နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
သန့်ဇင် (NSS) - အောက်တိုဘာ ၃
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လိုကြောင်းအငြိမ်းစားရဲမှူးကြီးတစ်ဦးက NSS မှတစ်ဆင့် အကြံပြုပြောကြားသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပုသိမ်၊ နေပြည်တော်အပါအဝင် မြို့နယ်(၁၁)ခုတို့တွင် နိုင်ငံကူးလက် မှတ်လျှောက်ထားမှုများကို Online Booking တင်၍ QR Code စနစ်ဖြင့် နိုင်ငံကူးလက်မှတ်များကို ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးနေလျက်ရှိကြောင်း သိရသည်။ သို့သော် လိမ်လည်သူများက နိုင်ငံကူးလက်မှတ်အမြန်ရလိုသူများကို ပစ်မှတ်ထား၍ လူမှုကွန်ယက်စာမျက်နှာများဖြစ်သည့် Facebook၊ Instargam နှင့် Tik Tok စသည်တို့တွင် Page အတုများ၊ Group အတုများတွင် လိမ်လည်မှုများကိုလုပ်ဆောင်လျက်ရှိနေပြီး ၎င်းတို့အား ထိထိရောက်ရောက်အရေးယူရန်လိုကြောင်း အငြိမ်းစားရဲမှူးကြီး တစ်ဦးက အကြံပြုထားသည်။
“မကြာကြာတွေ့ရတာပေါ့ Tik Tok မှာလည်းပြောတယ်။ Youtube မှာလည်းပြောတယ်။ Facebook မှာလည်းပေါ်တင်ကြီးတွေ ပတ်စ်ပို့ပုံကြီးတွေ တင်ပြီး ဘယ်နှရက်အတွင်းလျှောက်ပေးမယ် ဘာညာပေါ့လေ။ ဒါနဲ့ပတ် သက်လို့ကတော့ ပြောရရင်တော့ အခုလိုလုပ်နေတာက သက်ဆိုင်ရာ တားဆီးနှိမ်နင်းရေးအဖွဲ့တွေကို စိန်ခေါ်နေသလိုဖြစ်နေတယ်။ ဒါကို မဖြစ်မနေအရေးယူသင့်တယ် အရေးယူမှုအပိုင်းမှာတော့ အရေးယူနိုင်တဲ့ အရည် အသွေးလိုတယ်။ နည်းပညာလိုမယ်။ အဲဒီအဖွဲ့အစည်းရဲ့ လုပ်ချင်ကိုင်ချင်စိတ်နဲ့ လိုက်နိုင်ကိုင်နိုင်မှု အဲဒါလိုတယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် PJ (Passport for Job) မှ အလည်အပတ်နိုင်ငံကူးလက်မှတ် PV (Passport for Visit) ပြောင်းလဲလျှောက်ထားမှုကို ယာယီ ပိတ်သိမ်းထားသော်လည်း ပြည်ပထွက်ခွာလိုသူများအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများရှိ အကောင့်တုများသို့ ဆက်သွယ်ကာ ပြောင်းလဲလျှောက်ထားရာမှတစ်ဆင့်လည်း အလိမ်ခံရသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားနေကြောင်း သိရသည်။ ထို့ပြင် လိမ်လည်မှုဖြစ်စဉ်များတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ လက်ရှိအမှုထမ်းအယောင်ဆောင်ခြင်းနှင့် တာဝန်ထမ်းဆောင် ခဲ့သော တာဝန်ရှိပုဂ္ဂိုလ်များအယောင်ဆောင်သည့် အယောင်ဆောင်လိမ်လည်မှုများမှာ အများဆုံး ဖြစ်ပွားခဲ့သည်ကို NSS က ရရှိထားသည့် အချက်အလက်များအရ သိရသည်။
“အဲဒီပုံယူသုံးခံရတဲ့ ကာယကံရှင်တွေကနေ တိုင်ရမှာပေါ့။ သူ့နာမည်နဲ့ သူ့ဓာတ်ပုံကိုအလွဲသုံးစားလုပ်နေပါတယ်ဆိုပြီး သက်ဆိုင်ရာကို တိုင်ရမှာပေါ့။ ရဲစခန်းမှာတိုင်လို့ရတယ်။ နောက်ပြီး ဆိုက်ဘာမှုခင်းဌာနကိုတိုင်ရမယ်။ အဲဒါကတော့ ကာယကံရှင်နဲ့ ဆိုင်သွားပြီး ကာယကံရှင်က သူ့ပုံကြီးတင်ပြီးတော့ လုပ်တယ်ဆိုတည်းကိုက ကာယကံရှင်ရဲ့သဘောတူညီမှုမရှိရင်လုပ်လို့မရဘူးလေ။ အဲလောက်ထိလုပ်နေရင် ကာယကံရှင်ကငြိမ်နေရင် သူပါအလိုတူအလိုပါဖြစ်သွားမှာပေါ့”ဟု အငြိမ်းစားရဲမှူးက ဆိုသည်။
အထက်ပါကဲ့သို့ နည်းလမ်းမျိုးစုံဖြင့် လိမ်လည်နေသော လူပုဂ္ဂိုလ်၊ အဖွဲ့အ စည်းများအသုံးပြုသည့် လူမှုကွန်ယက်များအား တားဆီးအရေးယူနိုင်ခြင်းမရှိသေးသည်ကိုလည်း လိမ်လည်ခံရသူများက NSS မှတဆင့် မေးခွန်း ထုတ်ပြောဆိုမှုများရှိနေသည်။ နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံကူးလက်မှတ်လျှောက်ထားသူ အများဆုံးရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး လိမ်လည်ခံရသူများလည်း တစ်ရက်လျှင် (၃)ဦးထက်မနည်းရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
RELATED POSTS
06 Nov 2024 | မှုခင်း,ပြည်တွင်း
01 Nov 2024 | မှုခင်း,ပြည်တွင်း
01 Nov 2024 | မှုခင်း,ပြည်တွင်း
31 Oct 2024 | မှုခင်း,ပြည်တွင်း