ယဲလိုးစတုန်း စူပါမီးတောင်ပေါက်ကွဲ၍ အမေရိကန်နိုင်ငံ ပျောက်ကွယ်သွားတော့မည်လား
Htay Oung (NSS) - ဇူလိုင် ၂၂
အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ယဲလိုးစတုန်း Yellowstone အမည်ရှိ မီးတောင်ချိုင့်ဝှမ်းကြီးတစ်ခု ရှိ ပါတယ်။ မီးတောင်ပေါက်ကွဲပြီးနောက် မြေကျွံကျနေတဲ့ ချိုင့်ဝှမ်း Caldera ဖြစ်ပြီး အလျား ၄၅ မိုင် အနံ မိုင် ၃၀ ရှိတဲ့အတွက် ဝိုင်အိုမင်း၊ အိုင်ဒါဟို၊ မွန်တားနား ပြည်နယ်အတွင်း ကျရောက်နေပါတယ်။ မြင်သာအောင် နှိုင်းယှဉ်ပြောရရင် စင်္ကာပူနိုင်ငံရဲ့ ၄.၅ ဆ၊ တောင်ကိုရီးယားရဲ့ ၃.၅% ရှိတဲ့အတွက် ကမ္ဘာ့အကြီးဆုံးမီးတောင်ကြီးများအနက် တစ်ခုဖြစ်တယ်။ သားရဲတိရစ္ဆာန်များ လွတ်လပ်စွာ ကျက်စားနေတဲ့ ယဲလိုးစတုန်း အမျိုးသား ဥယျာဉ်အတွင်းမှာ ပါဝင်ပါတယ်။
သက်တမ်း နှစ် (၂)သန်း ကျော်ပြီဖြစ်တဲ့ မီးတောင်ကြီးရဲ့ နောက်ဆုံးပေါက်ကွဲခဲ့တာ လွန်ခဲ့တဲ့နှစ် ၆၄၀,၀၀၀ ခန့်ကဖြစ်ပြီး မကြာမီပေါက်ကွဲတော့မှာဖြစ်တဲ့အတွက် အမေရိကန်တစ်နိုင်ငံလုံး ပျောက်ကွယ်သွားတော့ မယ့်အကြောင်း ယခုရက်ပိုင်းလူမှုကွန်ရက်မှာ သတင်းမှားများပြန့်နှံ့နေပါတယ်။ ယဲလိုးစတုန်း မီးတောင်ကြီးရဲ့အောက် မြေအနက် ၅ မိုင်မှ ၂၈ မိုင်ခန့်မှာ ချော်ရည်ပူ အလွှာကြီးတစ်ခု ရှိနေတာမှန်ပါတယ်။ မြေအောက် ချော်ရည်ထု ဧရိယာဟာ ၆၅၀၀ စတုရန်းမိုင်ရှိတဲ့အတွက် အမေရိကန် ကွန်နက်တီ ကပ်ပြည်နယ်ထက် ဧရိယာကြီးမားနေပါသေးတယ်။ တကယ်သာ ပေါက်ကွဲခဲ့ရင် ယခု ကောလဟလများအ တိုင်း ဖြစ်လာဖွယ်ရှိပေမယ့် ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ဖို့က နောက်ထပ် နှစ်၏(၁)သောင်းမက လိုနေသေးတယ်လို့ မီးတောင်ကြီး အခြေအနေကို ၂၄ နာရီ စောင့်ကြည့်နေတဲ့ အမေရိကန် ဘူမိတိုင်းတာရေး USGS နဲ့ မီးတောင် စောင့်ကြည့်ရေးအဖွဲ့ YVO တို့က ပြောပါတယ်။
တကယ်တော့ အဲ့ဒီမီးတောင်ကြီးဟာ လောလောဆယ် “ငြိမ်သက်” Dormant ဖြစ်နေပေမယ့် သူ့ရဲ့အောက်မှာ ဧရာမ ချော်ရည်ပူများ ရှိနေတဲ့အတွက် မြေပြင်မို့တက်ခြင်း၊ ငလျင်ငယ်များ လှုပ်ခတ်ခြင်းတို့တော့ ရှိနေပါတယ်။ ဝန်းကျင် အပူအချိန်ကလည်း ပိုမိုနေတတ်ပါတယ်။ အဲ့ဒါဟာ မီးတောင်တို့ရဲ့ သဘာဝအရဖြစ်ပြီး မကြာမီ ပေါက်ကွဲမယ့် အရိပ်လက္ခဏာများ မတွေ့ရှိရကြောင်း၊ အမှန်တကယ် အန္တရာယ်ရှိခဲ့လျှင် ကြိုတင် သတိပေးမှာ ဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားပါတယ်။ ယခုလို ယဲလိုးစတုန်းစူပါမီးတောင်ကြီး ပေါက်ကွဲတော့မယ့်အကြောင်း အခြေအမြစ် မရှိတဲ့ သတင်းတုများဟာ ယခင်ကလည်း ထွက်ပေါ်ခဲ့ဖူးပြီး အကြိမ်ကြိမ် ဖြေရှင်းခဲ့ရဖူးပါတယ်။ ယဲလိုးစတုန်း အမျိုးသား ဥယျာဉ်အတွင်း မှ သားရိုင်းတိရစ္ဆာန်များ အုပ်စုလိုက်ထွက်ပြေးကြတယ်ဆိုတာ လုပ်ကြံဖန်တီးထားတဲ့ ဗွီဒီယိုများသာ ဖြစ် တယ်လို့ ဥယျာဉ်တာဝန်ရှိသူများက ပြောပါတယ်။
အခုတစ်ကြိမ် ကောလဟလ ထွက်ပေါ်လာရခြင်းဟာ ကမ္ဘာကြီး လည်ပတ်နှုန်း နှေးကွေးသွားပြီဖြစ်ကြောင်း ကမ္ဘာ့သံလိုက်စက်ကွင်းများ ပြောင်းလဲသွားလို့ သဘာဝလွန်မုန်တိုင်းများ ငလျင်ကြီးများ လှုပ်ခတ်တော့မယ့် အကြောင်း ကိုယ့်ဖာသာသာ သိပ္ပံပညာရှင်လိုလို ဗေဒင်ဆရာလိုလို ပါးစပ်စည်းကမ်း မရှိသူများရဲ့ Like ချူယူတဲ့ အွန်လိုင်း ပြောဆိုချက်များကြောင့် ဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ မိမိဝင်ရိုးပေါ်မှာ လည်ပတ်ခြင်းကြောင့် နေ့နဲ့ ညဖြစ်ပေါ်ရပါတယ်။ နေကို လှည့်ပတ်နေခြင်း ကြောင့် Solar Day လို့ ခေါ်ကြပြီး အကြမ်းအားဖြင့် ၂၄-နာရီလို့ သတ်မှတ်ကြပါတယ်။ တကယ်တော့ ခါး လယ်နေရာမှာ ခပ်ဖောင်းဖောင်းနဲ့ ထိပ်နှစ်ဖက် အနည်းငယ်ပြားနေတဲ့ ကမ္ဘာကြီးဟာ ၃၆ဝံ တစ်ပတ်အ ပြည့်လည်ဖို့ ၂၃-နာရီ ၅၆ မိနစ် ၄.၀၉ စက္ကန့်ကြာမြင့်ပါတယ်။ အဲ့ဒါကို Siderial Day လို့ ခေါ်ပါတယ်။ အမြဲတန်းအတိအကျ ပုံသေ မဟုတ်ပဲ မီးတောင်ပေါက်ကွဲခြင်း၊ ပြင်းထန်တဲ့ ငလျင်ကြီးများနဲ့ စူပါမုန်တိုင်းများ တိုက်ခတ်တဲ့အခါ အနည်းငယ်ပြောင်းလဲတတ်ပါတယ်။ ဒါပေမဲ့ကမ္ဘာကြီး ပျက်စီးရလောက်တဲ့အထိ ပြောင်းလဲမှုမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါ။
အရေးတကြီး ပြောချင်တာက 23 ½ ဒီဂရီတိမ်းစောင်းနေတဲ့ ကမ္ဘာကြီးရဲ့ မြောက်ပိုင်း ဂျပန်-တောင်ကိုရီးယား တို့ရဲ့ နွေရာသီဖြစ်တဲ့ ဇွန်လလယ်ဝန်းကျင်မှာ နေထွက်ချိန် စောပါတယ်။ ဂျပန် မနက် ၄း၃၀ နာရီခန့်မှာ နေ ထွက်ပြီ ည ၇ နာရီလောက်မှ နေဝင်ခြင်းဟာ ပုံမှန်ဖြစ်ပါတယ်။ အဲဒါကို ကမ္ဘာကြီး ပိုမိုတိမ်းစောင်းသွားပြီ ကပ်ဘေးတွေ ကျရောက်တော့မယ်လို့ ကြောက်လန့်တကြား ပို့စ်တင်နေသူများဟာ ရွှေတိဂုံဘုရားကိုတောင် မဖူးဘူးပဲ ဂျပန်ကို ခုမှ ရောက်ဖူးသူဖြစ်ပါလိမ့်မယ်။ သူပြောနေတာ ဂျပန်-ကိုရီးယားတွေကြားရင် မပြုံးပဲနဲ့ ဝါးလုံးကွဲ ရယ်ကြပါလိမ့်မယ်။



Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လောင်း -ဖယ်ခုံ - မိုးဗြဲ-လွိုင်ကော်လမ်း (သို့) ချုံနွယ်ကြားမှ ပြန်အသက်ဝင်လာသည့်ခရီး
RELATED POSTS
06 Nov 2026 | ဗဟုသုတ,ပြည်တွင်း
02 Nov 2026 | ဗဟုသုတ,နိုင်ငံတကာ
27 Oct 2026 | ဗဟုသုတ,နိုင်ငံတကာ
