ရှောင်လေဝေးဝေး စပ်ဆေးဘေး
ပြည့်ထူး (မင်းဘူး) (NSS) - အောက်တိုဘာလ ၂၉
လောကတွင် ကိစ္စရပ်အတော်များများသည် အလေ့အကျင့်(Habit)အဆင့်မှ အချိန်ကြာလာသော် ရိုးရာ(Tradition)အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲ လာတတ်သည်မှာ သဘာဝဖြစ်သည်။ အမှားအချို့ သည်လည်း ပြုလုပ်ဖန်များလာသောအခါ အမှန်အ သွင်ဆောင်လာတတ်ကြပေသည်။ ဥပမာအားဖြင့် မြွေကိုက်လျှင် ကြက်၏ရင်ကိုခွဲပြီး ကိုက်ခံရသည့် အနာကိုကပ်သောအကျင့်မှားများကို ရိုးရာအသွင်လုပ် ဆောင်နေကြသည့်အမှားများကို ထောက်ပြကြရမည် ဖြစ်သည်။
ပြည်သူများ နေ့စဉ်သုံးစွဲနေကြသော ဆေးဝါး နယ်ပယ်တွင်လည်း ခေတ်အဆက်ဆက်မှားခဲ့သော အမှားတစ်ခုမှ အလေ့အထဖြစ်သွားသည့် အလွယ်ရ ကြောက်မက်ဖွယ်ရာ သိုးယောင်ဆောင်ထားသော ဝံပုလွေတစ်ကောင်ရှိပေသည်။ ၎င်းမှာ စပ်ဆေးများ ပင်ဖြစ်သည်။
စပ်ဆေးဆိုသည်မှာ
စပ်ဆေးဆိုသည်မှာ ရောဂါ၏လက္ခဏာများကို အမြန်သက်သာစေရန် ကြားဖူးနားဝရှိသည့်ဆေးဝါး များကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ပေါင်းစပ်၍ ဆေးရောင်းချသောဆိုင်များမှ သာမန်ဆေးရောင်းချ သူများက ရောင်းချလျက်ရှိသောဆေးများဖြစ်သည်။ အချို့ဆိုင်များတွင် ဆေးများကို ကြိုတင်စပ်ထားပြီး အသင့်ထုပ်ပိုးကာရောင်းချနေသည်ကို တွေ့ရသည်။
ရောဂါလက္ခဏာသက်သာစေရန် နှံပြည်စုတ် အ မြောက်နှင့်ပစ်သကဲ့သို့ မလိုလားအပ်ဘဲ ဆေးများစွာ ပေါင်းစပ်ပေးထားလေ့ရှိကြသည်။ ယင်းဆေးများတွင် အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေး၊ စတီးရွိုက် ဆေးများ၊ ပဋိဇီဝဆေးများနှင့်အားဆေးများ ပါဝင်လေ့ ရှိပြီး ဝေဒနာကို ချက်ချင်းယူပစ်သလိုသက်သာစေ သော်လည်း ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပေသည်။ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ဈေးကွက်ထောက်လှမ်းရေးစစ်ဆေးမှု လေ့လာတွေ့ရှိ ချက်များအရ သက်တမ်းလွန် ပျက်စီးဆေးဝါးများ၊ မှတ်ပုံတင်မထားသော ဆေးဝါးများ၊ ရောဂါအတွက် သုံးစွဲရန်မသင့်သောဆေးဝါးများ ပါဝင်နေသည်ကို တွေ့ရပေသည်။
စပ်ဆေး၏ ဘေးထွက် ဆိုးကျိုးများ
စပ်ဆေးဟူသည် အကောင်သေးသော်လည်း အဆိပ်ပြင်းသည့် မြွေဆိုးတစ်ကောင်ကဲ့သို့ ဖြစ်ပါ သည်။ ၎င်းသုံးစွဲမှုမှတစ်ဆင့် အမှိုက်ကစ ပြာသာဒ် မီးလောင်ဆိုသလို ကျန်းမာရေးယန္တရားကိုပင် ဝန် ထုပ်ဝန်ပိုးဖြစ်စေသည်အထိ ထိခိုက်မှုကြီးမားနိုင်ပေ သည်။
ဥပမာအားဖြင့် စပ်ဆေးသုံးစွဲမှုကြောင့် အစာ အိမ်သွေးကြောပေါက်ပါက လူနာကို အသက်အန္တရာယ် ရှိသည်အထိဆိုးကျိုးပေးနိုင်သကဲ့သို့ ကျန်းမာရေးစောင့် ရှောက်မှုယန္တရားတွင်လည်း အရေးပေါ် သွေးသွင်းရ ခြင်း၊ ခွဲစိတ်ရခြင်း စသော ဝန်ထုပ်ဝန်ပိုးများဖြစ်နိုင်ပေ သည်။ စပ်ဆေးများကြောင့် ကျောက်ကပ်ပျက်စီးသည့် လူနာတစ်ဦးရှိပါက မိသားစုအတွင်း နာတာရှည်လူနာ တစ်ဦးကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်ကဲ့သို့ လူမှုအ သိုက်အဝန်းနှင့် ကျန်းမာရေးယန္တရားတွင်လည်း ၎င်းလူနာတစ်ဦးကြောင့် ဝန်ထုပ်ဝန်ပိုးများစွာ ဖြစ်ပွားနိုင် သည့်အတွက် လွန်စွာဘေးဖြစ်သည့်စပ်ဆေးအပြစ် များကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါ။
ဆရာဝန်များသည်ပင် လူနာကို သေချာစွာ မေး မြန်းကြည့်ရှုစမ်းသပ်စစ်ဆေးပြီးမှ ရောဂါအမည်တပ် ၍ဆေးပေးကြသော်လည်း စပ်ဆေးရောင်းသောဆေး ဆိုင်များကမူ လူနာကိုယ်တိုင်လာရောက်ခြင်း မဟုတ်ပါဘဲ လမ်းကြုံမှာ၍ ဝယ်ယူသည်ကိုပင် ရောဂါ လက္ခဏာကြားရုံမျှဖြင့် ဆေးများစပ်ပေးနေသည်မှာ များစွာအန္တရာယ်ကြီးလှပေသည်။ ၎င်းတို့၏ ဆေးဆိုင် နာမည်ကြီးစေရန် တစ်ခွက်သောက်ရုံမျှနှင့် ပျောက် သည်ဟူသောသတင်းပျံ့စေရန် မလိုလားအပ်ဘဲ ဆေးများစွာ ပေါင်းစပ်ပေးကြလေ့ရှိသည်။ ၎င်းစပ် ဆေးများတွင်ပါဝင်သည့်ပစ္စည်းများ၏ ဘေးထွက်ဆိုး ကျိုးကြောင့် နောက်ဆက်တွဲပြဿနာများစွာ ဖြစ်ပွား နိုင်သည်ကို စပ်ဆေးရောင်းချသည့်ဆိုင်ရှင်များက လည်း သတိချပ်သင့်ပေသည်။
ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးအသိ ပညာအားနည်းမှုကြောင့်လည်းကောင်း၊ ဆေးခန်း၊ ဆေးရုံ(OPD)၊ Health Care Center များသို့ သွား ရောက်ကုသရန်အချိန်မရ၍လည်းကောင်း၊ သွားရ လာရမလွယ်ကူ၍လည်းကောင်း၊ ငွေကြေးအခက်အ ခဲကြောင့်လည်းကောင်း၊ သွားရောက်နိုင်ခြင်းမရှိသည့် အတွက် ဆေးဆိုင်များမှရောင်းချသော တာဝန်ခံမှု မရှိသည့်စပ်ဆေးများကို လွယ်လင့်တကူ ဝယ်ယူသုံးစွဲ နေကြသည်ကို ရင်မောဖွယ်တွေ့ရှိရပေသည်။
စပ်ဆေးများတွင်ပါဝင်သော စတီးရွိုက်ဆေး များကြောင့် သုံးစွဲသူများ၏ခုခံအားစနစ်ကို ကျဆင်း စေကာ ရောဂါဇာစ်မြစ်အမြစ်မပြတ်ဘဲ ပိုမိုဆိုးရွားလာ စေနိုင်ပါသည်။ ရေရှည်သုံးစွဲပါက အရိုးပွခြင်း၊ အစာ အိမ်ထိခိုက်ခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည့်အပြင် လေဖြတ်ခြင်းစသည့် အန္တ ရာယ်များသာမက အသက်သေဆုံးနိုင်သည်အထိဖြစ် နိုင်သောကြောင့် ဘီလူးခေါင်းဆောင်းထားသောမင်း သားဖြစ်သည့် စပ်ဆေးကို လုံးဝမသုံးစွဲသင့်ပေ။
စပ်ဆေးများ၏အခြားအန္တရာယ်တစ်ရပ်မှာ ဆေးယဉ်ပါးမှုဖြစ်သည်။ စပ်ဆေးများတွင် ပဋိဇီဝ ဆေးများပါဝင်လေ့ရှိသောကြောင့် ၎င်းပဋိဇီဝဆေး များကို ယဉ်ပါးလာမှု(Antibiotic resistance) သည် များစွာ စိန်ခေါ်မှုများသောပြဿနာတစ်ခုဖြစ်လာနိုင်သည်ကိုတွေ့ရှိရပေသည်။ ပဋိဇီဝဆေးသုံးစွဲ ခြင်းသည် ဆေးယဉ်ပါးမှုဖြစ်စေသည့် ရေရှည်ဆိုးကျိုး သာမက လတ်တလော၌ ဆေးဓာတ်မတည့်မှု (Anaphylactic shock)ကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ မိမိနှင့်ဓာတ်မတည့်သည့်ပဋိဇီဝဆေးကိုသုံးစွဲမိပါက အရေပြားပေါ်တွင် အင်ပြင်ကဲ့သို့သော အဖုအပိမ့်များ ထခြင်း၊ ယားယံခြင်း၊ အသက်ရှူရခက်ခဲခြင်းများဖြစ် ပေါ်စေနိုင်ပြီး ဆိုးရွားပါက အသက်အန္တရာယ်ရှိသည် အထိ ဖြစ်ပွားစေနိုင်ပါသည်။
သို့ဖြစ်ပါ၍ ပဋိဇီဝဆေးများကို ဆရာဝန်ညွှန်ကြား ချက်မရှိဘဲ စည်းကမ်းမဲ့အသုံးပြုခြင်းကြောင့် ဆေး ဓာတ်မတည့်မှုနှင့် ဆေးယဉ်ပါးတီဘီရောဂါကဲ့သို့ သော အလွန်ကြီးမားသည့် ပြည်သူ့ကျန်းမာရေးပြဿနာများဖြစ်ပွားနိုင်သောကြောင့် အမှိုက်ကစ ပြာသာဒ် မီးလောင်မှုမဖြစ်စေရေးအတွက် ပဋိဇီဝဆေးများကို ဆရာဝန်လက်မှတ်ပါမှသာ ရောင်းချခြင်း၊ သုံးစွဲခြင်း များပြုလုပ်သင့်ပေသည်။ စပ်ဆေးများ၏ အခြားအန္တ ရာယ်များမှာ ၎င်းတို့ထဲတွင် မှတ်ပုံမတင်ထားသော ဆေးများ၊ သက်တမ်းလွန်ဆေးများ ပါဝင်နိုင်သည့်အ တွက် ၎င်းဆေးဝါးများ၏ အာနိသင်ပျက်ပြားနေမှုနှင့် ကင်ဆာရောဂါများဖြစ်ပွားနိုင်သည်အထိ ဆိုးကျိုးပေး နိုင်မှုများသည်လည်း သတိထားရမည့် ကျန်းမာရေး အန္တရာယ်များ ဖြစ်ပါသည်။
ခြုံငုံသုံးသပ်ရလျှင် စပ်ဆေးသောက်သုံးခြင်း သည် ရောဂါလက္ခဏာကို ယာယီသာလျှင် သက်သာ စေနိုင်ပြီး ရောဂါအမြစ်ပြတ်စေရန် ကုသမှုခံယူခြင်း မဟုတ်သည့်အတွက် ရောဂါအခြေအနေ ပိုမိုဆိုးရွား လာနိုင်သည့်အပြင် သုံးစွဲသူများအတွက် အသက် အန္တရာယ်ရှိခြင်း၊ ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် ဆေးယဉ်ပါးမှုကဲ့သို့သော စိန်ခေါ်မှုများရှိခြင်းတို့ကြောင့် အသံတိတ်လူသတ်သမားဟုပင် တင်စားရ ပေမည်ဖြစ်ပါသည်။
ထို့ကြောင့် စပ်ဆေးများသည် ဈေးနှုန်းချိုသာ၍ ဝယ်ယူရန်လွယ်ကူသော်လည်း အလွန်အန္တရာယ်ရှိ သည့်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် မျက် ခြည်မပြတ် ကြီးကြပ်ရန်လိုအပ်သလို ရောင်းချသူများ အနေဖြင့်လည်း မိမိအကျိုးအမြတ်အတွက် အခြားသူ များ တစ်ဖက် သောင်ထွန်း တစ်ဖက် ကမ်းပါးပြိုသလို ဆိုးကျိုးမဖြစ်စေရေး ရောင်းချခြင်း လုံးဝမပြုလုပ် သင့်ပါ။ သုံးစွဲသူများအနေဖြင့်လည်း ကျန်းမာရေး အသိရှိစွာဖြင့် လွန်စွာဘေးဖြစ်စပ်ဆေးအပြစ်များကို သတိချပ်ပြီး ဝယ်ယူသုံးစွဲခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါသည်။
စပ်ဆေးပပျောက်ရေး ဆောင်ရွက်သင့်သည့်နည်းလမ်များ
လွန်စွာဘေးဖြစ်၍ အပြစ်ကြီးမားသည့် စပ်ဆေး ကို လူမှုပတ်ဝန်းကျင်မှပပျောက်သွားရန်မှာ လူပုဂ္ဂိုလ် တစ်ဦးတည်း၊ အဖွဲ့အစည်းတစ်ခုတည်း၊ အစိုးရဌာန တစ်ခုတည်းမှ အောင်မြင်စွာဆောင်ရွက်နိုင်မည် မဟုတ်ပါ။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနကဲ့သို့သော လုပ် ပိုင်ခွင့်ရှိသည့်ဌာနဆိုင်ရာများ(Authorized bodies)၊ ဆေးဝါးရောင်းချသည့်လုပ်ငန်းရှင်များ (Business)၊ သုံးစွဲသူပြည်သူများ(Consumers) စသည့် ဖိုခနောင့်(၃)ခု တက်ညီလက်ညီပူးပေါင်းပါ ဝင်မှု(ABC Tripartite cooperation and collaboration) ကသာ စပ်ဆေးပပျောက်ရေး အနာ ဂတ်ဟင်းလျာကောင်းတစ်ခွက်ရရှိလာရေး ဖန်တီး နိုင်မည်မှာ အသေအချာပင်ဖြစ်ပါသည်။ လုပ်ပိုင်ခွင့်ရှိ သောဌာနများအနေဖြင့် တာဝန်အရ ဝတ်ကျေတန်း ကျေပြုလုပ်ခြင်းမျိုးမဟုတ်ဘဲ အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိ၊ အနာဂတ် ကျန်းမာရေးအမြင် တို့ဖြင့်ပြဋ္ဌာန်းထားပြီးသော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြေညာချက်များအသုံးပြု၍ စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးခြင်း၊ အရေးယူ ခြင်းများပြုလုပ်သင့် ပေသည်။
တစ်ချိန်တည်းမှာပင် ဆေးရောင်းချသူများနှင့် ပြည်သူများကို စပ်ဆေး၏အန္တရာယ်၊ လတ်တလော နှင့် ရေရှည်ဆိုးကျိုးများ၊ ပြည်သူ့ကျန်းမာရေးအပေါ် သက်ရောက်မှုများကို အသိပညာပေးခြင်းလုပ်ငန်းများ ပိုမိုအားထည့်ဆောင်ရွက်သင့်ပါသည်။ ပုဂ္ဂလိကဆရာ ဝန်များအနေဖြင့် မိမိဆေးခန်းသို့ လာရောက်ပြသ သောလူနာများကို စပ်ဆေးများ၏အန္တရာယ်များ၊ ဘေးထွက်ဆိုးကျိုးများအကြောင်း အသိပညာပေး ပြောကြားပြီး ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ဆေး များသောက်သုံးရန်တိုက်တွန်းခြင်းအားဖြင့် ပညာပေး လုပ်ငန်းစဉ်တွင် တစ်တပ်တစ်အား ပါဝင်ကြစေရေး တိုက်တွန်းလိုပါသည်။ ဆရာဝန်ညွှန်ကြားချက်လို အပ်သောဆေးဝါးမျာ(POM- Prescription Only Medicines) ကို ဆေးစာမပါဘဲ လွယ်လင့်တကူရောင်း ချနေမှုပပျောက်ရေးဆောင်ရွက်မှု၌ ဆရာဝန်များအ နေဖြင့် ဆေးညွှန်းများကို တိကျစွာရေးသားခြင်းအား ဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်မည်ဖြစ်ပါသည်။
ဆေးဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ လတ်တလောအကျိုးအမြတ်ကိုသာ ဦးတည် သည့် Profit-oriented တစ်နပ်စားအကျင့်ဆိုးများ ကိုရှောင်ကြဉ်ကာ ပြည်သူကိုရှေးရှုသည့် Public-oriented လုပ်ငန်းဖြစ်စေရေးကြိုးပမ်းခြင်းဖြင့် ကျင့် ဝတ်စောင့်ထိန်းသောလုပ်ငန်းများ (Ethical busi- ness) အဖြစ်ရပ်တည်သင့်ပါသည်။ သုံးစွဲသူပြည်သူ များအနေဖြင့်လည်း လတ်တလော ဈေးသက်သာခြင်း၊ ဝယ်ယူရလွယ်ကူခြင်း၊ လတ်တလော ရောဂါခံစားရမှုသက်သာခြင်းတို့ကိုသာကြည့်ပြီး လွန်စွာဘေးဖြစ် သောစပ်ဆေးအပြစ်များနှင့် ရေရှည်ဆိုးကျိုးများကို သတိမမူမိသည့်သုံးစွဲသူများမဖြစ်စေရေး၊ ကျန်းမာ ရေးဗဟုသုတများ၊ ပိုမိုလေ့လာဆည်းပူးသင့်ပေသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ပြည် သူလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရန် နယ်လှည့်ဆေးကုသခြင်း၊ မြို့နယ်အဆင့် ဆေးရုံများနှင့် ပြင်ပလူနာဌာနများကို တိုးချဲ့ဖွင့်လှစ် ခြင်းကဲ့သို့သောလှုပ်ရှားမှုများ စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။
နိဂုံးချုပ်အားဖြင့်ဆိုရသော် စပ်ဆေးအန္တရာယ် သည် မြန်မာနိုင်ငံတွင် လွန်စွာ အရေးတကြီးဖြေရှင်းရ မည့် ပြည်သူ့ကျန်းမာရေးကို စိန်ခေါ်လျက်ရှိသော ပြဿနာတစ်ရပ်ဖြစ်ပါသည်။ ၎င်းကို အစိုးရ၊ လုပ်ငန်း ရှင်၊ ပြည်သူလူထု တက်ညီလက်ညီ ပူးပေါင်းဆောင် ရွက်မှုဖြင့်သာ အောင်မြင်စွာတွန်းလှန်နိုင်မည်ဖြစ်ပြီး စပ်ဆေးများရောင်းချသုံးစွဲမှုပပျောက်မှသာ ကျန်းမာ ရေးဝန်ကြီးဌာန၏ရည်မှန်းချက် (၂) ရပ်ဖြစ်သည့် လူ တိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်း ရောဂါဘယကင်းရှင်းရေးကို ကြီးမားစွာစိန် ခေါ်နေသည့်အတားအဆီးကို ဖယ်ရှားနိုင်မည် ဖြစ်ပါ သည်။
သို့ဖြစ်၍ လွန်စွာဘေးဖြစ် စပ်ဆေးအပြစ်ကို မှန်ကန်စွာသိမြင်ကာ နိုင်ငံတော်အတွင်းရှိ ပြည်သူ တစ်ဦးချင်းစီမှ အမျိုးသားရေးအသိ၊ အမျိုး သားရေး သတိဖြင့် ပူးပေါင်းဆောင်ရွက်ကြရင်း စပ်ဆေးကင်း စင်ပြီး အရည်အသွေးအာနိသင်ရှိ၍ ဘေးအန္တရာယ် ကင်းရှင်းသောဆေးဝါးများသုံးစွဲနိုင်သည့် အနာဂတ် မျိုးဆက်တစ်ရပ်ကို လက်ဆင့်ကမ်းဖော်ဆောင် သွားကြပါစို့ဟု တိုက်တွန်းရေးသားအပ်ပါသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
EU ဆီ ဗြိတိန် ပြန်လာတော့မှာလား
RELATED POSTS
08 Nov 2026 | ဆောင်းပါး,ပြည်တွင်း
06 Nov 2026 | ဆောင်းပါး,နိုင်ငံတကာ
05 Nov 2026 | ဆောင်းပါး,ပြည်တွင်း
