သယံဇာတမရှိသည့်ဒေသများတွင် လက်နက်ကိုင်အဖွဲ့များရပ်တည်ရန်ခက်ခဲသည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ပြော
သန့်ဇင် (NSS) - အောက်တိုဘာ ၁၆
သယံဇာတမရှိသည့်ဒေသများတွင် လက်နက်ကိုင်အဖွဲ့များရပ်တည်ရန်အလွန်ခက်ခဲကြောင်း NSPNC ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အောက်တိုဘာ (၁၅) ရက်တွင် နေပြည်တော်၌ ကျင်းပသည့် NCA (၁၁) နှစ်ပြည့်အခမ်းအနားတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများအား ပြန်ကြည့်ပါက အဓိကအားဖြင့် သယံဇာတများနှင့် ပတ်သက်၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်ကို (၂၀၀၁) ခုနှစ်ခန့်ကပင် ခန့်မှန်းချက်များရှိခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဆိုသည်။
“သယံဇာတနဲ့ပတ်သက်ပြီးတော့မှ စစ်ပွဲတွေဖြစ်လာခဲ့တာ။ Resource War ဆိုပြီး စာအုပ်တွေရေးလာတာတွေ့ရပါတယ်။ ဒီမှာပြန်ကြည့်ရင် တိုင်းရင်းသားလက်နက်ကိုင်ဖြစ်ပွားခဲ့တဲ့ဒေသတွေပြန်ကြည့်ရင် ချင်းပြည်နယ်ကလွဲပြီးတော့ ကျန်တဲ့ပြည်နယ် နဲ့ တိုင်းတော်တော်များများမှာ သယံဇာတတွေဖြစ်ထွန်းခဲ့တာတွေ့ရပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာပြည်အလယ်ပိုင်းရှိ မကွေးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်း သံယံဇာတပေါများသည့် ဒေသများဖြစ်သည့်အတွက် ယင်းနေရာဒေသများအား အခြေခံကာ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားလာခြင်းဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဆိုသည်။
“ဒီလိုနေရာတွေကိုအခြေခံပြီးတော့မှ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားတာတွေ့ရပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားခဲ့သည်။
ထို့ကြောင့် သယံဇာတနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်သင့်သည်နှင့် ကွဲပြားမှုများဖြစ်ပေါ်စေခြင်းအပေါ် NCA (၁၁) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားနှင့်အတူ ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးဖော်ထုတ်စေလိုကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဆိုသည်။
ထို့ပြင် သယံဇာတမရှိသည့် မွန်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများမရှိကြောင်း နှင့် ပြည်နယ်၏ နှစ်စဉ် GDP သည်လည်း တိုးတက်လာသည်ကိုတွေ့ရကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားခဲ့သည်။
“ပဋိပက္ခတွေမရှိတဲ့ မွန်ပြည်နယ်ပေါ့။ မွန်ပြည်နယ်မှာက သယံဇာတလည်းမရှိဘူး။ မွန်ပြည်နယ်မှာ ပြည်နယ်ရဲ့ စီးပွားရေး GDP ဟာ တစ်နှစ်ထက်တစ်နှစ်ပိုပြီးတော့ တိုးတတ်လာတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဆိုသည်။
ထို့ကြောင့် လက်နက်ကိုင်အဖွဲ့များသည် သယံဇာတများမရှိသည့်ဒေသများတွင် ရပ်တည်ရန်ခက်ခဲကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဆိုသည်။

“ထို့အတူပဲ ချင်းပြည်နယ်မှာလည်း သယံဇာတမရှိဘူး။ သို့သော်လည်း အဲဒီမှာရှိနေတဲ့လက်နက်ကိုင်တွေ လက်ရှိ CNF နဲ့ CB ရှိတာပေါ့။ အဲဒီတော့ ဒီလိုအဖွဲ့တွေက သယံဇာတမရှိတဲ့နေရာတွေက ရပ်တည်ဖို့အလွန်ခက်ခဲတယ်။ သူတို့ဘက်ကလည်း မြို့တွေရွာတွေ ငြိမ်းချမ်း ချင်တဲ့ ဆန္ဒတွေအရမ်းဖြစ် ပေါ်နေပါတယ်။ ဒီမှာလည်း ချင်းပြည်နယ်ကို Pilot Projet အနေနဲ့ ဘယ်လိုပုံစံနဲ့ဆောင်ရွက်သွားလို့ရှိရင် ငြိမ်းချမ်းတဲ့ပြည်နယ်တစ်ခု ဖြစ်လာနိုင်မလဲ။ ချင်းပြည်မှာရှိတဲ့လူတွေကလည်း အိန္ဒိယဘက်ချမ်းမှာရှိတဲ့ မီဇိုရမ်ပြည်နယ်ပေါ့။ မီဇိုရမ်ပြည်နယ်မှာလည်း အခုနောက်ပိုင်းအရမ်းတိုးတက်တယ်။ အရင်တုန်းက မီဇိုရမ်ပြည်နယ်က ခရိုင်တစ်ခုပဲရှိတာ။ အခုပြည် နယ်ရသွားပြီ။ ဒီပေါ်မှာလည်း ချင်ပြည်နယ်မှာရှိတဲ့လူတွေက အားကျတယ်။ အဲဒီနေရာက သူများနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုရှိသလို ချင်းပြည်နယ်ကိုလည်း ဒီလိုမျိုးပေါ့။ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်စာနာထောက်ထားမှုကူညီပေးအပ်ရေးအပေါ်မှာ တိုးတက်တဲ့ဒေသတစ်ခုဖြစ်လာမှာပေါ့” ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားခဲ့သည်။
လက်ရှိမြေပြင်တွင်လည်း ကချင်ဒေသတွင် မြေရှားနှင့် အခြားသော သတ္ထုလုပ်ကွက်များနှင့်စပ်လျဉ်းသော ပဋိပက္ခများဖြစ်ပေါ်နေသည့်အပြင် မကွေးတိုင်းဒေသကြီးတွင်လည်း ရေနံလုပ်ကွက်များနှင့် အခြားသော သယံဇာများအားကိုးဖြင့် PDF တို့ ကြီးပွားနေကြကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ရွှေလုပ်ကွက်များ ထိန်းချုပ်ထားပြီးနောက် ကြီးထားလာသည့် PDF များ၏ စစ်ရေးဖော်ဆောင်မှုများနှင့် ကရင်ပြည်နယ်တွင်လည်း တရားမဝင် ရွှေနှင့် သတ္ထုတူးဖော်မှုများ အပါအဝင်သော သယံဇာများ ကြောင့် လက်နက်ကိုင်ပဋိပက္ခများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ဒဂုံတွင် မိသားစုပင်မသိဘဲ အိမ်ထောင်စုစာရင်းစာရွက်(၃)ရွက်ထွက်နေသောဖြစ်စဉ်ဖြစ်ခဲ့ပြီး အလားတူဖြစ်စဉ်မျိုး ထပ်ရှိနိုင်
RELATED POSTS
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
