ငလျင်ဖြစ်ဒေသများရှိ စက်သုံးဆီဆိုင်အချို့ မူလဈေးနှုန်းအောက်လျော့၍ ပြန်လည်ရောင်းချပေးနေ

ချယ်ရီ (NSS) - ဧပြီ ၂၃
ပြီးခဲ့သည့်(မတ်လ ၂၈ ရက်) က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးချို့ယွင်းခဲ့သော စက်သုံးဆီဆိုင်အချို့မှာ မူလဈေးနှုန်းအောက်လျော့၍ ပုံမှန်အခြေ အနေတိုင်း ပြန်လည်ရောင်းချပေးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ငလျင်ဘေးသင့်ဒေသရှိ စက်သုံးဆီအရောင်းဆိုင်အချို့ကို အမြန်ပြန်လည်ပြင်ဆင်ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ရက်သတ္တပတ်(၁)ပတ်စာခန့် အရန်စက်သုံးဆီရှိသည့်အပြင် ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများလည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိ၍ ပြတ်လပ်မှုမဖြစ်နိုင်သောကြောင့် စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်မည်ဟု စိုးရိမ်စိတ်ဖြင့် မလိုအပ်ဘဲ တန်းစီဝယ်ယူခြင်း၊ အပိုသိုလှောင်ထားခြင်း မပြုလုပ်ကြရန် နှင့် လိုအပ်သလောက်သာ ဝယ်ယူသုံးစွဲကြရန် ပြီးခဲ့သည့်(မတ်လ ၃၀ ရက်) က စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူသို့ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အများပြည်သူ ပူးပေါင်းပါဝင်မှု၊ စက်သုံးဆီအသင်း နှင့် သိုလှောင်ကန်စခန်း၊ အရောင်းဆိုင်နှင့် ဆီဘောက်ဆာလုပ်ငန်းရှင်တို့၏ (၂၄) နာရီ အချိန်ပြည့် နားရက်မရှိ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့မှုတို့ကြောင့် စက်သုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းများ ပုံမှန်အခြေအနေအတိုင်း ဖြန့်ဖြူးရောင်းချနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
“ပုံမှန်အတိုင်းကတော့ ရောင်းနေကြပါပြီ။ အမရပူရ နဲ့ တချို့နေရာတွေဆိုရင်တော့ အချိန်ပိုင်းနဲ့ ရောင်းပေးတာတွေ ရှိတယ်ပေါ့။ ဆီဆိုင်အသေးတွေက ခွဲတန်းနဲ့ ရလို့လားမသိဘူး။ အချိန်လေးကန့်သတ်ချက်တစ်ခုတော့ ရှိမယ်။ Denko တို့၊ BOC တို့ကတော့ (၂၄)နာရီလုံး ရောင်းပေးကြတယ်ဗျ” ဟု မန္တလေးဒေသခံတစ်ဦးထံ မေးမြန်းထားချက်အရ သိရသည်။
ယခုတွင် အရန်ဆီအနေဖြင့် (၂)ပတ်စာခန့် သိုလှောင်ထားရှိနိုင်ပြီး အရောင်းဆိုင်များတွင်စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း နှင့် စက်သုံးဆီ အရောင်းဈေးနှုန်းမှာလည်း တစ်လီတာလျှင် ကျပ်(၂ဝဝ)မှ ကျပ်(၃ဝဝ)ခန့် အထိ ကျဆင်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ငလျင်မဖြစ်ခင်တုန်းကတော့ ကျပ်(၃,၂၀၀)ကျော်ပေါ့နော်။ အခုဈေးက ကျပ်(၂၀၀၊ ၃၀၀)ကျော်လောက်တော့ ချက်ချင်းထိုးကျသွားတယ်ပေါ့နော်။ အရင်ကထက် ဈေးချပေးတော့ အဆင်ပြေတဲ့သဘောရှိပါတယ်။ သတင်းအရ မှန်တယ်ဗျ။ ဒါပေမဲ့ မန္တလေးရဲ့တချို့နေရာတွေမှာကျတော့ ဆီထည့်ရတာ လွယ်လည်းလွယ်ကူပေမဲ့ တချို့နေရာကျတော့လည်း ခက်ခဲတာပေါ့။ အောင်မြေသာစံ၊ မတ္တရာတကြောကနေစပြီး အဆင်မပြေတော့ဘူး။ ဆိုင်တွေက လူအများနဲ့တိုးဝှေ့နေရတာတော့ ရှိတာပေါ့နော်။ တချို့ကျတော့ ဆီပြန်ရောင်းမယ်ဆိုပြီး (၂၊ ၃) ခါ ဆီပြန်တန်းစီတာတွေ အများကြီး ရှိတယ်ပေါ့နော်။ တခြားဟာတော့ မရှိပါဘူးဗျ”ဟု အထက်ပါဒေသခံက ရှင်းပြသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဧပြီ ၂၃ ရက်အတွင်းဖြစ်ပွားခဲ့သည့် သတင်းထူးများ
RELATED POSTS
18 May 2025 | စီးပွားရေး,ပြည်တွင်း
17 May 2025 | စီးပွားရေး,ပြည်တွင်း
17 May 2025 | စီးပွားရေး