ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
သန့်ဇင် (NSS) - အောက်တိုဘာ ၃
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် တိုးပွားလာသော လုယက်မှုများက အခြေခံနှင့် လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ဖြစ်နေကြောင်း NSS က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့သို့ဦးတည်ကာ စစ်ဘေးရှောင်သူများ နှင့် ပြောင်းရွှေ့နေထိုင်သူများ တိုးပွားလာသောကြောင့် ယခင်ထက်လူဦးရေထူထပ်များပြားလာကြောင်း သိရသည်။ “အခုနောက်ပိုင်းပိုပြီး သတိထားမိလာတယ်ဗျ။ မလိုအပ်ရင်မသုံးတော့ဘူး။ စီးပွားရေးတွေကျပ်တည်းလာတာလည်းပါတာပေါ့ဗျာ။ လိုင်းကားနဲ့သွားတယ်။ တက္ကစီမစီးကြတော့ဘူး။ အများကြီးဝိတ်တွေလျှော့သွားတာပေါ့ဗျာ။ ဝင်ငွေနဲ့ထွက်ငွေမမျှတော့တာပေါ့။ အဲဒါတွေကြောင့်လည်းပါတယ်။ ကုန်ဈေးနှုန်းကြီးပြီးတော့ လစာတွေကမတိုးတဲ့အခါမှာအခုလိုတွေဖြစ်လာတာပေါ့”ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
ထိုပြင် ရန်ကုန်မြို့တွင် လူဦးရေထူထပ်သိပ်သည်းမှုကို အခွင့်ကောင်းယူကာ ခိုးဆိုးလုယက်မှုများလည်း ယခင်ထက်ဖြစ်ပွားလာပြီး မြို့ခံမဟုတ်သော ပြောင်းရွှေ့သူများကို အဓိကပစ်မှတ်ထား လုယက်များမှာ အများဆုံးဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ “အခုနောက်ပိုင်းခိုးဆိုးလုယက်မှုတွေက ညပိုင်းတင်မဟုတ်ဘူး။ မနက်ပိုင်းလည်း ပေါ်တင်လုပ်နေတယ်။ ညနေပိုင်းလည်းပေါ်တင် လုပ်နေတယ်။ သူတို့ပေါ်တင်လုပ်နေတော့ ဘာမှဝင်မပြောရဲကြဘူးလေ။ အများကြီးဖြစ်ပျက်နေကြတာ။ တချို့ကျလည်း လုတာယက်တာထက် လူ့အသက်ပါ အန္တရာယ်ပြုဖို့ ကြိုးစားကြတာတွေ့ရတယ်။ လုတဲ့သူထဲမှာ အသက်(၁၈)၊(၂၀)အရွယ်လေးတွေထဲကနေ အသက်(၃ဝ)ကျော်တွေလည်းပါတယ်။ သူတို့လုပ်တာက ဘယ်လိုလူမျိုးတွေလည်းဆိုရင် သင်တန်းတက်နေတဲ့ကလေးတွေကို လုပ်တာများတယ်။ သူတို့ကလည်း လူအနေအထားကိုကြည့်ပြီး မလယ်မဝယ်လေးတွေကိုလုပ်တာများတယ်”ဟု ၎င်းကဆိုသည်။
အလားတူ ရန်ကုန်မြို့ပြတွင်သာမက ဆင်ခြေဖုံးရပ်ကွက်များတွင်လည်း အခြေခံလူတန်းစားများနှင့် အခြေခံဝန်ထမ်းများတွင် စားဝတ်နေရေးအခက်အခဲများစွာနှင့် ကြုံတွေ့နေရပြီး နေ့စဉ်လူမှုဘဝဖြတ်သန်းရာတွင် စားဝတ်နေရေးအတွက် ပူပန်းမှုများ တိုးပွားလာကြောင်းလည်း သိရသည်။
“ကျွန်တော်ကြည့်နေတာတွေရှိတယ်။ တချို့ဆိုရင် အတိုးတိုးနဲ့ နစ်ပြီးတော့ အဆင်မပြေကြဘူးပေါ့လေ။ တချို့ဆို ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေတောင်တွေ့နေရတယ်။ ခက်ခက်ခဲခဲတွေနဲ့သွားနေရတော့ အတိုးပေါ်အတိုးဆင့်နေကြတာပေါ့။ တချို့ကလည်း လက်ဝါးကြီးအုပ်တာတွေရှိသလို တချို့ကလည်း ကောင်းကောင်း အတိုးပေးစားတာတွေလည်းရှိပါတယ်။ လက်ဝါး ကြီးအုပ်တဲ့လူတွေကျတော့ အခုဆိုရင် အတိုးတွေအရမ်းတက်ပြီးတောင်းနေကြတယ်”ဟု ရန်ကုန်မြို့ရှိ တက္ကစီယာဉ်မောင်းတစ်ဦးက ၎င်းမြင်တွေ့နေရသည်ကို ပြောပြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
RELATED POSTS
06 Nov 2024 | မှုခင်း,ပြည်တွင်း
01 Nov 2024 | မှုခင်း,ပြည်တွင်း
01 Nov 2024 | မှုခင်း,ပြည်တွင်း
31 Oct 2024 | မှုခင်း,ပြည်တွင်း