ရုရှားတွေရင်းနှီးမြှုပ်နှံမယ့် ထားဝယ် SEZ အနာဂတ်ကို ဆွေးနွေးခြင်း
ယွန်း (NSS)- မတ် ၁၉
မြန်မာ - ရုရှားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့် ထားဝယ်အထူးစီးပွားရေးဇုန် နှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် အနှောင့်အယှက်များ၊ စိန်ခေါ်မှုများနှင့် ဖြစ်နိုင်ခြေများကို ထိပ်တန်းစီးပွားရေးလုပ်ငန်း ရှင်ကြီးတစ်ဦးနှင့် NSS က မေးမြန်းဆွေးနွေးထားသည်များအား ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး- ရုရှားမှာ ဗိုလ်ချုပ်မှူးကြီးကသွားပြီးတော့ ထားဝယ်စီမံကိန်းကို တော်တော်လေးအားထည့်ပြော ခဲ့တာတွေ့တယ်။ လုပ်ငန်းရှင်တွေလည်း ပါသွားတာ တွေ့ရတယ်။ ထားဝယ်နဲ့ပတ်သက်ပြီး အားနဲ့အင် နဲ့လုပ်မယ့်သဘောကို သွားတွေ့ရတယ်။ အဲဒီတော့ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ရုရှားနဲ့မြန်မာ ပူးပေါင်းလုပ်ဆောင်မှုကြောင့် ထားဝယ်စီမံကိန်းရဲ့ အလားအလာဘာဖြစ်မလဲ။
ဖြေ- ဒီစီမံကိန်း အကောင်အထည်ပေါ်အောင် မြင်သွားရင်တော့ မြန်မာပြည်ရဲ့ ဂျီဒီပီ ၂၀%၊ ၂၅% လောက်တက်သွားမယ်။ မြန်မာပြည်တစ်ခုလုံးရဲ့ ဖွံ့ ဖြိုးတိုးတက်မှုက ဒီနေရာမှာပြန်ပြီးတော့ အခြေပြုပြီး ကောင်းသွားနိုင်တဲ့အလားအလာရှိတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒါကကျောက်ခဲတစ်လုံးတည်းနဲ့ ငှက်သုံး ကောင်ပစ်သလိုပဲ။ ပထမတစ်လုံးက ကိုယ့်တိုင်းပြည် တိုးတက်ဖွံ့ဖြိုးဖို့အတွက် တကယ်ကို အထောက် အကူပြုတဲ့ စီမံကိန်းကြီးဖြစ်တယ်။ နောက် တစ်ခုကကျတော့ စင်ကာပူတို့ မလက္ကာရေလက်ကြားကို ဖြတ်ပြီးသွားတဲ့ကိစ္စဖြစ်တဲ့အတွက် ထိုင်းနိုင်ငံ အတွက်လည်း အရမ်းအကျိုးရှိမယ်။ လာအိုလို ကုန်း တွင်းပိုင်းနိုင်ငံအတွက်လည်း အပေါ်ကနေ ဆင်းလာ တဲ့ရထားလမ်းနဲ့ချိတ်ဆက်ပြီးတော့ ဆိပ်ကမ်းတစ်ခု ရသွားမယ်။ ဗီယက်နမ်တို့၊ ကမ္ဘောဒီးယားတို့အတွက် ကိုလည်း အရှေ့အလယ်ပိုင်းဘက်ကလာတဲ့ သွင်း ကုန်တွေအတွက် ရထားလမ်းတို့၊ ကုန်ကားလမ်းတို့ နဲ့ချိတ်ဆက်ပြီးသွားမှာဖြစ်တဲ့အတွက် အရမ်းကောင်း သွားမယ်။ အဓိကကတော့ အဲဒီအတွက်လည်း အ ကျိုးစီးပွားတွေ အများကြီးရမယ်။ ဒါက ဒုတိယ ကျောက်ခဲပေါ့။ တတိယတစ်ခုကျတော့ စင်ကာပူတို့ အောက်ဘက်ကတိုင်းပြည်တွေပေါ့ Malacca Strait ကို အားပြုထားပြီးတော့မှ ဝင်ငွေတွေအများ ကြီးရနေတဲ့တိုင်းပြည်တွေအတွက်ကျတော့ ဒုက္ခရောက်သွားမယ်။ သူတို့အားနည်းသွားမယ်ပေါ့။ ဘာလို့လဲဆိုတော့ သူတို့က ဟိုးအရင် အီတာလျံ-ထိုင်း လက်ထက်ကတည်းက ဒါကြီးကို မပျက်ပျက်အောင် ဖျက်ခဲ့ကြတာလေ။
ဗမာပြည်က Human Resources တွေကို ဈေးပေါပေါနဲ့ ခေါ်ခိုင်းပြီး သူတို့တိုင်းပြည်တိုးတက် အောင်လုပ်နေကြတာ။ ဒီလူတွေအကုန်လုံး Skill Labour တွေဖြစ်ပြီး ဒီ Project Zone တွေမှာ နိုင်ငံ တကာဈေးနှုန်းတွေနဲ့ရပြီး ပြန်ရောက်လာမယ်ဆိုရင် မြန်မာပြည်က ဝင်ငွေတိုးတက်လာမယ်။ သူတို့နိုင်ငံ မှာကျတော့ထုတ်လုပ်မှုတွေကျသွားပြီးတော့ အားနည်းသွားပြီးတော့ Cost တွေတက်လာမယ်။ မြန်မာပြည်အတွက်ကတော့ အလွန်တရာအကျိုးရှိတဲ့ စီမံကိန်းလို့ ကျွန်တော်မြင်ပါတယ်။
မေး - ထားဝယ်စီမံကိန်းမှာ ရုရှားတွေ အဓိကလုပ်ချင်တာက ဘယ်ကဏ္ဍတွေဖြစ်နိုင်ခြေရှိလဲ။
ဖြေ- အဓိကကတော့ သူတို့ကတော့ ဆိပ်ကမ်း ဆောက်လုပ်ရေးလုပ်ငန်းတို့ ကျွန်တော်မြင်တာပေါ့ နော်။ ကြေညာထားတာလည်း သုံးခုရှိတယ်။ လျှပ်စစ် စက်ရုံ၊ နောက်တစ်ခါရေနံချက်စက်ရုံ အဓိကကတော့ စက်မှုဇုန်လုပ်ငန်းတစ်ခုလုပ်ပြီဆိုရင် Water Sup- ply, Electricity Supply တွေစသည်ဖြင့် ပြည့်စုံ မှ တခြားနိုင်ငံကလူတွေ၊ စက်ရုံတွေက လာပြီးရင်းနှီး မြှုပ်နှံမှာ။ သူတို့က အဲဒီMain Infrastructure တွေကိုတည်ဆောက်ပေးမယ်လို့ ကျွန်တော်ထင် တယ်။
မေး-အဲဒီမှာ ရေနံချက်စက်ရုံလုပ်မယ်တို့၊ နျူကလီးယား လျှပ်စစ်ဓာတ်အားပေးရုံလုပ်မယ်တို့၊LNG Terminal တွေလုပ်မယ်တို့ သတင်းတွေထဲမှာ ရေး နေတာတွေ့ရတယ်။ များသောအားဖြင့် စာချုပ် တွေရဲ့သဘောသဘာဝမှာ တွေ့နေရတယ်။ ဒါတွေ ကကော ထားဝယ်ပဲလား။ တကယ့်ရေနံချက်စက်ရုံတို့ ဘာတို့ရည်မှန်းချက်က အဲဒါပဲလား။ ဖြစ်နိုင်ခြေပေါ့။
ဖြေ- ကျွန်တော်နားလည်တာတော့ သူတို့ရေး ထားတဲ့အထဲမှာတော့ ထားဝယ် SEZ က လျှပ်စစ်က နျူကလီးယားတော့ မပါဘူး။ ဒါပေမဲ့ ရေနံချက်စက်ရုံပါတယ်။ ဘာလို့ရေနံချက်စက်ရုံပါလဲဆိုတော့ ဒီဆိပ်ကမ်းကိုလာကြမယ့် သင်္ဘောတွေ အများကြီးရှိတယ်။ ဒီသင်္ဘောတွေကိုSupply လုပ်ဖို့အတွက် ဒီဇယ်၊ ဓာတ်ဆီတွေလိုမယ်။ နောက်တစ်ခါ Southeast Asia Market အတွက် ဒီဇယ်အောက်တိန်း Supply ကို ဒီနေရာမှာချက်ပြီး ပိုက်လိုင်းနဲ့သာ အဲဒီတစ်ဝိုက်ကိုဖြန့်နိုင်ရင် အရှေ့အ လယ်ပိုင်းတို့ကနေ သင်္ဘောကြီးနဲ့သယ်ပြီး ပတ်ပြီးပို့ရ တဲ့ ကုန်ကျစရိတ်ထက် အများကြီး သက်သာသွားမယ်။ ဒီနေရာမှာ Strateg- ically လာပြီးလုပ်ကြ တဲ့သဘောလို့ယူဆလို့ရတယ်။ Geographic အရ ဒီနေရာက တကယ်ကို Stra- tegy ဖြစ်ခဲ့တာဆိုတော့လေ။
မေး- ကျွန်တော်စိတ်ဝင်စားတာက ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုတာ ယခင်ထဲက ရေနက် ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုန်ဆိုပြီး နှစ်မျိုး ရှိတယ်။ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုတာက ကုန် တင်သင်္ဘောအကြီးကြီးတွေကပ်ဖို့၊ အထူးစီးပွားရေး ဇုန်ဆိုတာက စက်မှုလုပ်ငန်းတွေ များသောအားဖြင့် မြို့ပြအိမ်ရာအကြီးကြီးတွေ တကယ့်အကြီးစား Project အဖြစ်လုပ်ခဲ့ကြတာ။ ရုရှားတွေ လာမယ့် အပိုင်းက အထူးစီးပွားရေးဇုန်ထဲကိုပဲ အာရုံစိုက်တာ မျိုးလား၊ ဆိပ်ကမ်းကိုပဲ အာရုံစိုက်တာမျိုးလား ဆို တဲ့ဟာကို မရှင်းလင်းသေးဘူးလို့ သွားတွေ့ရတယ်။
ဖြေ- ကျွန်တော်ခုနပြောသလိုလေ။ အဓိက Main Infrastructure ဖြစ်တဲ့ ရေနက်ဆိပ်ကမ်းရှိမှ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဆိုတာကလည်း ဆိပ်ကမ်းလိုတယ်လေ။ ဒေသထွက်ကျောက်မီးသွေး တွေ သုံးလို့မလုံလောက်ရင် နိုင်ငံတကာက သယ်ရ မယ်ဆိုရင် ဆိပ်ကမ်းရှိဖို့လိုတယ်။ ရေနံချက်စက်ရုံ ဆိုတာကလည်း ဆိပ်ကမ်းရှိမှရတယ်လေ။ နောက် တစ်ခါ သီလဝါကရေတိမ်တယ်။ တန်ချိန်(၂)သောင်း လောက်ပဲ အကြီးဆုံးသင်္ဘောသွားလို့ရတာဆိုတော့ ရေနက်ဆိပ်ကမ်းကျတော့ တန်ချိန်(၈)သောင်း၊ (၁)သိန်းလောက်အထိ ဝင်လို့ရတဲ့သင်္ဘောတွေဝင်လာ နိုင်တာဆိုတော့ Logistic Cost အရ အများကြီး သက်သာနိုင်တယ်လေ။ ပြီးတော့မှ အဲဒါတွေနဲ့ သက် သာတဲ့ဆီဖိုး၊ သက်သာတဲ့မီးဖိုး၊ သက်သာတဲ့ရေဖိုး တွေနဲ့ စက်မှုဇုန်ကြီးမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့် ကော်မတီတွေကို ခေါ်လို့ရတယ်ပေါ့နော်။ အဓိက ကတော့ မြန်မာပြည်က ဒီပရောဂျက်ကြီးကို Local Developer အနေနဲ့ အကောင်အထည်ဖော်လိုက် တာ။ အဲဒီလို အကောင်အထည်ဖော်တဲ့လုပ်ငန်းမှာ ရုရှားကုမ္ပဏီတွေက ရှေ့ကဆိပ်ကမ်းနဲ့ လိုအပ်တဲ့Main Infrastructure တွေကို လာရောက်ရင်းနှီး မတည်ပေးတယ်လို့ ယူဆလို့ရတယ်။ ပြီးတော့မှ အဲဒီ နောက်မှာဖြစ်လာမယ့် Special Economic Zone ဆိုတဲ့ Law ထွက်ပြီးသားSpecial Economic Zone မှာ နိုင်ငံတကာက စက်ရုံတွေလာတည်မယ်။ သက်သာတဲ့မြေငှားခနှုန်းထားနဲ့ သူတို့ရမယ်။ ပြီးရင် ဒီမှာလာပြီးတော့ ရှိလာတဲ့ Raw တွေကို ဈေး သက်သက်သာသာနဲ့သယ်လာပြီးတော့ ဒီမှာထုတ် လုပ်ပြီးတော့ နိုင်ငံခြားကိုပြန်ထွက်သွားမယ်ဆိုရင် ဘာအခွန်အခမှ ပေးစရာမလိုဘဲနဲ့ Production Cost ကို အခုလို အမေရိကားတို့ဘာတို့ Trade War ဖြစ်နေတဲ့အချိန် ဒီလိုနေရာမျိုးမှာလာပြီး ထုတ်လုပ် ပြီးတော့ သက်သက်သာသာနဲ့ နိုင်ငံတကာကို ပြန်ဖြန့် လို့ရသွားမယ်ဆိုတဲ့ နေရာမျိုးပေါ့။ အဲဒီအတွက်ကြောင့် Deep Sea Port တစ်ခုရဲ့နောက်မှာSpe- cial Economic Zone တွဲလိုက်တဲ့အတွက် ပိုပြီး တော့ အကျိုးဖြစ်သွားစေတယ်။ ပြီးရင် အာဆီယံကို လွယ်လွယ်ကူကူပို့လို့ရမယ်။ မြန်မာပြည်ထဲကို ပြန်ပို့ ရင်သာ အခွန်ဆောင်ရမှာလေ။ မြန်မာပြည်က ဘာရ လဲလို့မေးရင် လျှပ်စစ်မီးရောင်းစားတဲ့ပိုက်ဆံရမယ်၊ ဆီရောင်းစားတာတွေရမယ်၊ ရေ Supply တွေရမယ်၊ နောက်တစ်ခါ ပညာရှင်နဲ့ Labour အားလုံးပေါင်း (၃)သိန်းလောက် အလုပ်ရမယ်။ နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာတွေအကုန်လုံး ဒီကိုပြန်လာပြီး အလုပ်လုပ်မယ်ဆိုရင် နိုင်ငံခြားသားကုမ္ပဏီတွေ ဖြစ်တဲ့အတွက် နိုင်ငံတကာအတိုင်း လခပေးရမှာဖြစ် တဲ့အတွက် နိုင်ငံခြားအထိထွက်ပြီး အလုပ်လုပ်စရာ မလိုတော့ဘဲ ကိုယ့်မြေကိုယ့်ရေပေါ်မှာ လခကောင်း ကောင်းနဲ့ ခံစားချက်ကောင်းကောင်း၊ အာမခံချက် ကောင်းကောင်းနဲ့ အလုပ်ရကြမယ်။ အဲဒီမှာပဲ ကျောင်းတွေထားဘာတွေထားနဲ့ပဲ အကုန်လုံး မြို့ကြီး တစ်မြို့လိုပေါ်ပေါက်လာမှာပေါ့။ ဒီကနေရလာ တဲ့ငွေနဲ့တင် မိဘတွေဆီပြန်ပို့ကြမယ်။ သုံးကြမယ်၊ စားကြမယ်ဆို တိုင်းပြည်ရဲ့ဂျီဒီပီလည်း (၂၀)၊ (၂၅)လောက်တက်လာမယ်။ မြန်မာပြည်ရဲ့ အစကောင်း ခြင်းပေါ့နော်။ ပြန်လည်ထူထောင်မှု စီးပွားရေးအစ ကောင်းခြင်းကို ဒီကနေစလိမ့်မယ်လို့ ကျွန်တော်တော့ မျှော်လင့်တယ်။
မေး- စာချုပ်ချုပ်ခဲ့တာကို ကြည့်လိုက်ခြင်းအား ဖြင့် နှစ်နိုင်ငံသဘောတူစာချုပ်တော့ ချုပ်ခဲ့ကြပြီ၊ ဒါပေမဲ့ စာချုပ်ပဲရှိသေးတယ်။ တကယ့် Action Plan ကကော ထိထိရောက်ရောက် အောင်အောင်မြင် မြင် အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတဲ့ မေးခွန်း တွေရှိတယ်။ အဲဒီတစ်ချက်ကိုကော ဘယ်လိုမြင်လဲ။
ဖြေ- ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ဖို့လိုတာပေါ့။ စာချုပ်ချုပ်တယ်ဆိုတာက ပထမအဆင့်တော့ အောင်မြင်သွားတာပေါ့ဗျာ။ မင်္ဂလာဆောင်သလိုပေါ့။ စေ့စပ်ကြောင်းလမ်းခြင်းကနေစလိုက်တာပေါ့။ ဒါကစေ့စပ်ကြောင်းလမ်းတာပေါ့။ လက်ထပ်တဲ့ပွဲမတိုင်ခင်မှာတော့ နှစ်ဦးနှစ်ဖက် နား လည်မှုတွေယူမယ်။ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ်တွေကနေ ငွေချေးဖို့တွေကို သေချာအောင်လုပ်ရမယ်။ အဲဒီလို လုပ်ဖို့အတွက် ပရောဂျက်တိုင်း ပရောဂျက်တိုင်းမှာ တော့ ဖြစ်နိုင်ခြေကနေ လုပ်ရတယ်လေ။ အဲဒီတော့ ဒီပရောဂျက်ရဲ့ ဖြစ်နိုင်စွမ်းကိုလေ့လာပြီးတော့ ဘယ်လောက်အထိဖြစ်နိုင်ခြေရှိတယ်၊ ဘယ်လောက် ရာခိုင်နှုန်းအထိ တိုင်းပြည်ကိုအကျိုးပြုတယ် နောက် တစ်ခါ ချေးထားတဲ့ပိုက်ဆံတွေကို ပြန်လည်ပေးဆပ် ဖို့အတွက် ဘယ်နှနှစ်အတွင်းမှာ ပြန်လည်ပေးဆပ် နိုင်တယ် ဒီလိုအချက်အလက်တွေကိုအခြေခံပြီး တော့ ငွေရေးကြေးရေးဆိုင်ရာ လေ့လာမှုစာတမ်းလေး ကို ဘဏ်တွေကိုတင်ပြတဲ့အခါမှာ ဘဏ်တွေက ဒီ ကောင် အတိုးဘယ်လောက်အထိပေးလို့ရတယ်၊ ဒီ ပရောဂျက်က ဆုံးရှုံးနိုင်စရာမရှိဘူး အောင်မြင်နိုင် တယ်လို့သုံးသပ်ရင် ငွေထုတ်ချေးမယ်။ ထုတ် ချေးတဲ့ငွေနဲ့ ဒီပရောဂျက်ကို အကောင်အထည်ဖော် ပြီးသွားရမှာပေါ့။ အဲဒီတော့ ဒီကြားထဲမှာလည်း ခုနက ကျွန်တော်ပြောသလို အနှောင့်အယှက်တွေကလည်း အများကြီးပေါ်လာမှာဖြစ်တဲ့အတွက် ဒါကိုကြံ့ကြံ့ခံပြီး မြန်မာပြည်သားအားလုံးက မျိုးချစ်စိတ်အပြည့်နဲ့ တိုင်းပြည်ချစ်စိတ်အပြည့်နဲ့ ဒါကိုမဖြစ်ဖြစ်အောင် ဝိုင်းဝန်းကြိုးစားကြမယ်ဆိုတဲ့စိတ်လေးတွေနဲ့ ဝိုင်း ဝန်းကျော်လွှားမယ်ဆိုရင် ဖြစ်ပါတယ်။ အရေးအကြီး ဆုံးက ဖြစ်ချင်စိတ်ပါပဲ။ ဗိုလ်ချုပ်မှူးကြီးရဲ့ အင်တာ ဗျူးမှာလည်း ပြောထားတယ်လေ။ ဖြစ်ချင်စိတ်က အရေးကြီးပါတယ်ဆိုတာ။ အဲဒီဖြစ်ချင်စိတ်ကလေးပဲ အရေးကြီးတာပါ။ အဲဒီတော့ တိုင်းပြည်ကို တကယ် ချစ်ကြဖို့လိုတာပေါ့ဗျာ။
မေး- ကျွန်တော်နောက်တစ်ခုစဉ်းစားမိတာပေါ့။ ထားဝယ်မှာလုပ်မယ့် ရေနံချက်စက်ရုံပဲ ဥပမာပေး ကြပါစို့။ ဒီကောင်ဆိုရင် နံပါတ်တစ်က စက်ရုံတည်ဖို့ အတွက်က ကုန်ကျစရိတ်က ဒေါ်လာသန်း ရာချီလိမ့် မယ်လို့ အကြမ်းဖျင်းတွက်ချက်တယ်။ ဒီပိုက်ဆံက မြန်မာက Investment လုပ်မှာလား၊ ရုရှားကလုပ်မှာ လား၊ မြန်မာ-ရုရှား Joint လုပ်ထားတဲ့ ကုမ္ပဏီတွေက လုပ်မှာလား။ ငွေကိုဘယ်သူကချေးပေးမှာလဲ။ ရုရှား ဘဏ်တွေကလား။ နိုင်ငံတကာဘဏ်တွေတက်ချေး မှာလား စသည်ဖြင့် အဲဒီလုပ်ငန်းစဉ်ကြီးတစ်ခုလုံးက တော်တော်လေး စဉ်းစားစရာသိပ်ကောင်းနေတယ် ပေါ့နော်။ ဘယ်သူတာဝန်ခံမှာလဲဆိုတဲ့ တစ်ချက်။ နောက်တစ်ချက်က ဘာကြောင့်ရုရှားတွေက ဒီမှာလာ ပြီးတော့ စက်ရုံတည်ပြီးတော့ ရေနံချက်ရတာလဲဆိုတဲ့ တွက်ချက်မှုပေါ့။ သူတို့ဘာကိုတွက်ချက်ထားလို့ ဒီမှာ လာတည်တာလဲဆိုတဲ့မေးခွန်း အဲဒါလည်း စိတ်ဝင် စားတယ်။ ဘယ်လိုမြင်မိလဲ။
ဖြေ- ဒါကတော့လေ Businessmen တွေ အကုန်လုံးက တစ်ကမ္ဘာလုံးပတ်ပြီး စီးပွားရှာနေကြ တာကိုး။ တစ်နှစ်တစ်နှစ် စင်ကာပူမှာ ဆီရောင်းရတဲ့ ငွေပေါ့။ စင်ကာပူက အာရှရဲ့ Oil and Gas Hub ပုံစံမျိုးဖြစ်နေတော့ စင်ကာပူမှာလည်း ရေနံချက် စက်ရုံတွေရှိတယ်လေ။ စင်ကာပူကဘာမှမထွက်ဘူး။ အကုန်လုံးကို အရှေ့အလယ်ပိုင်းကယူတယ်၊ ရုရှား ကယူတယ်။ ပြီးရင် သူ့ဆီမှာရေနံချက်ပြီး ဆီတွေကိုအရှေ့တောင်အာရှကိုဖြန့်ပြီးတော့ စင်ကာပူနိုင်ငံက ဝင်ငွေကောင်းနေတာ။ ဒါတွေကို တခြားနိုင်ငံက ရင်း နှီးမြှုပ်နှံတဲ့လူတွေကလည်း ဒီနေရာမှာသင်္ဘောတွေအများကြီးလာမယ်၊ အာဆီယံတစ်ခုလုံးကို လက်လှမ်း မီတဲ့နေရာဖြစ်တဲ့အတွက် ဒီနေရာကနေလာပြီး ရေနံ တွေချက်ပြီး ဒီနေရာကနေဖြန့်မယ်ဆိုရင် အလုပ်ဖြစ် လိမ့်မယ်လို့ သူတို့ကြိုမြင်ထားတဲ့ဟာရှိတာကို။ အဲဒီ အတွက်ကြောင့် သူတို့ ဒီမှာလာပြီးသန်းပေါင်းရာချီတဲ့ ရေနံချက်စက်ရုံကြီးကို ရင်းတာပေါ့နော်။ ဘယ်နိုင်ငံ မှာမဆို စီမံကိန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ ဘယ် တော့မှ ကိုယ်ပိုင်ငွေနဲ့ရင်းကြတာမဟုတ်ဘူး။ မြန်မာ ပြည်မှာသာ သိန်း(၁၀ဝ)ရှိရင် သိန်း (၁၀ဝ) ဖိုးအလုပ် လုပ်တယ်ဆိုတာ ဖြစ်တာ။ သူတို့နိုင်ငံမှာ သိန်း(၁၀ဝ) ရှိရင် အဲဒီသိန်း (၁၀ဝ) ပြပြီးတော့ စီမံကိန်းရဲ့ဖြစ် မြောက်နိုင်စွမ်းနဲ့ အောင်မြင်နိုင်စွမ်းကို တင်ပြပြီးရင် သိန်း (၉၀ဝ) လောက်ကို ဘဏ်ကနေချေးပြီးတော့ သိန်း(၁၀ဝဝ)ဖိုးအလုပ်လုပ်တာလေ။ ကိုယ့်မှာလည်း သိန်း (၁၀ဝ) လောက်ရှိတယ်။ ကိုယ့်စီမံကိန်းက လည်း ဖြစ်နိုင်စွမ်းမြင့်မားပြီး အရင်းကျေကာလ လည်းမြန်မယ်၊ ပြန်လည်ပေးဆပ်နိုင်စွမ်းလည်းရှိ တယ်ဆိုရင် အဲဒါကိုယုံကြည်တဲ့ဘဏ်တွေက ငွေချေး တယ်။ ငွေချေးတယ်ဆိုတော့ နိုင်ငံတကာဘဏ်တွေ နဲ့ International Financial Institution တွေ ဆိုတာလည်း ငွေကိုငွေနဲ့ပဲ ရင်းစားနေတာဖြစ်တဲ့အ တွက် ဒီလိုမျိုးချေးမယ့် ပရောဂျက်တွေမရှိရင် သူတို့ လည်းရပ်တည်လို့မရဘူး။ အဲဒီတော့ သူတို့ရဲ့စီးပွား ရေးအရ သူတို့ကငွေချေးကိုချေးရမှာ။ ချေးမယ့်သူ မရှိလို့ မရဘူး။ ဒါပေမဲ့ ခိုင်မာသေချာတဲ့စီမံကိန်းကို သူတို့ချေးမိဖို့လိုတာ။ အဲဒါလေးကို သူတို့က လေ့လာပြီး ဒီဟာမှာယုံကြည်တယ်ဆို ငွေချေးကြ မယ်။ နောက်တစ်ခုက စီမံကိန်းသာကောင်းပါစေ ငွေ ရှာရတာ၊ ငွေချေးရတာ မခက်ခဲဘူး။ မြန်မာပြည်ဖြစ် လို့ မလိုလားချင်တဲ့သူတွေ ဥရောပတို့ဘာတို့က မချေးချင်ဘူးဆိုရင်တောင် Public Financial Institution တွေရှိတယ်။ သူတို့အစိုးရက မချေး ပေမယ့် လှည့်ပတ်ပြီးချေးချင်တဲ့ ငွေကိုရင်းစားနေတဲ့ ငွေတိုးပေးစားတဲ့သူတွေပေါ့ဗျာ။ ဂျပန်မှာဆိုရင် ဂျပန် ဘဏ်တွေက ငွေလာစုရင်အတိုးမပေးတဲ့အပြင် ထိန်း သိမ်းခတောင်ပြန်တောင်းတာရှိတယ်။ ဂျပန်အပြင် တခြားနိုင်ငံတွေမှာ။ ပိုက်ဆံပေါတဲ့သူတွေက အဲဒါမျိုး အတိုးလေး၊ ငါးရာခိုင်နှုန်းရမယ်ဆို ခုန်ပေါက်ပြီး တော့ကို လာချေးကြမှာ။ အဓိကက သူတို့ကြည့်မှာက ပရောဂျက်ရဲ့အောင်မြင်နိုင်မှု ဘယ်လောက်အခြေ အနေကောင်းလဲ။ အဲဒီလိုအခြေအနေကောင်းရင် ဒီ ကောင်ငါ့ကိုပြန်ပေးနိုင်မယ့်အခြေအနေဘယ် လောက်ရှိသလဲ။ အဲဒီလိုမူတည်ပြီးသွားကြတာ။ အဲဒါ ကြောင့် ပရောဂျက်စီမံကိန်းတွေလုပ်မယ်ဆိုရင် easibility Study နဲ့ Financial Analysis ကို သေချာလုပ်နိုင်ရင် အဲဒါသည်လည်း တကယ့်လက်တွေ့နဲ့မကင်းကွာဘူးဆိုရင် ဘဏ်တွေကချေးငွေ ရဖို့ ဆိုတာ မခက်ခဲဘူး။ အဲဒီလိုရှိပါတယ်။
မေး- နောက်တစ်ချက်က စိတ်ဝင်စားဖို့ကောင်း တာက မလက္ကာရေလက်ကြားကိုဖြတ်ပြီးတော့ စင် ကာပူ၊ မလေးရှားကိုဖြတ်ပြီးတော့ ကုန်တင် သင်္ဘောတွေက သွားနေကြတာ။ တရုတ်ပြည် အာရှ ဟိုဘက်ခြမ်းနဲ့ ဒီဘက်က ဥရောပဘက်ခြမ်းကို အဲဒီ ကနေဖြတ်ပြီးသွားနေရတာ။ ထားဝယ်က အရေးကြီး တယ်လို့ပြောရင်တောင် ကုန်းတွင်းဒီဘက်ကိုပဲ သွား ကြမှာ။ ပင်လယ်ရေကြောင်းကုန်သွယ်ရေးမှာ ပင်လယ်ကနေဖြတ်ပြီး သင်္ဘောတွေနဲ့သယ်တာက ပိုမြန် ပြီး ကျွန်တော်တို့ဆီမှာ ကုန်းတွင်းကနေ ပြန်သယ်ပြီး ဒီဘက်အာဆီယံတွေကို ပြန်ပို့တယ်ဆိုတာ ကနည်းနည်းတော့ ရာနှုန်းအားဖြင့်တော့ အရမ်းကြီး မလက္ကာတစ်ခုလုံးကို သွားထိခိုက်မယ်လို့ မမြင်ဘူး။ ကျွန်တော့်အမြင်ပေါ့။ ဒါပေမဲ့ တချို့ကတော့ မလက္ကာကြီးတစ်ခုလုံး စုပ်ပြတ်သပ်သွားနိုင်တယ်။ ပိတ်သွားနိုင်တယ်ဆိုပြီး ရှုမြင်ကြတယ်။ ကျွန်တော် ကတော့ အဲဒီလိုမမြင်ထားဘူးပေါ့။ ဒီဟာကိုကော ဘယ်လိုမြင်မိလဲ။ တကယ်တမ်းကျတော့ ထားဝယ် က အဲဒီလောက်ကြီးမဟုတ်ဘူးဆိုတဲ့ အတွေးမျိုး ကျွန်တော်တို့မြင်ထားတယ်။
ဖြေ- အဲဒီလိုမျိုးမြင်ကြတာလည်း တစ်မျိုးကောင်း ပါတယ်။ သိပ်အနှောင့်အယှက်မပေးဘူးပေါ့ဗျာ။ ဒါ ပေမဲ့ ဘာအရေးကြီးလဲဆိုတော့ အချိန်ပေါ့။ ကျွန် တော်တို့ မြန်မာပြည်မှာသာအချိန်က အရမ်းပေါ သလိုဖြစ်နေတာ။ နိုင်ငံတကာမှာကျတော့ အချိန်ကို အရမ်းအလုအယက်လုပ်ကြတာ။ အချိန်ကတန်ဖိုးရှိ တယ်။ သင်္ဘောတစ်စင်းက မလက္ကာရေလက်ကြား ကနေဖြတ်ပြီး ဟိုးအပေါ်ဘက်ကိုတက်ဖို့ဆိုလို့ရှိရင် ဘာပဲပြောပြော အချိန်နှစ်ရက်ကနေ သုံးရက်ကြာ တယ်။ မောင်းနေရတာဆီကုန်တယ်လေ။ အချိန်ကုန် တယ်၊ ဆီကုန်တယ်။ သင်္ဘောက ထားဝယ်မှာကပ်မယ်။ ဆိပ်ကမ်းချမယ်။ နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း ဆိုတာလည်း သင်္ဘောတစ်စင်းကို ငါးနာရီကနေ ရှစ် နာရီကြားမှာ အကုန်ချမယ်။ အဲဒါတွေချပြီးသွားရင် ရထားလမ်းနဲ့ ဟိုးဘက်ဗီယက်နမ်ဘက်အထိ သွား မယ်။ ဗီယက်နမ်ဘက်အထိသွားမယ်ဆိုရင် (၂၄) နာရီအတွင်းမှာရောက်မယ်။ ရောက်ပြီး ဟိုးဘက်မှာ ကုန်ပြန်တင်ပြီး ပြန်ထွက်သွားမယ်ဆိုရင် အချိန် တစ် ရက်၊ တစ်ရက်ခွဲလောက်ကျုံ့သွားပြီ။ ဒီသင်္ဘောတွေ က ပြန်လှည့်ပြီး နေ့ချင်းသုံးလို့ရသွားပြီ။ ဒါကဟိုဘက် ထိပ် ဒီဘက်ထိပ်ကိုပြောတာ။ ထိုင်းနိုင်ငံလို နိုင်ငံမျိုး ကျတော့၊ ကမ္ဘောဒီးယားလိုနိုင်ငံမျိုးကျတော့ အရှေ့ အလယ်ပိုင်းကနေ လာမယ်ဆိုရင် အဲဒီမှာကပ်လိုက် ပြီးရင် အဲဒီကနေရထားနဲ့သယ်သွားလိုက်တာနဲ့ ကျန် တဲ့နိုင်ငံတွေထက် သူကပိုအကျိုးရှိတာ။ ထိုင်းတို့၊ ကမ္ဘောဒီးယားတို့၊ ဗီယက်နမ်တို့အတွက်ကျ တကယ့် ကို ရွှေအိုးကြီးပဲ ဒီပရောဂျက်က။ အချိန်တိုတိုလေး နဲ့ခဏလေးပဲ ဒီနေ့မနက်သင်္ဘောတင်မယ် ညနေဆို သူ့ဆီရောက်ပြီ။ အောက်ကပတ်နေတဲ့ကောင်က နောက်သုံးရက်မှရောက်မှာ။ အဲဒီတော့ မလက္ကာ ဒေသတစ်ခုလုံး ဒုက္ခမရောက်ပေမယ့် (၃၀) ကနေ၊ (၄၀) ရာခိုင်နှုန်းလောက် သူတို့ဝင်ငွေလျော့သွားမှာတော့ သေချာတယ်။
(ဆက်လက်ဖော်ပြပါမည်)
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘီလာရုစ်နိုင်ငံ ဝန်ကြီးချုပ်အသစ်အကြောင်း တစေ့တစောင်း
RELATED POSTS
26 Mar 2025 | အင်တာဗျူး,ပြည်တွင်း