော့ ဒီလိုမျှော်လင့်ပါတယ်။
မေး - TNLA အုပ်ချုပ်စဉ်က သူတို့ ဘယ်လိုဖိနှိပ်ခဲ့ ပါသလဲ။
ဖြေ - အဓိကတော့ TNLA မူဝါဒက တော်လှန်ရေး ဆိုပေမယ့် တကယ်မှာကတော့ လူမျိုးကြီးဝါဒပေါ့။ သူတို့ တအာင်းစာသင်ရတယ်။ ပြီးတော့ ဗမာစကား ပြောလို့မရတာတွေ။ ပြီးတော့ သူတို့မထင်ရင်မထင် သလို ဒလန်လို့ပြောပြီးတော့ ခေါင်းတုံးတုံး ရဲစခန်း ထဲမှာ အချုပ်ချတာတွေ၊ ရိုက်နှက်တာတွေ ဒါမျိုးတွေ လည်းကြုံရတယ်ပေါ့။ အဓိကတော့ လူမျိုးရေးအရ ဖိနှိပ်မှုတွေ ကြုံရတာပါပဲ။
မေး - သီပေါက ဘယ်လိုနိုင်ငံရေးအမြင်ရှိတဲ့ ပြည် သူတွေရှိရာ မြို့အမျိုးအစားဖြစ်မလဲ။
ဖြေ - ကျွန်တော်တို့သီပေါမြို့က အစိုးရစဉ်ဆက်မှာ အနီလည်းမယိမ်းခဲ့ဘူး၊ အစိမ်းလည်းမယိမ်းခဲ့တဲ့မြို့ တစ်မြို့ပေါ့။ တိုင်းရင်းသား နိုင်ငံရေးအားကောင်းတဲ့ မြို့ပေါ့။ ရှမ်းနိုင်ငံရေးမှာဆိုရင် အင်မတန်ကိုမှနာမည် ကြီးတဲ့ စဝ်ကြာဆိုင်နဲ့ မဟာဒေဝီရှိခဲ့တဲ့မြို့ဖြစ်တယ်။ SSA မူလအစ မြို့လည်းဖြစ်တယ်ပေါ့။ မြို့သူမြို့သား တွေနဲ့ ကျွန်တော်တို့ကတော့ ကိုယ့်လူမျိုး၊ ကိုယ့်ဘာ သာရေးနဲ့ ဓလေ့ထုံးစံနဲ့သွားတဲ့မြို့ဖြစ်တယ်။ ရှမ်းပြည် နယ် ဘယ်မြို့မှာမှမတွေ့ရတဲ့ သီတင်းကျွတ်အခါ ဓလေ့မျိုးတွေ၊ ရိုးရာယဉ်ကျေးမှုတွေနဲ့ထိန်းသိမ်း ထားတဲ့မြို့တစ်မြို့ဖြစ်တဲ့အတွက် ကျွန်တော်တို့မြို့ရဲ့ အနေထားကတော့ အကြမ်းဖက်အားပေးတဲ့အင်အား စုက တစ်ရာမှာ ငါးရာခိုင်နှုန်းလောက်ပဲရှိတယ်။ ဒီငါး ရာခိုင်နှုန်းကလည်း တခြားသူတွေမဟုတ်ဘူးပေါ့ဗျာ။ ပြည်မဘက်ကနေ အကြောင်းအမျိုးမျိုးကြောင့်ရောက် လာတဲ့လူတွေများပါတယ်။ ဘာကြောင့်လဲဆိုတော့ TNLA ကို လက်ညှိုးထိုးပြီး အိမ်တွေပိတ်ခိုင်းတယ်၊ ပစ္စည်းတွေရောင်းစားတယ်။ NUG အမည်ခံပြီးလုပ် သွားတာတွေက ကျွန်တော်တို့ သီပေါမြို့ခံတစ်ယောက် မှမပါပါဘူး။ မန္တလေးဘက်ကနေပြောင်းလာတယ်၊ ရန်ကုန်ဘက်ကပြောင်းလာတယ် အဲဒီလိုလူမျိုးတွေပဲ များပါတယ် ဒါကျွန်တော်တို့တွေ့ရှိချက်ပေါ့။
မေး - တစ်ခုခုပြီးသွားတဲ့အခါမျိုးမှာ အဲဒီတုန်းက ဘယ်လိုဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေ ပြန်ပြော လေ့ရှိကြတာပေါ့လေ။ ဆိုတော့ တိုက်ပွဲဖြစ်တုန်းက ဒေသခံတွေ ဘယ်လိုစိုးရိမ်ခဲ့ကြရလဲ။
ဖြေ - ကျွန်တော်တို့က ဆုပ်လည်း စူး၊ စားလည်း ရူး ဆိုတဲ့ အနေအထားပေါ့ဗျာ။ မြို့ကနေ ခွာလည်းခွာ ချင်တယ်။ ခွာရင်လည်း ခိုးမှာစိုးတယ်။ မခွာရင်လည်း သေဘေးရင်ဆိုင်ရမှာပေါ့ဗျာ။ အဆိုးဆုံးကတော့ ဘာ ဖြစ်သွားလဲဆိုတော့ ပလောင်တွေက လူနေအိမ်တွေ မှာ ဝင်ပြီးစခန်းချတာပေါ့။ ရုံးတွေမှာစခန်းချတဲ့အခါ လေကြောင်းတိုက်ခိုက်မှုလုပ်တော့ လူနေအိမ်တွေ ထိခိုက်မှုများတယ်။ အမှန်တကယ်က တိုက်ပွဲဖော်တာ ကလည်း မြို့ပေါ်မှာ တိုက်ပွဲဖော်တာဖြစ်တဲ့အတွက် ကျွန်တော်တို့မြို့ဟာတော့ ကျောက်မဲထက်စာရင် ပျက်စီးမှုပိုများသွားတယ်။ လူတွေရဲ့ရင်ထဲမှာတော့ ဒီတိုက်ပွဲဆိုတဲ့စကားရပ်ကြီး မကြားချင်တော့ဘူး။ ငြိမ်း ငြိမ်းချမ်းချမ်းပဲနေချင်တော့ပါတယ်။
မေး - မြို့ကနေခွာတော့ ဘယ်လိုအခက်အခဲဖြစ်ခဲ့ကြလဲ။
ဖြေ - နံပါတ်တစ်ကတော့ ကျွန်တော်တို့က ခွာကြ တယ်ဆိုတာမှာ အများစုကတော့ ရှမ်းတောင်နဲ့ မန္တလေး ပြေးကြတာပေါ့ဗျာ။ အဲဒီရှေ့တုန်းကပေါ့။ နံပါတ်တစ်ကတော့ တခြားမြို့မှာ အိမ်ငှားလို့မရတဲ့ ကိစ္စတွေ၊ နောက်ပြီးတော့ ကိုယ့်ဒေသ၊ ကိုယ့်အရပ် မဟုတ်တော့ ရှိတဲ့ပစ္စည်းလေးတွေကို ထုခွဲ၊ ရောင်း ချပြီးစားသောက်ခဲ့ရတာပေါ့ဗျာ။ တော်တော်လေး တော့ အခက်အခဲများကြပါတယ်။
မေး - မြို့ကို ပြန်ထူထောင်ရမယ်ဆိုရင် ဘယ်ကနေ စလုပ်ရမယ်ထင်ပါသလဲ။ ဘယ်အပိုင်းကကော အ ခက်ခဲဆုံးလို့ထင်ပါသလဲ။
ဖြေ - မြို့ကို ပြန်လည်ထူထောင်တဲ့အခါ မြို့ပြလို အပ်ချက်ဖြစ်တဲ့ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်း တွေ၊ ကျေးလက်ဆေးပေးခန်း၊ ရဲစခန်းပေါ့။ ပြီးတော့ ပြည်သူ့ဝန်ဆောင်မှုပေးတဲ့ ရုံးပိုင်းဆိုင်ရာတွေတည် ထောင်ဖို့က အခက်အခဲပါပဲ။ အထူးသဖြင့်ကတော့ ဆေးရုံ၊ ဆေးခန်း ပြန်တည်ထောင်ဖို့က တော်တော် လေးကိုခက်ခဲတယ်။ နောက်ပြီးတော့ လျှပ်စစ်မီးရရှိ ရေးကတော့ တော်တော်လေးကို ပြန်လုပ်ရမှာပေါ့။ ထရမ်စဖော်မာတွေပါ ပါသွားတာကိုး။ အဲဒီလိုဟာတွေ တော့ရှိပါတယ်။
မေး - ဒေသခံအတွက်တော့ အိပ်မက်ဆိုးပေါ့လေ။ ဒီ ကိုယ့်မြို့ကနေခွာနေရတဲ့ကာလမှာ မြို့ခံတွေရဲ့စီး ပွားရေး ဘယ်လိုအခက်အခဲရှိလဲ။ စီးပွားကျသွားတဲ့ သူတွေကောရှိလားခင်ဗျ။
ဖြေ - ရှိတာပေါ့။ ကျွန်တော်တို့မြို့မှာဆိုရင် ဒေသ လုပ်ငန်းရှင်ကြီး ငါးယောက်ရှိတယ်ပေါ့ဗျာ။ လုပ်ငန်း ရှင်လေးယောက်ဆိုရင် ရပ်ဆိုင်းလုမတတ်ဖြစ်သွား တယ်ပေါ့။ လုပ်ငန်းရှင်တစ်ယောက်ကတော့ မန္တလေး မှာပြောင်းဖွင့်လိုက်ရတယ်ပေါ့။ ဆိုလိုတာကတော့ ဘဝကို သုညကနေပြန်စရတဲ့အနေအထား တော် တော်လေးကြုံခဲ့ရတာပေါ့။ ဘာလို့လဲဆိုတော့ သီပေါ ကဒေသထွက်ကုန်ကိုမှီခိုပြီးတော့ စီးပွားကိုရှာရတဲ့ မြို့၊ ခရီးသွားကိုမှီပြီး စီးပွားရှာရတဲ့မြို့ဖြစ်တဲ့အတွက် အဘက်ဘက်ကနေပိတ်သွားတာကြောင့် တော်တော် လေးကို ဘေးကျပ်နံကျပ်ဖြစ်သွားတဲ့အနေအထား ရှိပါတယ်။ ဒီကြားထဲမှာ ရေဘေးကလည်း ကြုံလိုက် သေးတယ်။ တော်တော်လေးကို ဆိုးရွားတာပေါ့ဗျာ။
မေး - မြို့က အလုံးစုံပြန်ထူမတ်ဖို့ အချိန်ဘယ် လောက်ယူရဦးမယ်ထင်ပါသလဲ။
ဖြေ - နိုင်ငံတော်အစိုးရအနေနဲ့ ပြန်လည်ထိန်းချုပ် ပြီးနောက်မှာ ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက် ခြောက်လတော့ အချိန်ယူပြီး ပြန်တည်ထောင်ရဦးမယ် လို့ထင်ပါတယ်။ လမ်းတွေ၊ တံတားတွေ ပြန်လုပ်ရ မယ်။ ခြောက်လကတော့ တော်တော်လေးတည် ဆောက်ရမယ့်အနေအထားပါ။
မေး - ပြန်ဖို့ ကြိုပြင်ဆင်နေကြပြီလား။
ဖြေ - ပြင်ဆင်နေကြပါပြီ။ အားလုံး ကျောက်မဲမှာ ရောက်နေပြီ။ မြို့ကိုရတာနဲ့ တန်းပြန်ကြမယ့်လူတွေ ချည်းပါပဲ။
မေး - တန်းပြန်ဖို့တွေးတာက ပြန်ရင် အဆင်ပြေမယ် ဆိုတဲ့ ယုံကြည်မှုတစ်ရပ် ရှိသွားတယ်ပြောနိုင်မလား။
ဖြေ - ယုံကြည်မှုတစ်ရပ်ပေါ့ဗျာ။ ကိုယ့်မြို့ကိုယ် ပြန် ရတယ်ဆိုတဲ့ယုံကြည်မှုပေါ့။ တွေ့မှာပါ တချို့ဆို ငို တောင်ငိုကြတယ်ပေါ့ဗျာ။ ဘယ်သူမဆို ကိုယ့်အိမ် ကိုယ် နှစ်နဲ့ လနဲ့ ခွဲပြီးမှ ပြန်လာရတဲ့အဖြစ်။ တချို့ဆို မိသားစုတွေမဆုံတော့တဲ့အဖြစ်ပေါ့။ ဒီလို ဝမ်းနည်း၊ ဝမ်းသာအဖြစ်တွေကတော့ မြို့ကိုပြန်ရောက်ပြီးတဲ့ အချိန် ခံစားချက်တွေဖြစ်ရဦးမှာပေါ့။
မေး - မြို့ကို ပလောင်တွေသိမ်းတုန်းက ဖိတ်စဉ် သွားရတဲ့လူအရေအတွက်ကကော ဘယ်လောက်ရှိ နိုင်မလဲ။
ဖြေ - ကျွန်တော်တို့ ခန့်မှန်းခြေအားဖြင့် အရပ်သား ပြည်သူကတော့ လေးဆယ်ထက်မနည်း ကွယ်လွန်ခဲ့ ကြတယ်ပေါ့။ ကြားထဲဖြစ်သွားတာတွေ အများကြီး ပေါ့။ တချို့ဆို သတင်းအဆက်အသွယ်မရတဲ့သူတွေ လည်းအများကြီးရှိတယ်။ ဖမ်းသွားလို့ပါသွားတာ လည်းရှိတာပေါ့။
မေး - မြို့ကိုပြန်ပြီးတော့ဝင်ကြရမယ်ဆိုတော့ တ ချို့ကတော့ အိမ်ရှိတော့မယ်မဟုတ်ဘူးပေါ့လေ။ သူတို့အတွက်ကော ဘာပြောချင်လဲ။
ဖြေ - ကျွန်တော်တို့ကတော့ ပြန်လည် ဝင်ရောက်ကြ မယ့်ဒေသခံတွေကို အစိုးရနဲ့ နိုင်ငံရေးပါတီ၊ လွှတ် တော်ကိုယ်စားလှယ်တွေကတော့ နည်းလမ်းတစ်ခုခု နဲ့စဉ်းစားပြီး ယာယီနေတာဖြစ်ဖြစ်၊ ပေါင်းနေတာပဲ ဖြစ်ဖြစ် ဆောင်ရွက်ပေးကြမှာပါပဲ။ နောင်ချိုကဲ့သို့ပေါ့။ ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာလည်း တစ် ယောက်အားနဲ့မကဘဲ ဝိုင်းဝန်းလုပ်ဆောင်ကြမယ်ဆို ရင် အချိန်တိုအတွင်းမှာပြီးစီးသွားမယ်၊ မြေကျန်ရင် ရပြီဆိုတဲ့ စိတ်တော့ထားဖို့လိုပါတယ်။
မေး - စစ်နဲ့ပတ်သက်ပြီးတော့ အခုထိ စိတ်ဒဏ်ရာ တွေရှိနေကြတုန်းပဲလား။
ဖြေ - (၁၉၆၂)ခုနှစ်ကနေစပြီးတော့ ကျွန်တော်တို့ ရှမ်းဒေသက လက်နက်ကိုင်မှုစခဲ့တာပဲ။ ဆယ်စုနှစ် မက နှစ်များစွာကြာခဲ့ပြီ။ (၂၀၁၄)ခုနှစ် ဃြဗ ထိုးပြီး တဲ့ကာလမှာ ရှမ်းပြည်ငြိမ်းချမ်းရေးက အင်မတန်မှ သိသာလာခဲ့တဲ့ပေါ့။ (၂၀၁၄)ပြီးတဲ့နောက်ကာလမှာ ကြားထဲ တိုက်ပွဲရှိပေမယ့် အဲဒီလောက်မပြင်းထန်ဘူး။ (၁၀၂၇) ပထမလှိုင်း၊ ဒုတိယလှိုင်း ခံစားပြီးတဲ့နောက် လူတွေရဲ့စိတ်ထဲမှာ စစ်ဆိုရင် ရေစစ်တောင်မှမကြား ချင်ဘူးဆိုတဲ့ စကားဖြစ်လာတယ်။ အေးအေးချမ်းချမ်း နေချင်ကြတဲ့သူတွေချည်းပဲဗျ။ ဒါကြောင့်လည်း ရှမ်း မြောက်ဒေသခံတွေက ဘယ်ဘက်မှာမှမပါဘူး။ မပါ ပေမယ့် စတေးခံလိုက်ရတာပေါ့ဗျာ။ စိတ်နာကြတာ ပေါ့။
မေး - ကိုယ်အိမ်ကနေခွာရပြီး ကိုယ်အိမ်ပေါ် တခြား သူတက်နေတာကိုသိရတဲ့ခံစားမှုက ဘယ်လိုရှိခဲ့ပါ သလဲ။
ဖြေ - အမှန်အတိုင်းပြောရရင်တော့ဗျာ TNLA က လက်ညှိုးထိုးပြီး ဒီအိမ်ကို သိန်းဘယ်လောက်၊ သိန်း ဘယ်လောက်ဆိုပြီးရောင်းစားတာပေါ့ဗျာ။ ကျွန်တော် တို့အိမ်တွေကရောင်းစားခံရတော့ မချိတင်ကဲပေါ့ဗျာ။ လက်တုံ့ပြန်ချင်ပေမယ့်လည်း အင်အားချင်းမမျှတော့ စိတ်တွေမကောင်းဘူး။ တပ်မတော်စစ်ကြောင်းလာ ပြီဆိုတော့ TNLA ကိုထောက်ခံတဲ့သူတွေအကုန် သီပေါကနေထွက်ပြေးပြီ။ ဖေ့စ်ဘွတ်ခ်က သီပေါဂရု မှာလည်းတွေ့ပါလိမ့်မယ်။ မှတ်ထားကြတာ။ ပြန်ပြီး တော့လက်စားချေနိုင်တော့မယ့်အနေအထားတွေ ပေါ့ဗျာ။ ရင်ထဲမှာ မခံချင်စိတ်တွေနဲ့ ဒေါသတရား တော့ဖြစ်မိတာပေါ့။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာဝေးပစ် Tomahawkဒုံးကျည်တွေက ဘာကိုမှဖြေရှင်းနိုင်လိမ့်မှာမဟုတ်ဘူးလို့ ဘီလာရုစ်သမ္မတဝေဖန်
RELATED POSTS
03 Aug 2026 | အင်တာဗျူး,ပြည်တွင်း
29 Jul 2026 | အင်တာဗျူး,ပြည်တွင်း
28 Jul 2026 | အင်တာဗျူး,ပြည်တွင်း
