ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး ဆောင်ရွက်ပေးရန် ဝန်ကြီးချုပ်ပြော
ပီယ (NSS) - ဩဂုတ် ၂
ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး ဆောင်ရွက်ပေးရန် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားသော အမှာစကားအတွင်း ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယမန်နေ့ (ဩဂုတ်လ ၁ ရက်) က နိုင်ငံတော်ဝန်ကြီးချုပ်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခုအစိုးရအဖွဲ့သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဖွဲ့စည်းထားသည့် ပြည်ထောင်စုအစိုးရ အဖွဲ့ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တို့တာဝန်အရေး (၃) ပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အား ဦးထိပ်ထားပန်ဆင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန်လိုကြောင်း၊ အလားတူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ချမှတ်ထားသည့် ဦးတည်ချက်(၄)ရပ်အား လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
ယခုအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှု များမရှိသင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံအတွင်း နေထိုင်ကြသူများအားလုံးက ဒီမိုကရေစီလမ်းကြောင်းမှ သွေဖယ်သွားနိုင်သည့် လုပ်ဆောင်ချက်များကို ရှောင်ရှားကြရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲ ဥပဒေများကို လေးစားလိုက်နာကြရန်လိုကြောင်း ဝန်ကြီးချုပ် က ပြောသည်။
ပြည်သူများ၏လိုလားချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် ရွေးကောက်ပွဲ သည် အဓိကကျကြောင်း၊ ထို့ကြောင့် ယခုနှစ်ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်သည်ကို နိုင်ငံတော်အကြီးအကဲက ပြည်သူများကို အသိပေးပြောကြားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုး ကြောင့် ဆန္ဒမဲမပေးနိုင်သူများအား ကြိုတင်မဲများပေးနိုင်ရေး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးသွားရန်လိုကြောင်းလည်း ပြောကြားသည်။
နိုင်ငံတော်အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး အုပ်ချုပ်ရေး အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ကဏ္ဍများအလိုက် ပါဝင်ဆောင်ရွက်သွားကြရန်လိုကြောင်း ဝန်ကြီးချုပ်က မှာကြားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အပစ်ခတ်ရပ်စဲရေးရယူခဲ့သော ထိုင်းနှင့်ကမ္ဘောဒီးယားကို ကုန်သွယ်ခွန် ၁၉ ရာခိုင်နှုန်းသာ လျော့ချကောက်ခံမည်ဟု အမေရိကန်အစိုးရပြော
RELATED POSTS
14 Feb 2026 | နိုင်ငံရေး,နိုင်ငံတကာ
14 Feb 2026 | နိုင်ငံရေး,နိုင်ငံတကာ
14 Feb 2026 | နိုင်ငံရေး,ပြည်တွင်း
14 Feb 2026 | နိုင်ငံရေး,နိုင်ငံတကာ
