အနောက်ဘက်မှရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်ကြောင့် အောက်တိုဘာ(၁)ရက်မှစ၍ ဒေသအချို့တွင် လေပြင်းတိုက်ခတ်၍ မိုးကြီးနိုင်
ယွန်း (NSS) - စက်တင်ဘာ ၂၉
အနောက်ဘက်မှရွေ့လျားလာသည့် လေပွေလှိုင်းများ၏အရှိန်ကြောင့် လာမည့် အောက်တိုဘာ(၁)ရက်မှစ၍ ဒေသအချို့တွင် လေပြင်းတိုက်ခတ်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။
မိုးဇလ၏ တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသောလေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ ဒေသအချို့တွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။
ထို့ပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်း လာမည့် အောက်တိုဘာ(၁)ရက်မှ အောက်တိုဘာ(၅)ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင် နှင့် မွန်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှ ဆိုထားသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် ရေကြီးခြင်းများဖြစ်ပေါ်နိုင်ခြင်းကြောင့် သတိပြု၍ နေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းက မိုးဇလမှထုတ်ပြန်ထားသည့် အောက်တိုဘာ လအတွက် မိုးလေဝသခန့်မှန်းချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်း သိရသည်။
အနောက်တောင်မုတ်သုံလေသည် လာမည့်အောက်တိုဘာလ ၂ ရက်မှ ၈ ရက်အတွင်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊ အောက် တိုဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နီပေါနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ရေကြီး၊ မြေပြိုမှုများကြောင့် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာဖွယ်ရှိနေ
RELATED POSTS
29 Sep 2024 | လူမှုရေး,ပြည်တွင်း
29 Sep 2024 | လူမှုရေး,ပြည်တွင်း
29 Sep 2024 | လူမှုရေး,ပြည်တွင်း
26 Sep 2024 | လူမှုရေး,ပြည်တွင်း