ရေနံချောင်းမြို့နယ်နှင့်အနီးတစ်ဝိုက်ရှိ ပရဟိတဥယျာဉ်များတွင် စိုက်ပျိုးထားသော အပင်ပေါင်း (၃)သောင်းကျော်အထိ ရှိလာ

စော (NSS) - အောက်တိုဘာ ၃၁
မြန်မာနိုင်ငံအလယ်ပိုင်းဒေသက ရေနံချောင်းမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ ပရဟိတဥယျာဉ်များတွင်စိုက်ပျိုးထားသော အပင်ပေါင်း (၃)သောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း ရေနံ့သာဒင်းဂါးညီနောင်များ သစ်ပင်စိုက်၊ ရေကန်ဖော်၊ ဇရပ်ဆောက်၊ ရေချမ်းစင်တည်အဖွဲ့ မှ တည်ထောင်သူ ကိုရေနံ့သာဒင်းဂါးက NSS ကိုပြောသည်။
အဆိုပါပရဟိတဥယျာဉ်တွင် အပင်စိုက်ပျိုးခြင်းကို (၂၀၂၂)ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ပရဟိတဥယျာဉ်ပေါင်း (၉)ခုခန့်ရှိနေပြီဖြစ်ကာ အပူပိုင်းဒေသဖြစ်သည့် အတွက် တမာပင်၊ ဇီးဖြူပင်၊ မကျီးပင်၊ သရက်ပင် နှင့် ကုက္ကိုပင်စသည့် အပင်များကိုသာ အဓိကထား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
“အကျယ်အဝန်းကတော့ အရမ်းကြီးမကျယ်ဘူး။ အကျယ်ဆုံးဟာကတော့ (၁၀)ဧကပေ့ါ။အဓိကကတော့ မြေကွက်တွေကို လိုက်ပြီးတော့ ဝယ်ရတာ။ မြေကွက်တွေကို သိန်း (၄၀၀)၊ သိန်း (၅၀၀)၊ သိန်း (၃၀၀)အဲဒီလိုလိုက်ဝယ်ပေ့ါ။ ဝယ်ပြီးတော့ သစ်ပင်စိုက်ပေါ့။ အလှူရှင်ရှိရင် ရှိသလိုပေါ့”ဟု ကိုရေနံ့သာဒင်းဂါးက ပြောသည်။
ပရဟိတဥယျာဉ်ပေါင်း(၉)ခုအနက် ပရဟိတဥယျာဉ်(၇)မှာ ဧကပေါင်း(၁၀)ဧကခန့်ဖြင့် အကျယ်ဆုံးဖြစ်ပြီး ၎င်းဥယျာဉ်တွင် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ထုတ်ကာရေတင်နိုင်သော ရေတွင်းကိုလည်း ထားရှိထားကြောင်းသိရသည်။ “(ပရဟိတဥယျာဉ်မှာ အပင်က) အကုန်လုံး စုစုပေါင်း (၃)သောင်းကျော်သွားပြီ။ စိုက်တာက မနည်းဘူး။ ရှင်တာက (၃)သောင်းကျော်ပေါ့”ဟု ၎င်းကပြောသည်။
ရေနံချောင်းမြိုအနီးတစ်ဝိုက်သည် အပူပိုင်းဒေသများဖြစ်သည့်အတွက် သစ်ပင်များ ရှင် သန်ရန် အခက်အခဲမှာ ရေရှားပါးခြင်း၊ မီးလောင်ခြင်းနှင့် အပင်များကို ဆိတ်၊နွား စားသုံးခြင်းတို့ဖြစ်ကြောင်း သိရသည်။
“ဒီပရဟိတဥယျာဉ်မှာ သစ်ပင်တွေဖြစ်လာပြီဆိုရင် ခရီးသွားတွေလည်း နွေရာသီကာလမှာ ဝင်နားလို့ရမယ်။ အနီးအနားက ကျေးငှက်တိရစ္ဆာန်တွေ အဲဒီပရဟိတဥယျာဉ်ထဲမှာ နေစရာအိမ်လေးတွေဖြစ်သွားမှာပေါ့။ ရာသီဥတုလည်း တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ပြုသွားမှာပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ ဥယျာဉ်အတွင်းရှိ အပင်များရှင်သန်နိုင်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်မည့်သူများကို ဥယျာဉ်အတွင်း အိမ်ဆောက်ပေးထားသည့်အပြင် ထိန်းသိမ်းစောင့်ရှောက်ခအဖြစ် ငွေကြေးပံ့ပိုးမှုများကိုလည်း ပြုလုပ်ပေးထားကြောင်း သိရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်အစိုးရက စိတ်ကူးယဉ်ဇာတ်ကောင် ပက်ဒင်တန်ဝက်ဝံလေးအတွက် တရားဝင်ပတ်စ်ပို့ထုတ်ပေး
RELATED POSTS
26 Mar 2025 | ဗဟုသုတ,နိုင်ငံတကာ
19 Mar 2025 | ဗဟုသုတ,နိုင်ငံတကာ
18 Mar 2025 | ဗဟုသုတ,နိုင်ငံတကာ