လေကြောင်းတိုက်ခိုက်မှုများက ဟူသီလက်နက်ကိုင်အဖွဲ့၏ ကုန်တင်သင်္ဘောများအား တိုက်ခိုက်မှုကို ရပ်တန့်နိုင်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတပြော
Pika (NSS) - ဇန်နဝါရီ ၁၉
ဟူသီလက်နက်ကိုင်အဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်မှုများသည် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများ တိုက်ခိုက်ခံနေရခြင်းကို ရပ်တန့်နိုင်ခြင်းမျိုးမရှိသော် လည်း ဟူသီလက်နက်ကိုင်အဖွဲ့ကို ဆက်လက်ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကပြောကြားခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့သည် အမေရိကန်ပိုင်ကုန်တင်သင်္ဘောကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ပင်လယ်နီအတွင်းရှိသော အမေရိကန်စစ်သင်္ဘောများ နှင့် ရေငုပ် သင်္ဘောများသည် ဇန်နဝါရီလ(၁၇)ရက်၊ ညတွင် ဟူသီလက်နက်ကိုင်အဖွဲ့၏ ဒုံးကျည် နှင့် ဒရုန်းပစ်လွှတ်သည့်နေရာ တစ်ဒါဇင်ကျော်ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ အမေရိကန်တပ်ဖွဲ့များ ၏ လက်တုံ့ပြန်တိုက်ခိုက်မှုများသည် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို တိုက်ခိုက်နေသော ဟူသီလက်နက်ကိုင်အဖွဲ့၏ စွမ်းဆောင်ရည်များကို ကျဆင်းစေကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ်က ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုများသည် ဟူသီလက်နက်ကိုင်အဖွဲ့ကို တားဆီးနိုင်ခြင်းရှိ၊ မရှိဆိုသည့်အချက်ကို ဂျိုးဘိုင်ဒန်က ပြန်လည်တုံ့ပြန်ဖြေဆိုခဲ့ကြောင်းလည်းသိရသည်။ဂျိုးဘိုင်ဒန်က "ဒီတိုက်ခိုက်မှုတွေက ဟူသီလက်နက် ကိုင်အဖွဲ့ကို တားဆီးနိုင်မှာလားဆိုတော့ တားဆီးနိုင်မှာမဟုတ်ပါဘူး။ သူတို့က တိုက်ခိုက်မှုတွေကို ဆက်လုပ်နေမှာသေချာပါတယ်"ဟု ပြောဆိုခဲ့သည်။
ဂျိုးဘိုင်ဒန်၏ ပြောဆိုချက်များထွက်ပေါ်လာပြီးနောက် နာရီပိုင်းအကြာတွင် အမေရိကန်တပ်ဖွဲ့များသည် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်ရန် ပြင်ဆင်ထားသော ဟူသီလက်နက်ကိုင်အဖွဲ့၏ ဒုံးကျည်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများထပ်မံလုပ်ဆောင်ခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ်ကပြောကြားခဲ့သည်။ သတိပေးမှုများရှိနေသော်လည်း ဟူသီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တို့ကို ဖြတ်သန်းသွားလာနေသည့် ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများအား ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။ အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကို ထောက်ခံသည့်အနေဖြင့် ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တကောင်းမြို့ပေါ်ရှိ မီးသတ်ရုံး Drop ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရ၍ လုံခြုံရေးအဖွဲ့ဝင် (၂)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ