ဇူလိုင်လ(၈)ရက်မှ ဇူလိုင်လ (၁၄)ရက်အတွင်း နောက်ဆုံးရ အပြောင်းအရွှေ့နဲ့ အလားအလာ
ရဲထက် (NP News)
(၁) အာဆင်နယ်လူငယ်ကစားသမား အီသန် နူရာနယ်ရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ချဲလ်ဆီး
ဒီရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမားခေါ်ယူမှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ချဲလ်ဆီးအသင်းဟာ အာဆင်နယ်လူငယ်ကစားသမား အီသန် နူရာနယ်ရီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေ တယ်လို့ The Sun မှာ ဖော်ပြထားပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ အီသန် နူရာနယ်ရီအတွက် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့တဲ့အခြေအနေမှာ အသင်းဘက်က စာချုပ်သက်တမ်းထပ် မတိုးခဲ့ရင် ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။ အသက်(၁၈)နှစ်သာ ရှိ သေးတဲ့ ကစားသမားအတွက် ချဲလ်ဆီး အသင်းရဲ့ ခေါ်ယူမှုအပေါ်မှာ အာဆင်နယ်အသင်းဘက်က အီ သန်နူရာနယ်ရီအတွက် ပြောင်းရွှေ့ကြေးကိုတော့ ရေရေရာရာထုတ်ပြန်ထားခြင်းမရှိသေးတာကိုတွေ့ ရပါတယ်။ အီသန်နူရာနယ်ရီဟာ အင်္ဂလန် ယူ(၂၁) အသင်းမှာ ရွေးချယ်ခံထားရသလို ခြေစွမ်းပိုင်းမှာ လည်း တိုးတက်လာဖို့ရှိနေတဲ့ကစားသမားဖြစ်ပြီး အသက်(၁၆)နှစ်မပြည့်ခင်မှာပဲ ပရီးမီးယားလိဂ်မှာ အာဆင်နယ်အတွက် ပွဲဦးထွက်ကစားထားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။
(၂) ရိုဒရီဂိုကို ခေါ်ယူဖို့ ဆော်ဒီလိဂ်အပါအဝင် ကလပ်အသင်းကြီး(၃)သင်း အပြိုင်အဆိုင်ဖြစ်နေ
ရီးရဲလ်မက်ဒရစ်အသင်းကနေ တရားဝင်ထွက်ခွာဖို့ရှိနေတဲ့ ရိုဒရီဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်း(၃)သင်းရှိနေတယ်လို့သိရပြီး လက်ရှိမှာ အာဆင်နယ် ၊ မန်စီးတီးနဲ့ PSG အသင်းတွေက ခေါ်ယူဖို့ ဆက်သွယ်ထားတယ်လို့သိရပါတယ်။ ရိုဒရီဂိုအနေနဲ့လည်း ပရီးမီယားလိဂ်အပါအဝင် အခြားသော ထိပ် တန်း လိဂ်တွေမှာကစားဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းမှာလည်း ရိုဒရီဂိုအနေနဲ့ ဆက်ရှိ နိုင်ဖို့ အခွင့်အရေးရှိနေပေမယ့်လည်း ပွဲထွက်ခွင့်ရဖို့ မသေချာတော့တဲ့အနေအထားမှာ ကစား သမားအနေနဲ့ အသင်းကနေထွက်ခွာဖို့ သေချာသလောက်ရှိနေပါတယ်။ ရိုဒရီဂိုရဲ့ ပြောင်းရွှေ့ကြေးကို တော့ ရီးရဲလ်မက်ဒရစ် အသင်းဘက်က ယူရို သန်း(၉၀)သတ်မှတ်ထားပြီး ပြောင်းရွှေ့နိုင်ဖို့နဲ့ ခေါ်ယူဖို့ အလားအလာအရှိဆုံးအသင်း ကတော့ အာဆင်နယ်အသင်းက ထိပ်ဆုံးမှာ ရပ်တည်နေပြီး ဆော်ဒီက လပ် အယ်နာဆာအသင်းက ဒုတိယ နေရာမှာရှိနေသလို မန်စီးတီးနဲ့ PSG အသင်းတွေကတော့ အဲဒီ အသင်းတွေနောက်မှာသာရှိနေပါတယ်။ ရိုဒရီဂိုရဲ့ ကစားပုံနဲ့ အံဝင်ခွင်ကျဖြစ်မယ့်အသင်းကတော့ အာ ဆင်နယ်နဲ့ မန်စီးတီးအသင်းတို့နဲ့ လိုက်ဖက်မှုရှိ သလို ပွဲထွက်ခွင့်တစ်နေရာကိုလည်း သေချာပေါက် ရဖို့ ရှိနေတာကြောင့် ဒီအပြောင်းအရွှေ့ကို ဆက်လက်စောင့်ကြည့်ရဖို့ရှိနေပါတယ်။
(၃) အမ်ဘူမို အတွက် နောက်ထပ်ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ မန်ယူ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အမ်ဘူမိုကို ခေါ်ယူနိုင်ဖို့ ယုံကြည်မှုရှိရှိနဲ့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ မန်ယူအသင်းဟာ အမ်ဘူမိုကို ဒီရာသီ ပရီးမီးယားလိဂ် ပထမဆုံးပွဲ စဉ် မတိုင်ခင်မှာ အရောက်ခေါ်ယူဖို့ဆန္ဒရှိနေပြီး တစ်ဖက်မှာလည်း ကစားသမားပြောင်းရွှေ့မှုတွေကို ဆက်တိုက် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဆန်ချိုက ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ အခြေအနေ ကောင်းနေသလို အန်တိုနီကလည်း ရီးရဲလ်ဘတ်တစ်အသင်းကို အပြီးသတ်ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်နေတဲ့အနေအထားမှာ အမ်ဘူမိုရဲ့ အပြောင်းအရွှေ့အတွက်လည်း မန်ယူအသင်းဘက်က တွန်းအားပေးပြီး မဖြစ်မနေခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အမ်ဘူမိုနဲ့ အပြောင်းအရွှေ့ ကြန့်ကြာ နေရတဲ့အချက်ကတော့ ဘရန်းဖို့ဒ်အသင်းဘက်က ပြောင်းရွှေ့ကြေးကို (၆၅)သန်းအထက်ကိုပဲ စိတ်ဝင် စားတယ် လို့ပြောဆိုထား တာကြောင့်ဖြစ်ပြီး မန်ယူအသင်းဘက်က အမ်ဘူမိုကို အဲဒီလောက်တန်ကြေး နဲ့ခေါ်ယူဖို့ စဉ်စားနေတဲ့အနေအထားမှာ နှစ်ဖက်အသင်းကြားမှာ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင် ရဖို့နေပါတယ်။ ဒါ့ပြင် ဘိုင်ယန်မြူးနစ် အသင်းကလည်း မန်ယူအသင်းနဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းလာ ဖွယ်ရှိနေတာကြောင့် ဒီအပြောင်းအရွှေ့ကို မန်ယူအသင်းဘက်က လက်ဦးမှုရယူထားနိုင်ဖို့ လိုအပ်နေပါ တယ်။
(၄) နိုနီ မက်ဒူရက်ကေး နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက်ရဖို့ နီးစပ်နေတဲ့ အာဆင်နယ်
ချဲလ်ဆီးအသင်းရဲ့တောင်ပံကစားသမား နိုနီ မက်ဒူရက်ကေးကို ခေါ်ယူဖို့ လန်ဒန်ပြိုင်ဘက် အာဆင်နယ်က ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့တယ်လို့ The Sun မှာ ဖော်ပြထားပါတယ်။ သတင်းဖော်ပြချက်တွေအရ နိုနီ မက်ဒူရက်ကေးရဲ့ အပြောင်းအရွှေ့ကို အာဆင်နယ်ပရိသတ်တွေက နှစ်သက်မှုမရှိသလို ခေါ်ယူမှုလုပ်ခဲ့ရင် ကြိုဆိုဖို့မရှိဘူးလို့တောင် ပြောဆိုထားကြတာတွေ့ရပါတယ်။ တကယ်တမ်းမှာလည်း နိုနီ မက်ဒူရက်ကေးရဲ့ ချဲလ်ဆီးအသင်းမှာကစားခဲ့တဲ့ကစားပုံက မကောင်းခဲ့သလို အသင်းအတွက် အားကိုး လောက်စရာမရှိဘူးလို့လည်း ထင်ကြေးပေးမှုတွေရှိနေပါတယ်။ ချဲလ်ဆီး အသင်းဘက်ကြည့်ရင် အသင်းကနေ ရောင်းထုတ်ချင်နေတဲ့ကစားသမားကို ခေါ်ယူချင်နေတဲ့ အာဆင် နယ်အသင်းရဲ့ခေါ်ယူမှုပေါ်မှာ သဘောမတူနိုင်စရာမရှိနိုင်သလို “ရေကန်အသင့်ကြာအသင့်” လို့ တောင် ပြောလို့ရနေပါတယ်။ နိုနီ မက်ဒူရက်ကေရဲ့ ပြောင်းရွှေ့ကြေးကိုတော့ ချဲလ်ဆီးအသင်းက ဝယ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေးဖြစ်တဲ့ (၂၈.၅)သန်းရရှိရင် ရောင်းထုတ်နိုင်ဖို့ရှိနေပြီး အပြောင်းအရွှေ့သာ တကယ်ဖြစ်ခဲ့ ရင် နည်းပြ အာတီတာအနေနဲ့ နိုနီ မက်ဒူရက်ကေးရဲ့ ခြေစွမ်းကို နောက်တစ်ဆင့်ရောက်အောင် လုပ်ပြ နိုင်မလားဆိုတာကို စောင့်ကြည့်ရဖို့ရှိနေပါတယ်။ အာဆင် နယ်အသင်းဟာ ဒီရာသီအပြောင်းအရွှေ့မှာပဲ ချဲလ်ဆီးအသင်းက ဂိုးသမား ကီပါကို ပေါင်(၅)သန်းနဲ့ ခေါ်ယူထားပြီးပြီလည်းဖြစ်ပါတယ်။
(၅) ဒမ်ဖရီစ်ကို လျော်ကြေးစာချုပ် ယူရို (၂၅)သန်းပေးခေါ်မယ့် မန်စီးတီး
မန်စီးတီးအသင်းဟာ နောက်ထပ်အပြောင်းအရွှေ့တစ်ခုအဖြစ် အင်တာမီလန်အသင်းရဲ့ ညာ နောက်ခံကစားသမား ဒမ်ဖရီစ်ကို ခေါ်ယူဖို့ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ မန်စီးတီး အသင်းရဲ့ ညာနောက်ခံနေရာမှာ မဖြစ်မနေလူခေါ်ယူဖို့ လိုအပ်နေတဲ့အနေအထားဖြစ်တဲ့အပြင် ကစား သမား အဝင်အထွက်နဲ့ ကစားသမားအသစ်တွေကြားမှာ အထိုင်ကျဖို့လိုအပ်နေတဲ့အနေအထားမှာ ဒမ်ဖရီစ်ကို ခေါ်ယူဖို့လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ဒမ်ဖရီစ်ရဲ့ အသက်အရွယ်က (၂၉)နှစ်ဖြစ်တာကြောင့် (၂၅)သန်းသာ ပေးချေရဖို့ရှိနေတဲ့အနေအထားဖြစ်ပေမယ့် စာချုပ်ဖျက်သိမ်း ကြေးရှိနေတာကြောင့် မန်စီးတီး အသင်းအနေနဲ့ အင်တာမီလန်အသင်းကို စာချုပ်ဖျက်သိမ်းကြေးကိုပါ ပေးချေရဖို့ရှိနေပါတယ်။ တစ်ဖက်မှာ လည်း ဘာစီလိုနာအသင်းက ကွန်ဒီနဲ့ အပြိုင်ကစားနိုင်ဖို့ ဒမ်ဖရီ့စ် ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် မန်စီးတီးအသင်းအနေနဲ့ ဘာစီလိုနာ အသင်းနဲ့ အပြိုင် ခေါ်ယူရဖို့ ရှိနေပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့ရင် ကွန်ဒီနဲ့ပြိုင်ရဖို့ရှိနေပေမယ့် မန်စီးတီး အသင်းကို ပြောင်းရွှေ့ခဲ့ရင်တော့ သေချာပေါက်နေရာ ရဖို့ရှိနေတဲ့အနေအထားမှာ ဒီအပြောင်းအရွှေ့ကို လည်း ဆက်လက်စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုးတွင် စစ်ရေးသတင်းများကြောင့် လူပေါင်း (၁၅၀)ကျော်ခန့်သည် နေ့စဉ် လဝကရုံးသို့ လာရောက် တိုးဝှေ့၍ လဝက လုပ်ငန်းစဉ်များဆောင်ရွက်နေကြ
RELATED POSTS
10 Aug 2026 | အားကစား,ပြည်တွင်း
10 Aug 2026 | အားကစား,ပြည်တွင်း
09 Aug 2026 | အားကစား,နိုင်ငံတကာ
