ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)

Pika (NSS) - အောက်တိုဘာ ၄
ဗာတီကန်စီးတီးနိုင်ငံသည် ကုန်းတွင်းပိတ် အ ချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် အသေးဆုံးနိုင်ငံဖြစ်သလို မြို့ပြနိုင်ငံဖြစ်ကာ အီတလီနိုင်ငံ ရောမမြို့အတွင်းတွင်တည်ရှိသည်။ ဗာတီကန် စီးတီးသည် (၁၉၂၉)ခုနှစ်တွင် ချုပ်ဆိုခဲ့သော Lateran စာချုပ်နှင့်အတူ အီတလီနိုင်ငံ အုပ်ချုပ်မှုအောက် မှ လွတ်လပ်ခွင့်ရခဲ့ပြီး နိုင်ငံတကာ ဥပဒေအောက်တွင် အချုပ်အခြာအာဏာပိုင်သော တရားစီရင်ရေး ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Holy See ၏ သီးသန့်အုပ်ချုပ်မှုနှင့် စီရင်ပိုင်ခွင့်အောက်တွင်ရှိသော သီးခြားနယ်မြေတစ်ခု ဖြစ်လာခဲ့သည်။
ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ကက်သလစ်ချာ့ချ်ဌာန ချုပ်ရှိသည့် ဗာတီကန်စီးတီးနိုင်ငံသည် မြို့ တစ် မြို့ အတွင်းတွင်တည်ရှိသည့် တစ်ခုတည်းသောနိုင်ငံဖြစ်ကြောင်းလည်း သိရသည်။ ဗာတီကန်စီးတီး သည် ကမ္ဘာပေါ်တွင် အသေးဆုံးမြေဧရိယာရှိသည့် နိုင်ငံနှင့် လူဦးရေအနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး (၂၀၂၃) ခုနှစ်အထိ စုစုပေါင်းလူဦးရေမှာ (၇၆၄) ဦးသာရှိကြောင်းသိရသည်။ စုစုပေါင်းဧရိယာ အကျယ် အဝန်း (၄၉)ဟက်တာသာရှိသည့် ဗာတီကန်စီးတီးသည် ဧရိယာနှင့်လူဦးရေအရ ကမ္ဘာပေါ်တွင် အသေး ဆုံးနိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ ထို့ပြင် ဗာတီကန်စီးတီးသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက်လူဦးရေ အနည်းဆုံးမြို့တော်လည်း ဖြစ်ကြောင်းသိရသည်။ Holy See အဖွဲ့အစည်းက အုပ်ချုပ်မှုနှင့်အတူ ဗာတီကန်စီးတီးသည် ကက် သလစ်ချာ့ချ်၏အကြီးအကဲဖြစ်သော ပုပ်ရဟန်းမင်း ကြီးက ခရစ်ယာန် ဘာသာ သို့မဟုတ် မြင့်မြတ်သော ဘုရင်စနစ်ဖြင့် အုပ်ချုပ်သည့်နိုင်ငံလည်းဖြစ်သည်။
ထို့ပြင် ဗာတီကန်စီးတီး၏ အမြင့်ဆုံးသော အကြီးအကဲများသည် အမျိုးမျိုးသောဇာစ်မြစ်များမှ ဆင်းသက်လာသည့် ကက်သလစ်ဘုန်းတော်ကြီးများ ဖြစ်ကြောင်းလည်းသိရသည်။ ပုပ်ရဟန်းမင်းကြီး Avignon Papacy (၁၃၀၉-၁၃၇၇ ခုနှစ်) ပြီးနောက် ပုပ်ရဟန်းမင်းကြီးများအားလုံးသည် တစ်ခါတစ်ရံ တွင် ရောမမြို့ရှိ Quirinal နန်းတော်တွင် နေထိုင်ကြသော်လည်း အဓိကအားဖြင့် ဗာတီကန် စီးတီး အတွင်းတွင်ရှိသော Apostolicနန်းတော်တွင်နေထိုင်ကြကြောင်း သိရသည်။Holy See အဖွဲ့အစည်းသည် အစောပိုင်းခရစ်ယာန်ဘာသာမှစတင်ခဲ့ပြီးကက်သလစ်ချာ့ချ်၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်း ဖြစ်ကြောင်းလည်း သိရသည်။ ဗာတီကန်စီးတီးတွင် St.Peter's Basilicaဘုရားကျောင်း၊ Sistine Chapel ဆုတောင်းဝတ်ပြုခန်း၊ Vatican Apostolic စာကြည့်တိုက်နှင့် ဗာတီကန်ပြတိုက်တို့ကဲ့သို့သော ဘာသာ ရေးနှင့်ယဉ်ကျေးမှုဆိုင်ရာနေရာအများအပြားရှိ သည်။ အဆိုပါနေရာများတွင် ကမ္ဘာပေါ်တွင်အကျော် ကြားဆုံးပန်းချီများနှင့် ပန်းပုများလည်းရှိကြောင်းသိရသည်။ ဗာတီကန်စီးတီး၏စီးပွားရေးကို ကက်သ လစ် ဘာသာယုံကြည်သူများထံမှ လှူဒါန်းမှုများ၊ စာပို့တံ ဆိပ်ခေါင်းများနှင့် အမှတ်တရပစ္စည်းများ ရောင်းချမှု၊ ပြတိုက်များ၏ ဝင်ကြေးများနှင့် စာအုပ်စာပေများ ရောင်းချခြင်းတို့မှငွေကြေး ထောက်ပံ့ထား ခြင်းဖြစ် ကြောင်းသိရသည်။ ထို့ပြင် ဗာတီကန်စီးတီးတွင် အခွန်ပေးဆောင်ရခြင်းမျိုးမရှိဘဲ ပစ္စည်း များသည်လည်း အခွန်လွတ်ဖြစ်ကြောင်းသိရသည်။
အီတလီအုပ်ချုပ်မှု (၁၈၇၁-၁၉၂၉) နှင့် Lateran စာချုပ်
(၁၈၇၀)ပြည့်နှစ်တွင် အီတလီတပ်ဖွဲ့များက ရောမမြို့ကိုသိမ်းပိုက်လိုက်သောအခါ ပုပ်ရဟန်း မင်းကြီး၏ပိုင်ဆိုင်မှုများမှာ မသေချာမရေရာသော အခြေအနေတွင်ကျန်ရှိခဲ့ပြီး ပုပ်ရဟန်းမင်းကြီး အမည်ခံ တပ်ဖွဲ့များ၏ခုခံမှုများအပြီးတွင် အီတလီ ပြန်လည်ပေါင်းစည်းရေးအဆုံးသတ်သွားခဲ့ကြောင်း သိရသည်။ သို့သော်လည်း အီတလီတပ်ဖွဲ့များသည် ဗာတီကန် စီးတီးအတွင်းရှိ Holy See အဖွဲ့ အစည်းကို ဝင်ရောက်စွက်ဖက်ရန်ကြိုးပမ်းမှုများ လုပ်ဆောင်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။ (၁၈၇၁)ခုနှစ်တွင် အီတလီဘုရင်သည် ရောမမြို့ရှိ Quirinal နန်းတော်ကို သိမ်းပိုက်ခဲ့ပြီး တော်ဝင် နန်းတော်ဖြစ်လာခဲ့ကြောင်းသိရသည်။ အဆိုပါအချိန်မှစတင်ပြီး ပုပ်ရဟန်းမင်း ကြီးများသည် ဗာတီကန်စီးတီးအတွင်းတွင် အနှောင့် အယှက်ကင်းစွာနေထိုင်ခဲ့ကြပြီး သံတမန်များစေ လွှတ်ခြင်းနှင့် လက်ခံခြင်းအပါအဝင် အချို့သော ပုပ် ရဟန်မင်းကြီးများ၏ အခွင့်အာဏာများကို အာမခံဥပ ဒေဖြင့် အသိအမှတ်ပြုခဲ့ကြကြောင်း သိရသည်။သို့သော်လည်း ပုပ်ရဟန်းမင်းကြီးများသည် ရောမမြို့တွင် အီတလီဘုရင်၏အုပ်ချုပ်မှုကို အသိ အမှတ်ပြုခဲ့ခြင်းမျိုးမရှိဘဲ အငြင်းပွားမှုများကိုဖြေရှင်း ခဲ့သည့် (၁၉၂၉)ခုနှစ်မတိုင်ခင်အထိ ဗာတီကန်စီးတီးအတွင်းမှထွက်ခွာရန် ငြင်းဆိုခဲ့ကြသည်။ပုပ်ရဟန်းမင်းကြီး Pius IX (၁၈၄၆-၁၈၇၈ ခုနှစ်) သည် ဗာတီကန်စီးတီးအတွင်းမှ ထွက်ခွာခဲ့ခြင်းမျိုးမရှိခဲ့သော နောက်ဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်ပြီး ဗာတီကန်စီးတီး၏အကျဉ်းသားအဖြစ် ရည်ညွှန်းခံ ခဲ့ရကြောင်းသိရသည်။ အဆိုပါ လောကီရေးရာအာ ဏာကိုစွန့်လွှတ်ရန် အတင်းအကြပ်ဖိအားပေးခံရ သောအခါတွင် ပုပ်ရဟန်း မင်းကြီးများသည် ဘာ သာရေးဆိုင်ရာ ပြဿနာများဘက်ကို ဦးလှည့်ကာ အာရုံစိုက်ခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း (၁၉၂၉)ခုနှစ် ဖေဖော်ဝါရီလတွင် Holy See အဖွဲ့အစည်းနှင့် အီတလီဘုရင်တို့ ကြား Lateran စာချုပ် ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် နှစ်ဖက်ကြားဖြစ်ပွား နေသော အခြေအနေများ အားလုံးမှာ အဆုံးသတ်သွားခဲ့ကြောင်းသိရသည်။ (၁၉၂၉) ခုနှစ် ဇွန်လ(၇) ရက်နေ့တွင် စတင်အသက်ဝင် ခဲ့သော Lateran စာချုပ်အရ လွတ်လပ်သော ဗာတီကန်စီးတီးနိုင်ငံကိုတည်ထောင်ခဲ့ပြီး အီတလီရှိ ကက်သလစ်ခရစ်ယာန်ဘာသာ၏ အထူးအဆင့်အတန်းကို ထပ်မံအတည် ပြုပေးခဲ့ကြောင်းသိရသည်။
ဖွဲ့စည်းတည်ဆောက်ပုံ
ဗာတီကန်စီးတီးနိုင်ငံတွင် ထူးခြားသောဖွဲ့စည်း ပုံရှိကြောင်းသိရသည်။ Holy See အဖွဲ့အစည်းက အုပ်ချုပ်မှုနှင့်အတူ ပုပ်ရဟန်းမင်းကြီးသည် နိုင်ငံ၏အချုပ်အခြာအာဏာပိုင်အကြီးအကဲဖြစ်ပြီး ၎င်းကို မတူကွဲပြားသော အဖွဲ့အစည်းများက ထောက်ခံထားသည်။ ဗာတီကန်စီးတီးတွင် ဥပဒေပြုအခွင့် အာဏာကို ပုပ်ရဟန်းမင်းကြီးက (၅) နှစ်တာ ကာလအတွက် ခန့်အပ်ထားသော ဗာတီကန်စီးတီး အတွက် Pontifical ကော်မရှင် cardinals အဖွဲ့က ပုပ်ရဟန်းမင်းကြီးအမည်ဖြင့် စီမံခန့်ခွဲကြောင်း သိရ သည်။ ထို့ပြင် အုပ်ချုပ်ရေးအာဏာကို အဆိုပါကော်မရှင် ဥက္ကဋ္ဌက ကျင့်သုံးပြီး အထွေထွေ အတွင်းရေး မှူးနှင့် လက်ထောက် အထွေထွေအတွင်းရေးမှူးတို့က ကူညီဆောင်ရွက်ပေးကြောင်းလည်းသိရသည်။ ဗာတီကန်စီးတီး၏ နိုင်ငံခြားဆက်ဆံရေးကို Holy See's Secretariat of State နှင့် သံတမန်ရေးရာ ဝန်ဆောင်မှုများက တာဝန်ယူထားကြောင်းလည်းသိရသည်။ မည်သို့ပင်ဆို စေကာမူ ပုပ်ရဟန်းမင်းကြီး သည် ဗာတီကန်စီးတီးတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် များတွင် အကြွင်းမဲ့ အာဏာရှိပြီး ဥရောပတိုက်တွင်တစ်ဦးတည်းသာရှိသော အကြွင်းမဲ့ ဧကရာဇ် ဖြစ်သည်။ ဗာတီကန်စီးတီး ၏ လုပ်ငန်းလည်ပတ်မှုတွင် ကျန်းမာရေး၊ လုံခြုံရေး၊ ဆက်သွယ်ရေးနှင့် အခြား ကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းရန်အတွက် အခြား ဌာနများရှိကြောင်းလည်းသိရသည်။
စီးပွားရေး
ဗာတီကန်စီးတီးနိုင်ငံ ဘတ်ဂျက်တွင် ဗာတီကန် ပြတိုက်များနှင့် စာတိုက်ရုံးများပါဝင်ပြီး တံဆိပ်ခေါင်း များ၊ ဒင်္ဂါးများ၊ ဆုတံဆိပ်များနှင့် ခရီးသွား အမှတ်တရ ပစ္စည်းများကို ရောင်းချခြင်း၊ ပြတိုက်ဝင်ခွင့် အတွက် ဝင်ကြေးများနှင့် စာအုပ်စာပေများရောင်းချမှုဖြင့် ငွေ ကြေးထောက်ပံ့ထားသည်။ ဘာသာရေး အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်သော်လည်း ဘုန်းတော်ကြီး များမဟုတ်သည့် အလုပ်သမားများ၏ ဝင်ငွေနှင့်လူနေ မှုအဆင့်အတန်းသည် ရောမမြို့တွင် အလုပ်လုပ်ကိုင် သောသူများ၏ အဆင့်အတန်းနှင့် တန်းတူညီမျှမှုရှိ ကြောင်းသိရသည်။ အခြား စက်မှုလုပ်ငန်းများတွင် ပုံနှိပ်ခြင်း၊ mosaics အနုပညာပုံစံ ထုတ်လုပ်မှုနှင့် ဝန်ထမ်းဝတ်စုံများ ထုတ်လုပ်ခြင်းတို့ပါဝင်သည်။ The Institute for Works of Religion ဟု လူသိများသော ဗာတီကန်ဘဏ်သည် ဗာတီကန်စီး တီးတွင်တည်ရှိသည့် ငွေကြေးဆိုင်ရာ အေဂျင်စီ တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။ ထို့ပြင် ဗာတီကန်စီးတီးတွင် လက်တင်ဘာ သာစကားဖြင့် ညွှန်ကြားချက်များနှင့်အတူ ဘာသာ စကား ပေါင်းစုံ ATM စက်များရှိပြီး အဆိုပါလုပ် ဆောင်ပုံများပါဝင်သည့် ကမ္ဘာပေါ်တွင်တစ်ခုတည်း သော ATM စက်များဖြစ်နိုင်ဖွယ်ရှိကြောင်းလည်းသိရသည်။ ဗာတီကန်စီးတီးသည် ၎င်း၏ကိုင်ပိုင် ဒင်္ဂါးပြားများနှင့် တံဆိပ်ခေါင်းများကို ထုတ်ကြောင်းလည်း သိရသည်။ ထို့ပြင် ဥရောပသမဂ္ဂနှင့်အထူးသဘောတူညီ ချက်ကြောင့် ဗာတီကန်စီးတီးသည် ယူရို ငွေကြေးကို ၎င်း၏ငွေကြေးအဖြစ် (၁၉၉၉)ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ကတည်းကအသုံးပြုခဲ့ပြီး (၂၀ဝ၂)ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင် ယူရိုဒင်္ဂါး ပြားများနှင့် ငွေစက္ကူများကို စတင်မိတ်ဆက်ခဲ့သော် လည်း ယူရိုငွေစက္ကူများကိုမူ ထုတ်ပေးခဲ့ခြင်းမျိုးမ ရှိခဲ့ကြောင်း သိရသည်။ (၂၀၁၂)ခုနှစ်တွင် အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံတကာမူး ယစ်ဆေးဝါး ထိန်းချုပ်ရေး မဟာဗျူဟာမြောက် အစီရင်ခံစာတွင် ဗာတီကန်စီးတီးကို ငွေကြေးခဝါချ မှုနှင့်ပတ်သက် ပြီး စိုးရိမ်ရသည့်နိုင်ငံများတွင် ပထမ ဆုံးအကြိမ် ထည့်သွင်းဖော်ပြခဲ့ကြောင်းသိရသည်။ ထို့နောက် (၂၀၁၄) ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက် နေ့တွင် ဗာတီကန်စီးတီးသည် Cardinal George Pell ဦးဆောင် သော Holy See အဖွဲ့အစည်းနှင့် နိုင်ငံ၏စီးပွားရေး၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေးဆိုင် ရာလုပ်ငန်းများ အားလုံးအတွက် တာဝန်ယူရန် အတွင်းရေးမှူးအဖွဲ့ကို တည်ထောင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မည်သည့်အေဂျင်စီ၏ ကျပန်းစစ် ဆေးမှုများကိုမဆို အချိန်မရွေး လုပ်ဆောင်ရန်အတွက် ခွင့်ပြုထားသော စာရင်းစစ်ချုပ်တစ်ဦးကိုလည်း ခန့်အပ်ခဲ့ပြီး နိုင်ငံတကာ ငွေကြေးခဝါချမှုကျင့် ထုံးများနှင့် ကိုက်ညီမှုရှိစေရန်အတွက် အမေရိကန် ဘဏ္ဍာရေး ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက် ခဲ့ကြောင်းလည်းသိရသည်။ (၂၀၂၂)ခုနှစ်တွင် ဗာတီကန်စီးတီး သည် ၎င်း၏ပြတိုက်စုဆောင်းမှုများအတွက် NFTs ကို ထုတ်ဝေရန်စီစဉ်ခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
RELATED POSTS
11 Jul 2025 | ဆောင်းပါး,ပြည်တွင်း