တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
ယွန်း (NSS) - အောက်တိုဘာ ၂
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာဒေသခံစီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ပို၍အထိနာနေရကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က NSS ကို ပြောသည်။
(၂၀၂၁) ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပြည်တွင်း၌ လမ်းပန်းဆက်သွယ်ရေး အပါအဝင် စီးပွားရေးလုပ်ငန်းများ၌ ထိခိုက်ခဲ့ရပြီး ရပ်နားခဲ့ရသည့် စီးပွားရေးလုပ်ငန်းများလည်း ရှိနေကြောင်း သိရသည်။ (၁၀၂၇) စစ်ဆင်ရေးနောက်ပိုင်း တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ဖြစ်ပွား လျက်ရှိသည့် လုံခြုံရေးအခြေအနေများကြောင့် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း အပါအဝင် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ခဲ့ရပြီး ကုန်စည်စီးဆင်းမှုများလည်း ရပ်တန့်ခဲ့ရသည်။
ထို့ပြင် နိုင်ငံတော်အနေဖြင့် သွင်းကုန်လိုင်စင်ကန့်သတ်မှုများနှင့်အတူ နိုင်ငံရေးမတည်ငြိမ်မှုများ ကြောင့် သွင်းကုန်တင်သွင်းနိုင်ရေးတွင်လည်း အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ “တိုက်ပွဲတိုင်းမှာတော့ ပြည်သူတွေ အထိနာကြပါတယ်။ (၁၀၂၇) စစ်ဆေးရေးမှာ ဒုတိယအကြိမ် ထပ်ဖြစ်တဲ့ တိုက်ပွဲမှာ အဲဒီဒေသကလူတွေ ပိုပြီးအထိနာကြတယ်။ (၁၀၂၇) အစ နယ်စပ်တွေမှာ ဖြစ်တဲ့အချိန်တုန်းကတော့ သွင်းကုန်တွေဘာတွေမှာ ဂယက်ရိုက်တာပေါ့။ ဒါပေမဲ့ ဒုတိယအကြိမ် တိုက်ပွဲမှာတော့ ဒီဘက်မှာ ဂယက် ရိုက်တာထက်စာရင် အဲဒီဒေသကလူတွေက ပိုပြီး ဂယက်ရိုက် လာကြတယ်။ အကျိုးဆက်ကတော့ ဘယ်လိုမှမကောင်းပါဘူး” ဟု စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒေသတွင်း ကုန်သွယ်ရေးလမ်းကြောင်းများပိတ်နေသည့်အတွက် လမ်းကြောင်းသစ်များဖော်ဆောင်ကာ ကုန်သွယ်နေ သော်လည်း အခက်အခဲများရှိနေကြောင်း ဒေသခံ များထံ ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။လက်ရှိတွင် လားရှိုးမြို့နယ်၌ ရုံးခွဲဖွင့်လှစ်ထားသည့် ဆောက်လုပ်ရေးလုပ်ငန်းများ အပါအဝင် စီးပွားရေး လုပ်ငန်းများ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ရပ်နားထားရကြောင်း သိရသည်။
“လားရှိုးမှာရှိတဲ့ ကုမ္ပဏီရုံးခွဲတွေ အကုန်ပိတ် ထားရတယ်။ ဒေသခံ ဆောက်လုပ်ရေးလုပ်ငန်း တွေ လည်း ရပ်ထားရတယ်။ အလုပ်သမားတွေပြန်သွား ခေါ်ဖို့တောင် ကားခတွေ အများကြီးပေးပြီး ဂိတ် ကြေးတွေပေးပြီး ပြန်ခေါ်နေရတယ်။ စစ်ဖြစ်တော့ လုပ်ငန်းတွေအကုန်ရပ်ထားတယ်။ လားရှိုးကို သွား မယ်ဆိုရင် မန္တလေးဘက်ကနေ နှစ်ရက်တစ်ကြိမ် ကားလေးတွေ၊ ကားကြီးတွေ ထွက်တယ်။ စစ်တပ် ဘက်ကရော၊ တိုင်းရင်းသားဘက်ကပါ တစ်ယောက် ချင်းစစ်ဆေးတယ်။ စစ်ဆေးတာနဲ့တင် တစ်ရက် ကုန်တယ်။ မူဆယ်ကို သွားမယ်ဆိုရင် လားရှိုးကနေ တစ်ဆင့် ကားပြန်ပြောင်းစီးရတယ်။ အဓိကက တော့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတာပေါ့။ ကုန်ဈေးနှုန်းတွေကတော့ မကြီးဘူး။ ဓာတ်ဆီ တွေ ဘာတွေဆိုရင် တရုတ်ဘက်ကဝင်တယ်။ လားရှိုးမြို့ ပေါ်မှာလည်း လိုင်စင်မဲ့တွေပဲ ရှိတော့တယ်” ဟု မန္တ လေးမြို့ခံ လားရှိုးအခြေစိုက်ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထို့ပြင် ရှမ်းပြည်မြောက်ပိုင်းမှတစ်ဆင့် ကုန်ကြမ်းများတင်သွင်းနေရသည့် စက်ရုံအချို့သည် လည်း ဝန်ထမ်းစရိတ်များ ကုန်ကျမှုနှင့် လမ်းပန်း ဆက်သွယ်ရေးများကြောင့် ကုန်ကြမ်းမရရှိသည့်အတွက် ရပ်နားနေရကြောင်း သိရသည်။
(၁၀၂၇) စစ်ဆင်ရေးဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် လားရှိုးမြို့နယ်ရှိ ဒေသခံစီးပွားရေး လုပ်ငန်း ရှင်များအနေဖြင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့မှုများလာပြီး ပြောင်းရွှေ့နေထိုင်သူ(၁၀ဝ)တွင် (၆၀)မှာ ရွှေ အပါအဝင် ဒေါ်လာနှင့် အိမ်ခြံမြေများကို လိုအပ်သည်ထက်ပိုမိုဝယ်ယူမှုများရှိနေကြောင်း သိရသည်။
“ တိုက်ပွဲဖြစ်တဲ့နေရာတွေကနေ ရွှေ့လာတဲ့လူ မှန်သမျှက ဒီဘက်မှာ အိမ်ခြံမြေတွေ ပစ်ဝယ် ကြတာရှိတယ်။ ကျွန်တော်တို့ထင်တာက ရွှေ့ပြောင်းလာရတဲ့အတွက် သူတို့အနေနဲ့နည်းနည်းပါးပါး လောက်ပဲဝယ်မယ်ထင်တာ။ ဒါပေမဲ့ သူတို့ကပိုက်ဆံတော်တော်ပေါ ကြတယ်။ ရန်ကုန်မြို့မှာ လုံးချင်းနဲ့ အိမ်ပါတယ်၊ နေရာကောင်းတယ်ဆိုရင် ရောင်းတဲ့သူတောင်မရှိသလောက်ဖြစ်နေပြီ။ အဝယ်ကများ နေ တယ်။ ရွှေတွေ၊ ဒေါ်လာတွေ၊ အိမ်ခြံမြေတွေဝယ်ကြတယ်။ အခုထိတော့ ဘာစီးပွားရေးမှတော့ လုပ်တာ မတွေ့ဘူး။ ဒီ တိုင်းထိုင်နေကြတယ်။ ကျွန်တော်ထင်တယ် အရင်က သူတို့လုပ်ခဲ့တာလည်း တရားမဝင် တာတွေပဲ ဖြစ်နိုင်တယ်။ အခုလောလောဆယ်တော့ သူတို့ရဲ့ ပိုက်ဆံတွေကို ဒီဘက်မှာ သုံးလာကြတာ။ နေဖို့ဝယ်တာလားဆိုရင် နေဖို့လည်းမဟုတ်ဘူး။ သက်သက်ကို ဝယ်ထားကြတာ” ဟု အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
RELATED POSTS
02 Oct 2024 | စီးပွားရေး,ပြည်တွင်း
01 Oct 2024 | စီးပွားရေး,ပြည်တွင်း
01 Oct 2024 | စီးပွားရေး,ပြည်တွင်း
26 Sep 2024 | စီးပွားရေး,ပြည်တွင်း