အမေရိကန်ရှိ မူလတန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ကလေးငယ်များ သေဆုံး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၆
အမေရိကန်နိုင်ငံ အိုရီဂွန်ပြည်နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် အသက် (၁၆) နှစ်အရွယ် လူငယ်တစ်ဦးက ကလေးငယ် (၃) ဦးနှင့် ဆရာမတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်ပွားချိန်အတွင်းအနီးအနားရှိ လမ်းသွားလမ်းလာပြည်သူတစ်ဦး၏ ပစ်ခတ်မှုကြောင့် အဆိုပါသေနတ်သမား သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါ မသင်္ကာသူသည်အောက်တိုဘာ (၁၅)ရက်နေ့ မွန်းလွဲပိုင်းတွင် ဘန့်ဒ်(Bend)မြို့ရှိ Silver Rail မူလတန်းကျောင်း၏ ပိတ်ထားသောတံခါးများကို သေနတ်ဖြင့် ပစ်ခတ်ကာ ကျောင်းအတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဘန့်ဒ်မြို့ ရဲတပ်ဖွဲ့မှူး မိုက်ခ် ကရန့်ဇ် က ပြောကြားသည်။

၄င်းက ကျောင်းအတွင်းကိုအနောက်မှ လိုက်ဝင်သွားပြီး တုံ့ပြန်ပစ်ခတ်ခဲ့သည့် ဒေသခံပြည်သူတစ်ဦး၏ ပစ်ခတ်မှုကြောင့် အဆိုပါလူငယ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
သေဆုံးသွားသည့် ကလေးငယ် (၃) ဦးသည် အသက်(၅) နှစ်၊ (၈) နှစ်နှင့် (၁၁) နှစ်အရွယ်များဖြစ်ပြီး အသက်(၇) နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် (၅၄) နှစ်အရွယ် ဆရာမတစ်ဦးတို့သည် စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသပေးထားရကြောင်း ရဲတပ်ဖွဲ့မှူး ကရန့်ဇ်က ဆိုသည်။ အဆိုပါ တိုက်ခိုက်သူသည် ကျောင်းနှင့် တစ်စုံတစ်ရာ ပတ်သက်ဆက်နွှယ်မှု ရှိ/မရှိဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သိရသည်။

"အဓိပ္ပာယ်မရှိတဲ့ဒီလိုဆိုးရွားတဲ့အဖြစ်ဆိုးကြီး ကြုံတွေ့လိုက်ရလို့ ကျွန်တော်တို့တကယ်ကို တုန်လှုပ်ခြောက်ခြားပြီး ဝမ်းနည်းကြေကွဲရပါတယ်" ဟု ဒေသတွင်း ကျောင်းအုပ်ချုပ်ရေးအဖွဲ့၏ ထိပ်တန်းတာဝန်ရှိသူ စတီဗင် ကွတ်ခ် က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"ကျွန်တော်တို့ဒေသခံပြည်သူတွေ ခံစားနေရတဲ့ သောကကြေကွဲမှုကို ဘယ်စကားလုံးနဲ့မှ ပြည့်ပြည့်စုံစုံဖော်ပြလို့ မရနိုင်ပါဘူး" ဟု ၄င်းက ဆိုသည်။
ကျူးလွန်သူသည် ဒေသခံ အသက် (၁၆) နှစ်အရွယ် အမျိုးသားငယ်တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း၊ ၎င်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ (သို့) သေဆုံး/ဒဏ်ရာရသူများ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဆက်လက် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်ဖက်မှ သွေးမြေကျတဲ့တော်လှန်ရေးရည်မှန်းချက်နဲ့ နိုင်ငံရေးကိုသွားနေပြီး တစ်ဖက်တွင်လည်း လူထုအတွက်နိုင်ငံတော်ပြန်တည်ဆောက်နေသည်ဆိုသော အားပြိုင်မှု (၂) ခုအကြား လူထုရှိနေဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ပြော
RELATED POSTS
08 Nov 2026 | မှုခင်း,ပြည်တွင်း
07 Nov 2026 | မှုခင်း,ပြည်တွင်း
