ရေဘေးသင့် ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ကြဦးစို့ (ဆောင်းပါး)
မြူနစ် (NSS) - စက်တင်ဘာ ၂၄
မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း (၃၃၀) ကျော်ရှိသည့်အနက် “ရာဂီ” ၏အရှိန်ကြောင့် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများသည် တိုင်းနှင့်ပြည် နယ်အသီးသီးရှိ မြို့နယ်ပေါင်း(၅၃)မြို့နယ်ထက် မနည်း တွင် ဖြစ်ပွားခဲ့သည်။ ယင်းကဲ့သို့ ရေကြီးမှုဖြစ်စဉ်များစတင်ချိန်တွင် ပြည်သူများက လာရောက် ကယ်ဆယ်ရန် အကူအညီတောင်းခံသည်များကိုလည်း အတိုင်း သား ကြားမြင်ခဲ့ရသည်။ ဝမ်းနည်း ကြေကွဲစွာဖြင့် “ခင်မာဝေ..ရေ..” ဆိုသော နောက်ဆုံးအော်ခေါ်သံ၊ “ အခု မှလာမကယ်နိုင်ရင် အသက်ဆုံးရှုံးရဖို့ ရာခိုင်နှုန်း များနေပါပြီ။ လှေနဲ့ကယ်မှအဆင်ပြေမှာပါရှင်။ လူအင်အား (၁၅၀)လောက်ပိတ်မိနေပါတယ်။ ခေါင်မိုးကျော်ပါတော့မယ်။ ကူညီကြပါလားရှင်။ ဝ၉--------- ’’ ဆိုသော အကူအညီတောင်းခံပြောဆို မှုများသည် စိတ်မကောင်းများစွာဖြစ်ရသည်။
ရေကြီးရေလျှံမှုများကြောင့် နစကမှ ထုတ်ပြန်သည့် စက်တင်ဘာ (၁၉) ရက် နံနက်ပိုင်းအထိ ရရှိခဲ့သောစာရင်းများအရ ပြည်သူ(၂၉၃)ဦး သေဆုံးခဲ့ရပြီး လူနေအိမ်(၄၄၇၁)လုံးလည်း ပျက်စီးခဲ့ရ ကြောင်း ဆိုထားသည်။ ထို့ပြင် ရေကြီးရေလျှံမှုကြောင့် လူနေအိမ်(၁၆၈၇၀၄)လုံး ရေဝင်နစ်မြုပ်ခဲ့ သကဲ့သို့ လူဦးရေပေါင်း (၁၆၁၅၉၂)ဦးသည်လည်း ရေဘေး ကယ်ဆယ်ရေးစခန်း (၄၂၅)ခုတွင် ယာယီ ရွှေ့ပြောင်းနေရလျက်ရှိသည်။
ရေကြီးရေလျှံမှုများကြောင့် နိုင်ငံတော်ပိုင် ရုံး၊ အဆောက်အအုံ (၁၁၃)လုံး၊ စာသင်ကျောင်း (၉၁၉)ကျောင်း၊ ဘာသာရေး အဆောက်အအုံ(၃၃၁)လုံးအပါအဝင် လမ်း၊ တံတား၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များလည်း ထိခိုက်ပျက်စီးခဲ့ရသည်။ နိုင်ငံ့ဝန်ထမ်းနှင့် ဆရာ၊ ဆရာမ (၉၅၀ဝ) ကျော် ရေဘေးဒဏ်ခံခဲ့ရသည်။ တိုင်ဖုန်းမုန်တိုင်း 'ရာဂီ'၏အရှိန်ကြောင့် ဖြစ်ပွားခဲ့သော နိုင်ငံအနှံ့ ရေကြီး ရေလျှံမှုသည် မြန်မာ ပြည်သူများစွာကို ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးသက်ရောက် စေသကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
ရေပြန်ကျချိန်
လက်ရှိအချိန်တွင် နိုင်ငံအနှံ့ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများသည် ပြန်လည်ကျဆင်းနေပြီဖြစ် သည်။ သို့သော် ယင်းအကြောင်းအရာသည် ဝမ်းသာစရာဖြစ်သော်လည်း ရေကြီးမှုဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သော ရုပ်ဝတ္ထုပိုင်းများသည် စိတ်ပျက်စရာဟု ဆိုနိုင်ပေသည်။
ရေပြန်ကျချိန်တွင် သေဆုံးနေသည့် ရုပ်အလောင်းများကိုတွေ့မြင်နေရသကဲ့သို့ အနှစ်နှစ် အလလ စုဆောင်းတည်ဆောက်ထားသည့် အိုးအိမ် စည်းစိမ်များသည်လည်း မူလအခြေအနေတွင်မရှိ ခဲ့ပေ။ ယင်းပြင် ကျေးဇူးရှင်တောင်သူကြီးများ၏ စပါး နှင့်သီးနှံမျိုးစုံ စိုက်ဧကပေါင်း ခုနစ်သိန်းကျော်တွင် လည်း ထိခိုက်မှုများရှိခဲ့သည်။
“ဒေသခံတွေရဲ့ အဓိကလိုအပ်ချက်ကတော့ ဆန်၊ ဆီ၊ ဆားပါ။ အဲဒါတွေကို ရေကြီးလာတဲ့အချိန် မှာ ဘာမှမသယ်နိုင်လိုက်ဘူး။ ကိုယ်လွတ် ရုန်း ထွက်ခဲ့ရတာ။ အဲဒါတွေကိုတော့ ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ မျှော်လင့်ပါတယ်။ နောက်ပြီးတော့ ဆေးဝါးတွေ၊ သောက်ရေသန့်တွေလည်း လိုပါတယ်။ အရာအားလုံး က ပျက်စီးသလိုဖြစ်သွားတာ” ဟု နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ တောင်သူတစ်ဦးက NSS ကို ပြောကြားထားသည်။
နိုင်ငံအနှံ့ဖြစ်ပွားခဲ့သော ယခုရေဘေးသည် ပြီးခဲ့သော (၂၀၂၃)ခုနှစ်တွင် မြန်မာနိုင်ငံကို ဦးတည် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ထက် လူသေဆုံးမှု ပိုမိုများပြားခဲ့သည်။ ယခုသဘာဝ ရေဘေး သည် မြန်မာပြည်သူများအတွက် ကြိုတင် ပြင်ချိန်နည်းပါးခဲ့ပြီး “မိုခါ” မုန်တိုင်းဘေးသည် ပြင်ဆင်ချိန် များစွာရရှိခဲ့သည်။
ရေဘေးအလွန် ပြန်လည်ထူထောင်ရေး
နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများသည် လက်ရှိတွင် ပြန်လည်ကျဆင်းနေပြီ ဖြစ်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စတင်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ယခု ရေဘေး ကြောင့် မြို့နယ်ပေါင်း(၅၃)မြို့နယ်ရှိ ကျေးရွာပေါင်း (၅၀ဝ)ထက်မနည်း ပိုမိုထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး တောင်သူလယ်သမားများ၏ သိန်းနှင့်ချီသော စိုက်ပျိုးဧကများစွာမှာလည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ခဲ့ရ သည်။ ထို့ ပြင် ယခုရေဘေးကြောင့် မြန်မာပြည်သူများ အနှစ်နှစ်အလလ စုဆောင်းတည်ဆောက်ခဲ့ရ သည့် အိုးအိမ်စည်းစိမ်များစွာလည်း ပျက်စီးခဲ့ရသည်။
ယခုရေကြီးရေလျှံမှုကြောင့် ရေဝင်နစ်မြုပ်ခဲ့သည့် လူနေအိမ်ပေါင်းမှာ (၁၆၀ဝဝဝ)ကျော်ရှိပြီး ထိခိုက်ပျက်စီးသွားသည့် လူနေအိမ်ပေါင်းမှာ (၄၄၇၁)လုံးအထိ ရှိနေပြီဖြစ်ကြောင်း နစက၏ (၂၀) ရက် အထိ စာရင်းများက ဆိုသည်။ ထိုသို့ ရေဘေးကြောင့် ပျက်စီးခဲ့ရသည့် အိမ်ခြေပေါင်း (၄၀ဝဝ)ကျော်ကို တစ်လုံး တန်ဖိုးလျှင် ပျမ်းမျှငွေ ကျပ်သိန်း(၁၀ဝ)ဖြင့် တွက်ဆကြည့်မည်ဆိုပါက ရေဘေးသင့်ပြည်သူ များအနေဖြင့် ငွေကျပ်သိန်း ပေါင်း (၄၀ဝဝဝ၀)ကျော် ဆုံးရှုံးခဲ့သည် ဟုဆိုနိုင်သည်။ မူလအခြေအနေ အားလုံးပျက်ယွင်းသွားခဲ့ရသည့် (၅၀ဝ) ထက်မနည်းသော ကျေးရွာများအတွက် ပြန်လည်ထူထောင် ရေးရန်ပုံငွေ အနည်းဆုံး တစ်ရွာ ကျပ်သိန်းတစ်သောင်း သတ်မှတ်လျှင် ကျေးရွာ (၅၀ဝ) အတွက် ဘီလျံ (၅၀ဝ) အသင့်ပြင်ထားရန် လိုအပ်သည်။
ကိုယ်လွတ်ရုန်းကာ ရေဘေးရှောင်ခဲ့ရသူများနှင့် ကယ်ဆယ်ရေးသမားများကိုစောင့်ဆိုင်းကာ ရေဘေးရှောင်ခဲ့ရသူများသည် ၎င်းတို့စုဆောင်းထား သည့်စည်းစိမ်ဥစ္စာများကိုသယ်ဆောင်ရန် အလွန် ခက်ခဲခဲ့မည်ဟု မှန်းဆနိုင်သည်။ အရှိန်ဖြင့် စီးဆင်း မြင့်တက်လာနေသည့်ရေဘေးကို အသက်မသေရေး ကြိုပမ်းရှောင်ရှားခဲ့ရဖွယ်ရှိသည်။
ယခုရက်ပိုင်းအတွင်း၌ပင် နိုင်ငံတော်တာ ဝန်ရယူထားသော နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံအားပေးခဲ့သည်ကိုတွေ့ရှိရသည်။ ယင်းကဲ့သို့ တွေ့ရာတွင် ၎င်းက ရေဘေးသင့်ပြည်သူများကို မူလအခြေအနေအတိုင်းဖြစ်ရန် ကူညီပေးမည်ဟု ပြော ဆိုခဲ့ဖူးသည်။
ရေဘေးကြောင့် ပျက်စီးခဲ့ရသည့် ကျေးရွာပေါင်း(၅၀ဝ)ထက်မနည်းအတွက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ကျပ် ဘီလျံ (၅၀ဝ)ထက်မနည်း အဆင်သင့်ရှိနေပါပြီလား သို့တည်းမဟုတ် တချို့တစ်ဝက် အဆင်သင့် ဖြစ်နေပါပြီလားမေးခွန်းထုတ်ချင်ပါသည်။ “ရေဘေးသင့် ပြည်သူများကို မည်သည့်ပုံစံဖြင့် မူလအခြေ အနေသို့ ရောက်ရှိရန် လုပ်ဆောင်ပေးမည်နည်း” ဟု တွေးဆ စဉ်စားမိသည်။ ရေဘေးသင့်ပြည်သူများကို ထိထိရောက်ရောက်ကူညီရန်အတွက် မည်သည့်အစီ အစဉ် ရှိနေသနည်းဆိုသည်ကို လေ့လာခွင့်ရမည်လည်းဖြစ်သည်။ ယခုအချိန်တွင် ရေဘေးသင့် ပြည်သူများအတွက် လူမှုကူညီရေးပရဟိတအဖွဲ့များက ငွေကျပ် (၁၅)သိန်းတန်နေအိမ်များကို ဆောက်လုပ်ကာ စတင်လှူဒါန်းပေးနေလျက်ရှိသည်ကို ဝမ်းသာဖွယ်တွေ့မြင်နေရပြီဖြစ်သည်။
ထို့ပြင် ရေဘေးသင့်ပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးသီးနှံဧကပေါင်း ခုနစ်သိန်းကျော် ရေနစ်မြုပ်ပျက်စီးမှုရှိခဲ့သကဲ့သို့ တိရစ္ဆာန်မျိုးစုံ စုစုပေါင်းအကောင်ရေ တစ်သိန်းကျော်လည်း သေဆုံးခဲ့ ရကြောင်းသိရသည်။ ပျက်စီးခဲ့သော ဧကပေါင်းများစွာနှင့် ကျွဲ၊ နွားတိရစ္ဆာန်များအတွက် နစက အစိုးရ က မည်ကဲ့သို့ ပြန်လည်ကုစားပေးမည်ဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်သည်။
ရေဘေးကြောင့် ဧကပေါင်းများစွာ ပျက်စီး ခဲ့ရသည့် တောင်သူများအနက် အချို့သောတောင်သူ များသည် စပါးပြန်လည်စိုက်ပျိုးခြင်း မပြုလုပ်တော့ဘဲ မတ်ပဲသီးနှံကိုစိုက်ပျိုးရန် အာသီသရှိနေကြ သည်။ သို့သော် ရေဘေးကြောင့် ကိုယ်လွတ်ရုန်းခဲ့ရသော တောင်သူများသည် မျိုးစိုက်ပျိုးသီနှံများကို သယ်ဆောင်နိုင်ခြင်းမရှိခဲ့ဘဲ ရေဘေး၏ ဝါးမျိုမှု အောက်တွင်ဆုံးရှုံးခဲ့ရသည်။
“ ဒီနေပြည်တော်တစ်ဝိုက်မှာ ဧကပေါင်းက ထောင်ချီပြီးတော့ ပျက်စီးတယ်လို့ကြားတယ်။ စပါး ပင်တွေက အကုန်သေကုန်တယ်လေ။ မတ်ပဲကိုပဲ ပြန်စိုက်တော့မယ်လို့ မှန်းထားတယ်။ အဲဒီအတွက် မတ်ပဲမျိုးတွေက တော်တော်လိုပါတယ်။ မတ်ပဲမျိုး အကူအညီရရင်တော့ သက်သာမယ်။ နဂိုက မတ်ပဲ စိုက်မယ်ဆိုပြီးတော့ ချန်ထားတဲ့မျိုးစေ့တွေက ရေ နောက်ပါသွားတယ်။ ထိန်းသိမ်းနိုင်လိုက်တဲ့သူက တော်တော်လေးကို နည်းမှာပါ။ အဲဒီတော့ မတ်ပဲမျိုး ဝယ်ဖို့အတွက် ကူညီပေးစေချင်တယ်။ ထောက်ပံ့ ပေးစေချင်တယ်” ဟု နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တောင်သူတစ်ဦးကပြောသည်။
ယခုကဲ့သို့ နိုင်ငံအနှံ့ဖြစ်ပွားခဲ့သော ရေဘေးအတွင်း ကလေးငယ်များအပါအဝင် ပြည်သူလူထုရာနှင့်ချီကာ အသက်ဆုံးရှုံးခဲ့ရပြီး ရေဘေးဒဏ်ကိုလည်း အပြင်းအထန်ခံစားခဲ့ကြရသည်။
ထို့ကြောင့် ရေဘေးသင့်ပြည်သူများအား စိတ်ပိုင်းဆိုင်ရာခွန်အားပေးမှုများကိုလည်း လုပ်ဆောင် ရန်လိုအပ်သည်။ ရေဘေးသင့်ပြည်သူများ တွေ့ကြုံခံစားခဲ့ရသည့် ချောက်ချားဖွယ်ရာဖြစ်ရပ်များ၊ ဝမ်း နည်း ကြေကွဲမှုဖြစ်စဉ်များကို ပြန်လည်ကုစားပေးသင့်သည်။
ပြန်လည်ထူထောင်ရေးကာလတွင် နစက လုပ်သင့်သည့်အရာ
ယခုလက်ရှိတွင် နိုင်ငံတော်အစိုးရ တာဝန်ယူထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါ အဝင် သက်ဆိုင်ရာအစိုးရအဖွဲ့ အကြီးအကဲများသည် ရေဘေးသင့်ဒေသများသို့ ကွင်းဆင်းကာ သွားလာ လှုပ်ရှားမှုနေများကို တွေ့မြင်ရသည်။ အားပေးမှုများ၊ လိုအပ်သောအကူအညီများ ဖြည့်ဆည်းပေးနေမှုကို လူမှုကူညီရေးပရဟိတအဖွဲ့များနှင့်အပြိုင် တွေ့ရသည်။
ရေဘေးသင့်ပြည်သူများ၏ လူမှုဘဝ ပြန်လည်ထူထောင်ရေးအတွက် အစိုးရအနေဖြင့် သဘာဝ ဘေးကြောင့် ပျက်စီးခဲ့ရသည့် လူနေအိမ်များကို ပြန်လည်ပြုပြင်ပေးခြင်း၊လယ်ယာမြေများကို ပြန်လည် ထွန်ယက်စိုက်ပျိုးပေးခြင်း၊ ငွေကြေးအရင်းအနှီး မတည်ပေးခြင်းနှင့် စိတ်ခွန်အားပေးခြင်းတို့ကို အမြန် ဆုံးလုပ်ဆောင်သင့်သည်ဟု လွှတ်တော်အမတ်ဟောင်း ဦးစိန်ဝင်းက NSS ကို သုံးသပ်ပြောဆိုထားသည်။
“အဓိကတော့ သူတို့နေရာ၊ သူတို့ဒေသမှာ ပြန်လည်နေထိုင်နိုင်ဖို့အတွက် အရမ်းအရေးကြီး တယ်။ ရေဘေးသင့်ပြည်သူတွေကို အိမ်ဝိုင်းမရှိတဲ့ သူတွေကိုတော့ အိမ်ဝိုင်းပေါ့။ ရှိရင်တော့ ကိစ္စမရှိဘူး။ အိမ်မရှိတဲ့သူကို အိမ်တည်ဆောက်ပေးရမယ်။ နောက်တစ်ချက်က တောင်သူတွေကို မျိုးစေ့မျိုးဆန်ပေါ့။ သူတို့ဒေသနဲ့ကိုက်ညီတာတွေကို အစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့လိုတယ်။ နောက်တစ်ချက်ကတော့ သူတို့မှာ ဘာမှပိုက်ဆံမှမရှိတာ အလိုလိုမှ ကျေးလက် လူထုက ပိုဆင်းပါတယ်ဆိုမှ အခုလို ရေကြီး ပြီးတော့ ရေတွေမြုပ်တဲ့အခါကျတော့ သူတို့မှာ ဘာမှကျန်မှာ မဟုတ်ဘူး။ တော်တော်ကို အခြေအနေ ဆိုးတယ်။ အဲဒီဟာကို ကုစားဖို့ဆိုတာကလည်း တစ်ဖက်က သူတို့နဲ့ သင့်တော်တဲ့ ငွေရေးကြေးရေး မတည်မှုတွေကို လုပ်ပေးသင့်တယ်” ဟု ဦးစိန်ဝင်းက အကြံပြုထားသည်။
ထို့ပြင် ရေဘေးဒဏ်ကြောင့် ပျက်စီးခဲ့သော လယ်ယာမြေများကို အစိုးရအနေဖြင့် မြေပြုပြင်ခြင်း၊ အခမဲ့ထွန်ယက်ပေးခြင်းများကိုလည်း စောလျင်စွာဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက ဆက် လက် အကြံပြုထားသည်။
“ အစိုးရအနေနဲ့ မြေပြင်တဲ့လုပ်ငန်းတွေကို အမြန်ဆုံးဆောင်ရွက်ပေးသင့်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆောင်းသီးနှံက ချက်ချင်းရောက်လာတော့မှာ။ အောက်တိုဘာ သီတင်းကျွတ်ဆိုရင် ဆောင်း သီးနှံ စစိုက်ပြီ။ အဲဒီအချိန်မှာ အစိုဓာတ်မိအောင်စိုက်ရတာ။ အစိုဓာတ်မမိဘူးဆိုရင် ဆောင်းသီးနှံက ပျက်ရော။ အချိန်အရေးကြီးတယ်။ အဲဒါကြောင့် အန်ကယ်ကတော့ ရေဘေးသင့်တဲ့ရွာတွေကို ဘယ်သူ ဘယ်နှဧက ထွန်မလဲ။ လာထွန်ပေးမယ်။ အစိုးရမတတ်နိုင်ဘူးဆိုရင် နှစ်ရှည်ချေးငွေတွေနဲ့ ထား ပေးလိုက်။ ဘာဖြစ်လို့လဲဆိုရင် ဒါက ထိရင် ဘယ်သူတွေထိမလဲဆိုရင် တစ်နိုင်ငံလုံး ထိခိုက်သွားမှာ။ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် ဒီလယ်ယာကဏ္ဍရဲ့ထုတ်လုပ်မှုကို အားလုံးက မှီခိုနေရတာဖြစ်တဲ့ အတွက် ဒီဟာကို ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး အစိုးရက ခပ်ပေါ့ပေါ့လုပ်မယ်ဆိုရင် လာမယ့်နွေရာသီမှာ ငြိသွားမှာ။ မြေရာပြုပြင်ထွန် ယက်တာတွေကို အစိုးရအနေနဲ့ အခမဲ့ဆောင်ရွက် ပေးသင့်တယ်” ဟု အမတ်ဟောင်းဦးစိန်ဝင်းကဆိုသည်။
အလားတူ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးသင့်ဒေသများနှင့်ပတ်သက်၍ လုပ်ဆောင်သင့်သည့်ကိစ္စများကို NSS မှတစ်ဆင့် အကြံပြုပြောဆိုထားသည်။
“ နိုင်ငံတော်က ထောက်ပံ့ပေးနိုင်မယ့် တည်ဆောက်ရေးပစ္စည်းသုံး လုပ်ငန်းတွေရှိမယ်။ လယ်ယာလုပ်ငန်းခွင်ဆိုရင် ပြန်လည်ထွန်ယက် ပေးတာတို့ဘာတို့စသဖြင့်ပေါ့။ လယ်ယာသုံးလုပ်ငန်း ပစ္စည်းတွေကို အကုန်ထည့်ပေးရမှာပေါ့။ ဓာတ်မြေ ဩဇာအစုံပေါ့။ တကယ်လို့ လယ်ယာနဲ့ပတ်သက်လို့ မြေလွှမ်းသွားတယ်၊ ရေလွှမ်းသွားတယ်ဆိုရင်လည်း မြေရာပြန်တိုင်းတာပေးတာတို့က အစ၊ မျိုးစေ့တွေ ရောလုပ်ပေးရမှာပေါ့။ ဒါကတော့ ပြန်လည်ထူထောင် ရေးအပိုင်းနဲ့ဆိုင်တယ်။ အဲဒီမှာ နိုင်ငံတော်က ဘယ် လောက်အထိ ဒီဒေသကို ဒုက္ခဖြစ်တဲ့ဒေသပေါ့ဗျာ။ သဘာဝဘေးဒဏ်ခံရတဲ့ဒေသအဖြစ် သတ်မှတ် ပေးမှာလဲ။ သတ်မှတ်ပေးတာနဲ့လျော်ညီတဲ့ နစ်နာကြေး ဘယ်လောက်ပေးမှာလဲ။ ဒါလည်း ပေးရမယ်။ နိုင်ငံတော် အပိုင်းကပေါ့။ ပြန်လည်ထူထောင်နိုင်ဖို့ ပေးပြီ။ ဥပမာ အိမ်တစ်ဆောင်ကို ဘယ်လောက်ပေး တယ်ပေါ့ဗျာ။ စက်ရုံတစ်ရုံဆိုရင် ဘယ်လောက် ပေးတယ်ပေါ့ဗျာ။ ဒါလေးတွေကိုပေးဖို့ နိုင်ငံတော်က ကမကထ ပြုရမှာပေါ့” ဟု ဒေါက်တာ အေးမောင်ကဆိုသည်။
ဆက်လက်ပြီး ရန်ကုန်တိုင်း၊ ပြည်သူ့ပါတီ ဥက္ကဋ္ဌဦးလှဌေးကလည်း လက်ရှိတွင် တိုင်းပြည်၏ နိုင်ငံရေးသည် ပျက်စီးနေသကဲ့သို့ သဘာဝဘေး အန္တရာယ်ကြောင့်ပါ ပြည်သူလူထုအနေဖြင့် ပျက်စီးမှု များစွာ ကြုံတွေ့နေရပြီး ယင်းကဲ့သို့အခြေအနေများကို ပြန်လည်ကောင်းမွန်ရေးဖန်တီးပေးရန် လက်ရှိ အစိုးရတွင်တာဝန်ရှိကြောင်း NSS ကို သုံးသပ်ပြောကြားထားသည်။
“ လောလောဆယ်အခြေအနေကို ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ အခြေအ နေက နိုင်ငံရေးလည်း ပျက်စီးသွားတယ်။ တိုင်းပြည် အခြေအနေလည်း ပျက်စီးသွားတယ်။ သဘာဝ ဘေး အန္တရာယ်ကြောင့်လည်း ပြည်သူလူထုက ပျက်စီးမှုတွေ အများကြီးကြုံရတယ်။ အဲဒီလိုဖြစ်တဲ့ အခါကျတော့ ပြည်သူတွေ အဲဒီလိုအခြေအနေမျိုးနဲ့ ကြုံ ကြိုက်တယ်ဆိုရင် ပြည်သူလူထုအတွက် အခြေအနေ ကောင်းတွေကို ပြန်လည်ဖန်တီပေးဖို့ နံပါတ်တစ် တာဝန်သည် တာဝန်ယူထားတဲ့ လက်ရှိအစိုးရရဲ့ တာဝန် ဖြစ်မယ်။ နံပါတ်နှစ်အနေနဲ့ကတော့ ကျွန်တော်တို့ ပြည်သူလူထုနဲ့ လူထု ကြားက ပေါက်ဖွားလာတဲ့ အဖွဲ့အစည်းတွေရဲ့ ဝန်းရံပူးပေါင်းဆောင်ရွက်ရမယ့်အခြေအနေရှိတာပေါ့ နော်” ဟု ဦးလှဌေးကပြောသည်။
လက်ရှိတွင် နစကအစိုးရအနေဖြင့် ရေဘေးကြောင့် ပျက်စီးခဲ့ရသည့် အဆောက်အအုံ၊ နေအိမ် များအတွက် ထောက်ပံ့ကြေးပေးရန် တွက်ချက် မှုများပြုလုပ်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ဖွင့်ဟပြောဆိုထားသည်။
“ အတတ်နိုင်ဆုံးခင်ဗျားတို့ မူလအခြေအနေအတိုင်းဖြစ်အောင်တော့ ကျွန်တော်တို့ကူညီပေး ပါမယ်။ သေဆုံးမှုအတွက်လည်း လူမှုဝန်ထမ်း ဝန်ကြီးဌာနကနေပြီးတော့ လျော်ကြေးတွေပေးတယ်၊ နောက် ဒဏ်ရာရတဲ့သူတွေကိုလည်း၊ နောက်တစ်ခါ ဆေးကုသမှုအတွက် ထောက်ပံ့ကြေးတွေပေးသလို၊ ပျက်စီးသွားတဲ့အဆောက်အအုံတွေအတွက်လည်း အခု ကျွန်တော်တို့တွက်နေပါတယ်။ လုံးဝပျက် သွားတဲ့ အိမ်တွေဆိုရင် ဘယ်လိုပေးမလဲ၊ တစ်စိတ်တစ်ပိုင်း ပျက်သွားတဲ့အိမ်တွေဆိုရင် ဘယ်လို ပေးမလဲ၊ လုံးဝ ပျက်သွားတဲ့အိမ်မှာမှ တဲဆိုရင်ဘယ်လောက်ပေးမလဲ၊ ရိုးရိုးအိမ်ဆိုရင် ဘယ်လောက် ပေးမလဲ၊ တစ်ထပ်အိမ် ဆိုရင်ဘယ်လောက်ပေးမလဲ၊ နှစ်ထပ်အိမ်ဆိုရင် ဘယ်လောက်ပေးမလဲ၊ တတ်နိုင် သလောက် ကျွန်တော်တို့ပေးပါမယ်” ဟု နစကဥက္ကဋ္ဌကပြောသည်။
ရေဘေးသင့်ပြည်သူများ လုပ်ဆောင်ရမည့်အရာ
သဘာဝဘေးနှင့်ပတ်သက်၍ ထိခိုက် ပျက်စီးမှုများကို ပြည်သူလူထု၊ လူမှုကူညီရေးအဖွဲ့ များအပါအဝင် အစိုးရက ကူညီထောက်ပံ့မှုများပြုလုပ် ပေးနေမှုနှင့်အတူ ရေဘေးသင့်ပြည်သူများ ကလည်း တတ်နိုင်သည့်လုပ်ငန်းဆောင်တာများကို ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။
လက်ရှိတွင် နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများသည် ပြန်လည်ကျဆင်းနေပြီဖြစ် သည့်အတွက် ရေဘေးသင့်ပြည်သူများအနေဖြင့် လူမှုဘဝပြန်လည်ရပ်တည်နိုင်ရေးအတွက် တတ်နိုင်သ မျှ ကြိုးစားအားထုတ်ရန်လိုအပ်ကြောင်း လွှတ်တော် အမတ်ဟောင်း ဦးစိန်ဝင်းက တိုက်တွန်းထားသည်။
“ရေဘေးလာကယ်တယ်ဆိုတာ ခဏ အတိုင်းအတာတစ်ခုပဲ ရှိတယ်လေ။ အရေးကြီးတာက သူတို့ရဲ့အတွင်းအားပဲ။ အပြင်အားကတော့ ခဏပဲ။ အတွင်းအားက ဘာလုပ်ရမလဲဆိုတော့ သူတို့ကိုယ် တိုင်က ငါတို့ ဒီလိုဒီလိုဖြစ်သွားပြီ။ ပြီးသွားပြီ။ ငို လည်း ငိုပြီးပြီ။ ငါတို့ဘဝ ပြန်လည်ရပ်တည်နိုင်ရမယ် ဆိုတဲ့ စိတ်ခွန်အားတွေရှိရမယ်။ အခု အန်ကယ်လိုက် ကြည့်တယ်။ လိုက်ကြည့်တဲ့နေရာမှာ အိမ်တွေက ဘာမှရှင်းထားတာမရှိဘူး။ အမှိုက်တွေ၊ ဘာတွေ၊ ညာ တွေကိုလည်း တစ်ဖက်က ရှင်းရမယ်။ ကိုယ့်ဝိုင်း ကို ကိုယ်ရှင်းရမယ်။ ကိုယ့်အိမ်ကို ကိုယ်သန့်ရှင်းရေး လုပ်ရမယ်။ ဒါတွေမလုပ်ရင် ရေရှည်မှာ အဲဒီနေရာ တွေက ဝမ်းရောဂါတွေဖြစ်ပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်စရာ အများ ကြီးရှိတယ်။ ရေဘေးသင့်ပြည်သူတွေကိုယ်၌ကလည်း ဘဝပြန်လည်ရပ်တည်ဖို့ ကြိုးစားသင့်တယ်” ဟု ဦးစိန်ဝင်းက ပြောသည်။
တောကြောင်များကို ဖော်ထုတ်အရေးယူပါ
နိုင်ငံတစ်ဝန်းကြုံတွေ့ခဲ့ရသည့် ရေကြီး ရေလျှံမှုများနှင့်ပတ်သက်၍ ရေဘေးသင့် ပြည်သူများကို ပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းများ၊ ဘဏ် များ၊ ပရဟိတအဖွဲ့များက အားကြိုးမာန်တက် ကူညီခဲ့ကြ သည်ကို ဝမ်းသာအားရတွေ့ပြီး လက်ရှိအချိန် အထိပါ ကူညီမှုများကို မြှင့်တင်နေဆဲဖြစ်သည်။
ထိုသို့ ရေဘေးသင့်ပြည်သူများကို လူအများက တစ်ခဲနက်ကူညီနေကြချိန်တွင် ရေဘေး အကြောင်းပြကာ လိမ်လည်အလှူခံနေသည့် လူမှု ကွန်ရက်စာမျက်နှာများကို အများကြားတွင်တွေ့ရ သည်။ အလိမ်ခံရသည့် လူပုဂ္ဂိုလ်များထဲတွင် အနုပညာရှင်များပါဝင်ခဲ့သကဲ့သို့ ပြည်သူအချို့လည်း ပါဝင်ခဲ့သည်ကို တွေ့ရှိရသည်။
ရေဘေးသင့်ပြည်သူများကို ကူညီရန် လူအများက တစ်ခဲနက်အားထုတ်ကြိုးပမ်းနေချိန်တွင် ကိုယ်ကျိုးအတွက် လိမ်လည်အလှူခံနေသည့် တောကြောင်များကို နစကအစိုးရအနေဖြင့် ဖော်ထုတ်ကာ ပြင်းပြင်းထန်ထန်အရေးယူသင့်သည်။
“ အဲဒီလိုလူတွေကို အရေးယူသင့်ပါတယ်။ တကယ်လည်း မျက်မြင်တွေ့နေရတာတွေရှိတယ်။ အားလုံးကလည်း သဒ္ဓါတရားကောင်းလွန်းတာကို ခု တုံးလုပ်ပြီးလိမ်ကြတာပါ” ဟု ရေဘေးသင့်ပြည်သူများကိုကူညီနေသည့် လူမှုကူညီရေးအသင်း တစ်သင်းမှ တာဝန်ရှိသူက NSS ကို ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
RELATED POSTS
04 Oct 2024 | ဆောင်းပါး,နိုင်ငံတကာ
03 Oct 2024 | ဆောင်းပါး,နိုင်ငံတကာ
03 Oct 2024 | ဆောင်းပါး,နိုင်ငံတကာ