ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
ချယ်ရီ (NSS) - စက်တင်ဘာ ၂၁
ရာဂီအရှိန်ကြောင့် ရေတိုက်စားပျက်စီးခဲ့ရသော ရန်ကုန် - မန္တလေး ရထားလမ်းမကြီးတွင် ရထားအမြန်ဆုံး ပြေးဆွဲနိုင်ရေးအတွက် ပစ္စည်းအင်အား၊ လူအင်အားသုံးပြီး အင်တိုက်အားတိုက် လုပ်နေကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ အချက်အလက်များအရ သိရသည်။
အဆိုပါ ရထားလမ်းပိုင်းအတွင်း ရှိ နေရာများတွင် ထိခိုက်မှုများဖြစ်ပွားပြီးနောက် ပြင်ဆင်ရေးလုပ်ငန်းများကို အမြန်ဆုံး စတင်ဆောင်ရွက်နေခြင်း ဖြစ်ကာ မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းနှင့်တံတားများ ပြင်ဆင်မွမ်း မံမှုကို လူအင်အား၊ ပစ္စည်းအင်အား၊ ထိရောက်သော ထောက်ပံ့ပို့ဆောင်ရေးအစီအစဉ်တို့ဖြင့် စနစ်တကျ စီမံကြီးကြပ်ဆောင်ရွက်နေခြင်း ဖြစ်နေကြောင်း သိရသည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ရန်ကုန်မှ မန္တလေးအထိ လူစီး ရထားများ၊ ကုန်ရထားများ ဆောလျင်စွာ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် လမ်းပိုင်းအား အမြန်ဆုံးပြုပြင်ဆောင်ရွက်နေခြင်း ဖြစ်သည်။ စက်တင် ဘာလ ၁၈ ရက်မှစတင်ကာ တပ်ကုန်းနှင့် သာစည်အကြား ရေတိုက်စားခံခဲ့ရသည့် နေရာအချို့ကို ပြုပြင်ပြီးနောက် တစ်လမ်းမောင်းစနစ်ကို အသုံးပြုနိုင်ပြီဖြစ်သဖြင့် သာစည်ဘူတာတွင် ယာယီရပ်တန့်ထားရသော အစုန်ကုန်ရထား တွဲဆိုင်း (၄) ဆိုင်းနှင့် ညောင်ရမ်းဘူတာ၌ ရပ်တန့်ထားရသည့် အမှတ် (၂) အစုန်စာပို့ရထားတို့ကို ရန်ကုန်ဘက်သို့ ဆက်လက်စေလွှတ်ပေးနိုင်ပြီဖြစ်ကာ ပျော်ဘွယ်ဘူတာ၊ ပျဉ်းမနားဘူတာနှင့် ရေနီဘူတာတို့၌ ရပ် တန့်ထားသော အဆန်ကုန်ရထား (၄)စင်းတို့ကို သာစည်ဘူတာသို့ ရွှေ့ ပြောင်းပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။
တံတားချဉ်းကပ်လမ်းများ ရေတိုက်စားသွားသဖြင့် သံလမ်းများခေတ္တဖြုတ်သိမ်းပြီး ရထားလမ်းတာဘောင်များ ပြန်လည်ဆောင်ရွက်မည့်သပြေတောင်း နှင့် စမုံဘူတာအကြား တံတားအမှတ် (၆၉၁)ကို ပြန်လည်ပြုပြင်နိုင်ရေးအတွက် လိုအပ်သည်များ အမြန်ဆုံးရောက်ရှိနိုင်ရန် ဆောင်ရွက်နေကြောင်းသိရကာ စမုံနှင့်သပြေတောင်းအဆန်လမ်းပိုင်းအား စက်တင်ဘာလမကုန်မီ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ရည်မှန်းဆောင်ရွက်နေကြောင်း သိရသည်။
သာစည်နှင့်လှိုင်းတက်ကြား၊ လှိုင်းတက်နှင့် ဘုရားငါးဆူအကြားရှိ ရထားလမ်းတာဘောင်နေရာများတွင်လည်း ပြုပြင်ရေးလုပ်ငန်းစဉ်များ စသည်ဖြင့် လိုအပ်သော လုပ်ငန်းများကို ဆောင်ရွက်နေကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
RELATED POSTS
03 Oct 2024 | ခရီးသွား,ပြည်တွင်း
23 Sep 2024 | ခရီးသွား,နိုင်ငံတကာ
21 Sep 2024 | ခရီးသွား,ပြည်တွင်း